Wednesday, November 3, 2010

ကျေးဇူးမသိ မာနမရှိတဲ့ကောင်

ကြွက်ကလေးနဲ့ကျွန်တော်
အခန်းကျဉ်းလေးထဲ
နှစ်ကောင်ထဲရယ်
ကျွန်တော်ညစာစားပြီးတိုင်း
စားပွဲအောက်ထိုးထားလေ့ရှိတဲ့
ပန်းကန်ထဲက အကြွင်းအကျန်ကို
သူလေအမြဲ လာလာဆွဲတယ်။

စွန့်လွှတ်ထားပေမယ့်
ငါ ငါ့ဥစ္စာဆိုတဲ့
မွေးရာပါ အမနုဿ
မစ္ဆရိယစိတ်ကလေးက
ကျွန်တော့် အတ္တကို
လာလာ နှောက်တယ်
သတိလေးကို နည်းနည်းချပ်
မေတ္တာဓာတ်ကလေးကပ်လိုက်မှ
သူ့အပေါ် ကျွန်တော်
ကြည်ဖြူသွားတယ်။

သူ့ကို ကျွန်တော်
အသိအမှတ်ပြုဖို့ ကြိုးစားတယ်
သူက ကျွန်တော့်ကို
အသိအမှတ်မပြုဘူး
သူ့ကို ချဉ်းကပ်တိုင်း
ကျွန်တော့်ကို ရှောင်ရှောင်ပြေးတယ်
ကျေးဇူးမသိတတ်တဲ့ကြွက်
ကိုယ့်ကိုယ်ကို
မာနရှိလို့ရှိမှန်း မသိတဲ့ကြွက်
ကဲကွာ………….။

ဒီလိုပါပဲ
တစ်ခါတလေ
မစ္ဆရိယနဲ့ယှဉ်တဲ့
လောဘကို ဘရိတ်အုပ်နိုင်ပေမယ့်
မာနနဲ့ယှဉ်တဲ့
ဒေါသကို မထိန်းချုပ်နိုင်ဘူး။ ။
the end

ဆက်ဖတ်မယ်

Monday, October 11, 2010

မိစ္ဆာဒိဋ္ဌိဆိုတာ အယူမှားမဟုတ်ပါ

ခရစ်ယာန်သူငယ်ချင်းတစ်ယောက်ရှိတဲ့ ဗုဒ္ဓဘာသာ ကျောင်းသားတစ်ယောက်က မင်းတို့ယေရှုက ထာဝရဘုရားကို မကိုးကွယ်သူမှန်သမျှ ငရဲကိုပို့တယ်ဆိုဟု ဆွမေးလေး မေးလိုက်သည်ဆို၏။ ခရစ်ယာန်ကျောင်းသားကလည်း ဘယ်ငြိမ်နေမလဲ၊ ပြန်ပြောတာပေါ့။ မင်းတို့ ဗုဒ္ဓဘာသာမှာလည်း မိစ္ဆာဒိဋ္ဌိတွေဆို ငရဲကိုပို့တာပါပဲ ဟု ဆိုသတတ်။ ဒီမှာတင်သူတို့နှစ်ယောက်ရဲ့စကား ပြတ်သွားသည်ဆိုပါတော့။ ဒီမှာ ဘာတွေ့ရသလဲဆိုတော့ ခရစ်ယာန်ကောင်လေးသာမက ဗုဒ္ဓဘာသာကောင်လေးလည်း မိစ္ဆာဒိဋ္ဌိဆိုတာကို နားမလည်ကြတာပါပဲ။ သူတို့နားလည်းထားကြတာက ဗုဒ္ဓဘာသာဘက်က မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်ရင် ဗုဒ္ဓဘာသာမှအပ တစ်ခြားဘာသာဝင်တွေအကုန်လုံး ပါသွားတယ်။ ခရစ်ယာန်ဘက်က မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်ရင် ထာဝရဘုရားမကိုးကွယ်တဲ့သူ အကုန်လုံးပါသွားတယ်။

တကယ်တော့ ဗုဒ္ဓဟာ သူ့မကိုးကွယ်ရင်မိစ္ဆာဒိဋ္ဌိတွေပဲလို့မပြောခဲ့သလို တစ်ခြားဘာသာကနေ မိမိဘာသာဆီသို့ ကူးပြောင်းကိုးကွယ်ယုံကြည့်ဆည်းကပ်လာသူတွေကိုလည်း အရင်ကကိုးကွယ်ဆည်းကပ်မြဲဖြစ်တဲ့ ဘာသာရေးဆရာကြီးတွေကိုလည်း ၀တ်မပျက် ဆက်လက်ဆည်းကပ်ကြဖို့ ပြောခဲ့ပါသေးတယ်။ ဒါတင်ဘယ်ကမလဲ ကာလာမသုတ်နဲ့ ၀ီမံသသုတ်မှာလည်း သူ့ကိုတောင် မစူးစမ်းမဆင်ခြင်၊ ပညာနဲ့ ဝေဖန်သုံးသပ်မှုမပြုဘဲ မကိုးကွယ်ကြဖို့ လူတွေကို သတိပေးခဲ့ပါသေးတယ်။ တစ်နေရာမှလည်း လူတစ်ယောက်က (ပုဏ္ဏားမျိုးနွယ်ပဲထင်ပါတယ်) ဗုဒ္ဓဆီကိုလာပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့တရားစကားကို လေးစားလိုက်နာသင့်လဲလို့မေးတဲ့အခါ ဗုဒ္ဓက အပြစ်ကင်းတဲ့ ပညာရှိတွေချီးကျူးတဲ့ ကုသိုလ်ကိုပွားများစေတဲ့ ပြီးတော့လိုက်နာသူရဲ့ လောကီ၊လောကုတ္တရာနှစ်ဖြာသောအကျိုးစီပွားကို ဖြစ်ထွန်းစေတတ်တဲ့ ပုဂ္ဂိုလ်ရဲ့တရားကို လေးစားလိုက်နာဆည်းကပ်ပါလို့ ပြောလိုက်တယ်။ ဒီတော့ အဲဒီပုဏ္ဏားက ဒီနေ့ကစပြီးတပည့်တော် အရှင်ဘုရားရဲ့တရားစကားကိုပဲ လေးစားလိုက်နာပါတော့မယ်ဘုရားလို့ ဗုဒ္ဓကိုလျှောက်တော့၊ ဗုဒ္ဓကဘာပြောတယ်မှတ်လဲ။ ဟဟ ငါ့ကောင်ရ ငါက ငါနဲ့ငါ့တရားကို ကိုးကွယ်ယုံကြည်လိုက်နာဖို့ပြောတာမဟုတ်ဘူးဟ ဒီလိုဒီလိုသဘောတွေရှိတဲ့ ပုဂ္ဂိုလ်ရဲ့တရားကို လေးစားလိုက်နာဖို့ပြောတာဆိုပြီး အထက်ကပြခဲ့ တရားသဘောကိုပဲ ပြန်ပြောပြပါတယ်။ အဲဒီအခါမှာလည်း ဒီပုဂ္ဂိုလ်က မရဘူး။ ဒီနေ့ကစပြီး အရှင်ဘုရားရဲ့တရားကိုပဲ လိုက်နာကျင့်ကြံပါမယ်ချည်းလုပ်နေလို့ ဗုဒ္ဓကမနည်းကိုပဲ ကျိုးကြောင်းဆက်စပ်ပြီးရှင်းပြလိုက်ရပါတယ်။ အော်…. ဗုဒ္ဓဟာ တော်တော်အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါလားဆိုပြီး တော်တော်လေးကို ကြည်ညိုပီတိ ဖြစ်မိပါတယ်။ တစ်ခါလာသေးတယ်၊ ၀ိနည်းမဟာဝါမှာထင်တယ်၊ ဗုဒ္ဓကရဟန်းတွေကိုပြောတယ်၊ ရဟန်းတို့တဲ့ မင်းတို့ ငါနဲ့ငါ့တရားတွေကို (ရဟန္တာမပါ) ရင်ထဲအသည်းထဲက စွဲလမ်းမြတ်နိုးကြတယ်ဆိုတာငါသိတယ်။ အဲဒီတော့ တစ်ခြားသောအယူရှိသူတွေက (ဒီနေရာမှာ တစ်ခြားသောအယူရှိသူဆိုတာ ဘာသာခြားတွေကိုပြောတာ။ သူတို့ကို ပါဠိလို တိတ္ထိလို့ခေါ်တယ်၊ မိစ္ဆာဒိဋ္ဌိတွေလို့မခေါ်ဘူး၊ ဗုဒ္ဓက မိစ္ဆာဒိဋ္ဌိတွေသာ ငရဲရောက်နိုင်တယ်လို့ဟောတယ်။ တိတ္ထိတွေ ငရဲရောက်နိုင်တယ်လို့ မဟောခဲ့ဘူး။ ဒီတော့ မိစ္ဆာဒိဋ္ဌိအယူရှိသူတွေဟာ ဘာသာခြားတွေထဲကဖြစ်နိုင်သလို၊ ဗုဒ္ဓဘာသာဝင်တွေထဲကလည်း ဖြစ်နိုင်တာပဲ။) နောက်တော့ မိစ္ဆာဒိဋ္ဌိဆိုတာကို သေသေချာချာရှင်းပြပါဦးမယ်။ အခုတော့ စောစောက စကားကိုဆက်လိုက်ရင်။ ဘာသာခြားတွေက ငါ့ကိုအပြစ်ပြောကြမယ်၊ ငါ့မကောင်းကြောင်းတွေကို ချွတ်ယွင်းသဖြင့် စွပ်စွဲပြောဆိုကြမယ်၊ ရှုတ်ချကြမယ်၊ ကဲ့ရဲ့ကြမယ်။ အဲဒီအခါမင်းတို့မှာ ဒေါသတွေ၊ မကြေမချမ်းဖြစ်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ စိုးရမ်မှုတွေ၊ ကြေကွဲခံစားမှုတွေဖြစ်လိမ့်မယ်။ အဲ…. အဲဒီလိုဖြစ်လာပြီဆိုရင် အဲဒီ ဒေါသ အစရှိတဲ့အကုသိုလ်တရားတွေက မင်းတို့ကိုပဲဖျက်စီးလိမ့်မယ်၊ အဲဒါကြောင့် ဘယ်သူတွေငါ့ကို ဘာပြောပြော မင်းတို့ရဲ့စိတ်ထဲမှာဘာမှမဖြစ်ပဲနဲ့ သည်းခံခွင့်လွှတ်တဲ့စိတ်ရှိရမယ်လို့ ဟောတော်မူခဲ့တယ်။ ပြီးတော့ ဗုဒ္ဓက နတ္ထလောကံ အနိန္ဒိတော တဲ့၊ လောကမှာ အကဲ့ရဲ့လွတ်တဲ့သူ မရှိဘူးလို့ လည်းပြောခဲ့သေးတယ်။ အဲဒီတော့ သူများတွေ ကိုယ့်ကိုပဲဖြစ်ဖြစ် ကိုယ်မြတ်နိုးကိုးကွယ်ရတဲ့ ဗုဒ္ဓအပါအ၀င် သံဃာစစ်သံဃာမှန်တွေကိုပဲဖြစ်ဖြစ် ကဲ့ရဲ့ရှုံ့ချကြရင် အဲဒါကြီးကိုကိုယ်က ခံယူကြေကွဲနေမယ်ဆိုရင် ကိုယ်ပဲစိတ်ဆင်းရဲ ဒုက္ခရောက်ရမှာပေါ့။ သူများတွေ ဘာတွေပဲပြောနေပြောနေ ကိုယ်ကတော့ သန့်စင်ခိုင်မာတဲ့ သဒ္ဓါစိတ်နဲ့ ရင်ဆိုင်သည်းခံနိုင်ရမယ်။ အဲဒါဟာ ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ၊ အသောကံ ၀ိရဇံခေမံ၊ ဆိုတဲ့ မင်္ဂလာတရားတွေနဲ့ ပြည့်စုံခြင်းပဲလို့ ဆိုချင်တယ်။ တော်တော်လေးကို ကြီးကျယ်မြင့်မြတ်တဲ့ တရားတော်တွေပဲ၊ ဘယ်လိုစိတ်ဓာတ်မျိုး ဘယ်လိုဦးနှောက်မျိုးတွေနဲ့များ ဟောခဲ့တာတုန်းဆိုပြီး ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကြီးကို တော်တော်လေး အံ့သြကြည်ညိုဖြစ်မိပါတယ်။ ဒီလိုတရားသဘောမျိုးတွေ တစ်ခြားဘယ်ဘာသာမှာမှ မရှိပဲကိုး။

မိစ္ဆာဒိဋ္ဌိ အယူမှားမဟုတ်တဲ့အကြောင်းကို ဆက်ရေးချင်ပါသေးတယ်။

ဆက်ဖတ်မယ်

Sunday, October 10, 2010

ဗုဒ္ဓ (သို့မဟုတ်) မှားတဲ့ဘက်ကလူ

အပေါ်ယံအသိရဲ့လက်ခံဖြတ်ပိုင်းထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
ရုပ်ကြမ်းကြီးနဲ့နွဲ့တဲ့ အစဉ်အလာထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အရှက်တရားတို့ရဲ့ မာယာထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
လှည့်စားတတ်တဲ့ ကြီးမြတ်မှုထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အဆောင်အယောင်တို့ရဲ့ အယောင်ဆောင်ချဉ်ခြင်းထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
လက်ခုပ်သြဘာသံတို့ရဲ့ အမှောင်အတိစီးမျောမှုထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အဖြူနဲ့အမဲကိုကျောခိုင်း
ရောင်စုံတွေနဲ့ ထင်ရာစိုင်းတဲ့ လောကကြီးထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
တကယ်တော့ သူဟာ
အရှိတရားကိုစွန့်ခွာ
အမှန်တရားထွက်ပြေးသွားတဲ့နောက်
တကောက်တကောက်လိုက်နေတဲ့
ဘုကျကျ သူပုန်တစ်ယောက်ပါ။ ။

ဆက်ဖတ်မယ်

Monday, June 28, 2010

မှော်ရုံတောမှာ မောလှပြီ


မဲမှောင်မွန်းကြပ်မှုတွေက လွတ်မြောက်ဖို့
ခက်ခဲရှုပ်ထွေးတဲ့ ထွက်ပေါက်တွေထဲ
ယောက်ယက်ခတ်တိုးဝင်ခဲ့ဖူးတယ်
လိုအင်ဆန္ဒတို့ရဲ့ ဂယက်ထမှုအတိုင်းအတာဟာ
နှိုင်းစရာရှာမရအောင် ကျယ်ပြန့်လွန်းလှပေါ့
ပင်လယ်တွေ ကျယ်ငံသလောက်
တောတောင်တွေမဲခါးလာတယ်
ဘယ်ညာလွဲမှားနေတဲ့
အဲဒီမျဉ်းပြိုင်နှစ်ကြောင်းဟာ
ဘယ်သောအခါမှ ဆုံတွေ့နိုင်တော့မလဲ


လိပ်ပြာလွင့်လောက်တဲ့အတွေးမျိုး
ရင်ထဲကို တိုးရှိုးဝင်ရောက်လာတိုင်း
ချိုရှရှကြက်သီးပေါက်ကလေးတွေ
တစ်ကိုယ်လုံးပေါ်မှာ ပြေးလျှောက်လို့
ငါ့ဝိဉာဉ်ရဲ့သွားရာလမ်းမှာ
တပ်မက်မှုတွေလောင်ကျွမ်းလို့
ငါ့စိတ်အစဉ်ကြည်လင်ခိုက်မှာ
ရက်စက်မှုတွေ လောင်မြိုက်လို့
ငါသံသယကင်းစွာ ရှုရှိုက်လိုက်တဲ့
ခပ်မိုက်မိုက် လေညှင်းလေးတွေထဲမှာ
ကြည်နူးဖွယ်ရာ အဆိပ်ငွေ့တွေဟာ
တစ်ရိပ်ရိပ်နဲ့ ငါ့ကိုလှည့်စားသွားပေါ့

နွေတစ်ရာလိုပူပြင်းတဲ့ ကန္တာရထဲမှာ
ငါဟာ ဒဏ်ရာတွေနဲ့ မောဟိုက်လို့
အစွန်းရောက် အကြမ်းဖက် သမာပတ်တွေ
ငါ့ဝိပဿနာထဲ မ၀င်ရောက်ခင်အထိ
နာကျင်ကြေကွဲခြင်းရဲ့အဆုံးကိုလျှောက်ဖို့
ခြေရာတွေ ထားခဲ့ကြပါဦး
ခံစားချက်ပုဒ်စာကို ကြက်ခြေခတ်တွေနဲ့
မရက်စက်လိုက်ကြပါနဲ့
အရှိတရားနဲ့ အဖြစ်တရားဟာ
နှလုံးသားသီအိုရီနဲ့ မြှောက်လိုက်မှ
အဖြေမှန်ဖြစ်လာနိုင်မှာပါ
အပြစ်ကင်းတဲ့ ခံစားချက်ဆိုရင်
အမှန်ခြစ်ပေးပါ
သူ့မှာ အဖြူနဲ့အမည်းပဲရှိတယ်

ဘ၀တစ်လျှောက်ရဲ့
နာကျင်ဖွယ်ရာခဏတိုင်းအတွက်
အကျည်းတန်မျက်ရည်စတွေဟာ
မခမ်းခြောက်နိုင်တော့ပါဘူး
ဒီလိုပါပဲ
မောပန်းနွမ်းလျစွာမြတ်နိုးရဖို့
ငါ့ဘ၀ဟာ ဒဏ်ရာတွေနဲ့လှပခဲ့တယ်
အခုတော့
နှလုံးသားထဲကို စီးဆင်းသွားမယ့်
အတွေးဆီးနှင်းပေါက်တို့ရဲ့
သုညဒီဂရီအောက်အေးမြခြင်းကို
တမ်းတနေမိပေါ့
ပြီးတော့
ရင်ခွင်ထဲမှာပိုက်ထားတဲ့ အမှိုက်တွေကို
ခုတ်ထွင်ရှင်းလင်းလိုက်တဲ့အချိန်မှာရမယ့်
ရိုးသားတဲ့ အနံ့အသက်မဲ့ လေပြေလေးကို
အားရပါးရရှုရှိုက်လိုက်ချင်တော့တယ်။

ဆက်ဖတ်မယ်

Friday, June 25, 2010

ဆန့်ကျင်ဘက်၏ ဖြစ်တည်ခြင်း


တစ်နေ့
သူ အိပ်မက်ထဲမှာနိုးလာတယ်
အလို…
လောကကြီက ပြောင်းပြန်ကြီးဖြစ်လို့ပါလား
ဒါနဲ့ သူ
ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တယ်
သူလည်း ပြောင်းပြန်ကြီးပဲ
ရူပဗေဒသီအိုရီအရလား
မဟုတ်ဘူး
သူ မှန်ကြည့်နေတာမဟုတ်ဘူး

မကြေနပ်လို့ သူ
စူးစူးစိုက်စိုက်ပြန်ကြည့်တယ်
လောကကြီးကိုရော
သူ့ကိုယ်သူရော
အဲ…
တဖြည်းဖြည်းနဲ့
ပြဿနာက ပါးပါးလာပြီ
စိတ်အမြင်အာရုံထဲကို
ဆန္ဒအားလေးထပ်ထည့်လိုက်တယ်
သူမြင်လိုက်တာ
ပြဿနာပါးပါးရဲ့ အခြားတစ်ဘက်က
နောက်ထပ်ပြဿနာတစ်ခု

ဟူး………
သူ စိတ်ညစ်သွားတယ်
ဒါပေမယ့်
သူ စိတ်မပျက်ဘူး
ဒုတိယပြဿနာအတွက်
အဖြေကိုရှာဖို့
သူ အကြောင်းကိုရှာတယ်
ဒါနဲ့ သူ
သူ့ကိုယ်သူပြန်မေးတယ်
အဖြေကိုသိရင်
အကြောင်းကိုသိပြီပဲ
ဘာလို့အကြောင်းကိုရှာမလဲ
အဲ… ဟုတ်ပြီ
အဲဒါအဖြေပဲ။ ။

ဆက်ဖတ်မယ်

Monday, June 21, 2010

တိမ်တွေပေါ်မှာ မင်းနဲ့ငါ


ဟင့်အင်း…
ငါမကြားရဘူး
မင့်ရင်ခုန်သံတွေ စွံ့အနေတယ်
အော်…
မင်းကမှ ရင်မခုန်တတ်ပဲ
မဟုတ်ဘူး…
မင်းက ရင်ခုန်ရကောင်းမှန်းမသိတာ
မဟုတ်သေးဘူး…
မင်း ရင်မခုံရဲတာဖြစ်ရမယ်
မင်းရဲ့ ရင်ခုန်သံကို
တစ်စုံတစ်ခု စောင့်ကြည့်နေတယ်
မင်းက ရင်မခုန်ရဲတော့
ရင်ခုန်လို့ရတယ်ဆိုတာကို မသိဘူးပေါ့
ရင်ခုန်သင့်တယ်ဆိုတာမသိတော့
ရင်မခုန်တတ်တော့ဘူးပေါ့
ရင်မခုန်တတ်တော့
မင့်ရင်ခုန်သံတွေ ထုံထိုင်းစွံ့အ ကုန်ပြီပေါ့

ဘာမှအားမငယ်နဲ့သူငယ်ချင်း
မင်းဘေးမှာငါရှိတယ်
မင်းလည်းလမ်းပေါ်ကလူ
ငါလည်းလမ်းပေါ်ကလူ
မင်းနဲ့ငါ ဘ၀တူပဲ
အသိတရားတွေနဲ့
တို့တွေရင့်ကျက်လာရင်
မင်းက ဘင်လာဒင်လုပ်
ငါက ဟစ်တလာလုပ်မယ်
အချစ်ဆုံးတွေကို ထားရစ်ခဲ့မယ်
အနီးဆုံးတွေကို အရင်ရှင်းမယ်
အဝေးဆုံးတွေကို အမီလိုက်မယ်

ကြည့်မနေနဲ့ကွာ အဲဒါ မာယာတွေ
အဖြူနဲ့အမဲကို ကာလာတွေခွဲပြီး
ဒို့ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေကြတာ
ဒီကမ္ဘာကြီးကို ငါတို့ငဲ့ကွက်နေစရာ မလိုဘူး။
ဒီမှာသူငယ်ချင်း…
ဘ၀ကိုနားမလည်ခြင်းဆိုတာ လွတ်လပ်ခြင်းပဲကွ
အသိတရားတွေ အပြစ်ကင်းကင်းနဲ့ ဆင်းရဲနေချိန်မှာ
ဟောဒီကမ္ဘာကြီးက ငါတို့ကို ချမ်းသာမပေးခဲ့ဘူး

စိမ်းလန်းခြင်းတွေကွယ်ပျောက်
ရေကြည်တွေနောက်လို့
တောချောက်နေတဲ့ ဟောဒီကမ္ဘာကြီးမှာ
အထက်ကိုမရောက်
အောက်ပြီးတော့ အောက်ရောက်
မျှော်လင့်ချက်တွေ ကုန်းကောက်ရင်း
အမောဖောက်နေခဲ့တာ မင်းနဲ့ငါ
ထပ်ကိန်းတွေနဲ့ အစားခံလိုက်ရတဲ့
ငါတို့ရဲ့ အဖြူရောင်သက္ကရာဇ်တွေဟာ
နောက်တစ်ခါ စင်ကြယ်ဖို့ မလွယ်တော့ဘူးကွ

အား ……….
မင်းကိုချစ်ရတာ
ခံတွင်းပျက်တယ်၊ ရေငတ်တယ်၊ ရင်ခါးတယ်
လွင့်ပစ်လိုက်တော့
မင်းရင်ထဲက ကြိမ်နှုန်းမဲ့ အီးစီဂျီကို
အသက်ရှင်ပြီး ရင်ခုန်သံမဲ့နေတဲ့ဘ၀တွေကို
ငါ မခံစားနိုင်တော့ဘူးကွာ။ ။

ဆက်ဖတ်မယ်

Wednesday, June 16, 2010

အမှားများနှင့်ရင်ဖွင့်ခြင်း


အကောင်းမြင်သဘော ရှိသောသူတို့သည် အမှားများမှ သင်ခန်းစာယူကြမြဲဖြစ်သည်။ မိမိအမှားကြောင့် ဘယ်တော့မှ စိတ်ပျက်မသွား။ ကျွန်ုပ်မှာ ကျင့်ဆဲသေက္ခ ဖြစ်သောကြောင့် အမှားများမှသင်ခန်းစာ ယူရကောင်းမှန်းသိသော်လည်း အမှားလုပ်မိတိုင်း အနည်းငယ် စိတ်ထိခိုက်တတ်၏။ ထို့အတွက် ကျွန်ုပ်တွင် အားပေးနှစ်သိမ့်သူများ လိုအပ်၏။

တစ်ချို့သောသူတို့သည် အကြောင်းတိုက်ဆိုင်လာလျှင် မိမိခံစားချက်များကို ရင်ဖွင့်တတ်ကြသည်။ မိမိစိတ်ကျန်းမာရေးအတွက် ရင်ဖွင့်ခြင်းမှ ရရှိလာသော အားပေးနှစ်သိမ့်မှုများသည် အလွန်အရေးကြီးလှ၏။ ကျွန်တော့်ဘ၀တွင်လည်း ကျွန်တော့်ခံစားချက်များအတွက် ရင်ဖွင့်စရာများစွာရှိသည်။ အကြောင်းတိုက်ဆိုင်တိုင်းလည်း ဖွင့်ခဲ့ဖူး၏။ သို့သော် ကျွန်တော့်ရင်ဖွင့်သံကို နားထောင်သူတော်တော်များများသည် (ရင်ဖွင့်တာကိုနားမလည်၍လားမသိ) ဟားတိုက်ရယ်မော၍တစ်မျိုး၊ ပြစ်တင်ရှုံ့ချ၍တစ်သွယ်၊ မကြည်ကြည့် ကြည့်၍တစ်နည်း၊ ဆန့်ကျင်ကန့်ကွက်၍တစ်ဖုံ တုံ့ပြန်ကြမြဲဖြစ်သည်။

အနည်းငယ်သော (မှတ်မှတ်ရရ နှစ်ယောက်) နားထောင်သူတို့၏ ကျေးဇူးကြောင့် ရင်ဖွင့်ခြင်း၏ အရသာကို ကျွန်တော်ကောင်းကောင်းနားလည်ခဲ့၏။ အပြုသဘောတုံ့ပြန်မှုရသော ရင်ဖွင့်ပြီးစအချိန်၌ မိမိတွင်ဘာအပူအပင်အရှုပ်အထွေးမှမရှိ။ တစ်ကိုယ်လုံး လေထဲမြောက်တက်သွားသလို ပေါ့ပါးလွတ်လပ်စွာ ခံစားရ၏။ ထို့ကြောင့် ရင်ဖွင့်ခြင်းမှ ရရှိသော ပေါ့ပါးလွတ်လပ်မှုကို ခံစားနိုင်ဖို့ မိမိရင်ဖွင့်သံကို စာနာစွာ နားထောင်မည့်သူ အနည်းဆုံးတစ်ယောက်လိုအပ်၏။

သင်သည် သင်၏သူငယ်ချင်းအပေါင်းအသင်းများရှေ့တွင် ရင်ဖွင့်နေသည် ဆိုကြပါစို့။ သင်၏ရင်ဖွင့်သံကို နားထောင်သူများသည် ပွင့်နေသော သင်၏ရင်ထဲကို ကရုဏာတွေ၊ မေတ္တာတွေ၊ အားပေးနှစ်သိမ့်မှုတွေ ရက်ရက်ရောရော ထည့်ပေးဖို့လိုအပ်၏။ ထိုသို့မဟုတ်ပါပဲ ဆန့်ကျင်ကန့်ကွက်မှုများ၊ မကျေနပ်မှုများ ထည့်ပေးလိုက်လျှင်မှု ထိုဆန့်ကျင်မှုများသည် သင်၏ရင်ထဲကို လွတ်လပ်ပေါ့ပါးသော ကျေနပ်နှစ်သိမ့်မှုတွေ ၀င်မလာအောင် ဆို့ပေးလိုက်သလို ဖြစ်သွားပေမည်။ တကယ်တမ်းတွင် မိမိရင်ဖွင့်သံကို ဆန့်ကျင်ကန့်ကွက်ရလောက်အောင် ရင်ခွင်မဲ့သောမိတ်ဆွေ ရှိလိမ့်မည်မထင်။ ထိုသို့ တကယ်ဖြစ်ခဲ့လျှင်လည်း တစ်ခုခု တိမ်းပါးလွဲချော်နေ၍ ဖြစ်ရပေမည်။ ဥပမာ သင်၏ရင်ဖွင့်သံသည် အတွေးအခေါ်အယူအဆတစ်ခုလို ဖြစ်နေခဲ့လျှင် နားထောင်သူများထံမှ မလွဲမသွေ ဆန့်ကျင်သော အသံကို ၀မ်းနည်းပက်လက် ရရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ခံစားချက်များပြည့်သိပ်နေသောရင်ကို မပွင့်တပွင့် မဖွင့်ပဲ ရှင်းရှင်းလင်းလင်းကျယ်ကျယ်ဝန်းဝန်း ဖွင့်ပြသင့်လှပေသည်။ မိမိရင်ဖွင့်သံသည် အယူအဆတစ်ခုလို မဖြစ်ဖို့လည်း အရေးကြီး၏။ ဤနေရာတွင် နှလုံးသားကို ပညာဖြင့်မရောမိပါစေနှင့်။ နှလုံးသားသည် ခံစားချက်၊ ပညာသည် ဆင်ခြင်ယူဆခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သင်မျှော်လင့်သော သင့်နှလုံးသားအတွက် အားပေးနှစ်သိမ့်သံများသည် ဆန့်ကျင် ကန့်ကွက်သံများအဖြစ် ထွက်ပေါ်လာပေလိမ့်မည်။ ထို့ကြောင့် မိမိကို နားအလည်ဆုံး မိတ်ဆွေသူငယ်ချင်း တစ်ယောက်ထံတွင် လွတ်လွတ်လပ်လပ်ရင်ဖွင့်ခြင်းသည် အကောင်းဆုံးဖြစ်၏။ သင့်ကိုနားလည်သူသည် သင့်ခံစားချက်တွင် အတွေးအခေါ်အယူအဆသဘောများ ပါနေသဖြင့် မိမိအယူအဆနှင့် ဆန့်ကျင်နေစေကာမှု သင့်ကို နားလည်ခံစား၍ အားပေးနှစ်သိမ့်မှုများ ပေးလိမ့်မည်ဖြစ်သည်။ ထိုသူငယ်ချင်းမျိုးကို ခေတ်စကားဖြင့် bosom friend (ရင်ဘတ် မိတ်ဆွေ) ဟု ခေါ်၏။

ကျွန်တော်သည် ကလေးဘ၀ကစ၍ ယခုအချိန်အထိ အကြောင်းတိုက်ဆိုင်လျှင် ရင်ဖွင့်တတ်၏။ ငယ်စဉ်ကတော့ ကျွန်တော့် ရင်ဖွင့်သံကို သဘောထားမှန်မှန်နှင့် နားထောင်ပေးခဲ့သူ တစ်ယောက်မျှ မရှိခဲ့ပါ။ ကြီးလာတော့လည်း ကျွန်တော့ရင်ဖွင့်သံကို နားလည်သူအတော်ရှား၏။ ငယ်ငယ်တုန်းကဆိုလျှင် ကစားဖော်အချင်းချင်းများဆီသို့ရင်ဖွင့်ရုံမျှမက လူကြီးများတိုင်အောင် လှည့်ပတ်ရင်ဖွင့်ဖူးသည်။ ထိုစဉ်ကတော့ ကျွန်တော်သည် ထိုသို့ပြုလုပ်ခြင်းကို ရင်ဖွင့်သည်ဟု နားမလည်ခဲ့ပါ။ ကျွန်တော့်ရင်ဖွင့်သံသည် သူတို့အတွက် ဟာသတစ်ပုဒ်လိုဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်တော့်ရင်ဖွင့်သံကို ရန်သူ၏ စစ်ချီသံကဲ့သို့ အမောတကော ဆန့်ကျင်ကန့်ကွက် ခုခံကြသည်။

ကျွန်တော်ငယ်ငယ်က မိဘရိုက်၍သော်လည်းကောင်း၊ သူများ ရန်စအနိုင်ကျင့်၍သော်လည်းကောင်း ခဏခဏ ငိုခဲ့ရသည်။ မိဘရိုက်သဖြင့် ကျွန်တော် ငိုသောအခါ အခြားကလေးတွေ ပျော်မပျော်မသိသော်လည်း။ သူတို့ ရန်စအနိုင်ကျင့်၍ ကျွန်တော် ငိုရလျှင် သူတို့အလွန်ပျော်ကြသည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ကြေကြေကွဲကွဲသိသည်။ ပူလောင် ကြေကွဲလွန်းလှသဖြင့် ရင်ကိုဖွင့်ချသောအခါများတွင်လည်း ဟားတိုက်ရယ်မောကြသည်။ ထိုအခါတွင် ကျွန်တော်သည် ငါ့ကို ဘယ်သူမှ အဖက်မလုပ်ကြပါလားဟု အထီးကျန်မှုကို စတင်ခံစားလာရသည်။ ထိုအထည်းကျန် ကြေကွဲမှု၏ ရလဒ်အဖြစ် နောက်ပိုင်းတွင် ကျွန်တော်သည် သူတပါးပျော်ရွှင်သည်ကို မည်သည့်နည်းနှင့်မျှ နာလို ရှုစိမ့်နိုင်မှု မရှိသော ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။ လူတိုင်း ကျွန်တော့်ထက် ကြီးကျယ်မြင့်မြတ်သူဟုလည်း ထင်မှတ်လာသည်။ ပိုဇစ်ရှင်းက အောက်ဆုံးရောက်နေသည်ဟု ခံစားရသဖြင့် မိမိကိုယ်ကို ယုံကြည်မှုတွေလည်းပျောက်ဆုံးလာသည်။ (အထီးကျန်မှုကြောင့် အပေါင်းအသင်းမက်မောသူ တစ်ယောက်လည်းဖြစ်လာသည်)။ သူတပါး အောင်မြင် ပျော်ရွှင်နေသည်ကို ကြားနေ၊ မြင်နေရလျှင် ရင်ထဲတွင် နင့်ကနဲခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွေ (လူတွေအားလုံး) အောင်မြင်သွားလျှင် မိမိကို အခွင့်သင့်တိုင်း အနိုင်ကျင့်စော်ကားကြလိမ့်မည်ဟု မိမိမသိစိတ်ထဲတွင် အစဉ်အမြဲကိန်းအောင်းနေသောကြောင့် ဖြစ်လေသည်။ (သတိ။ ။ ကြောက်စရာကောင်းသော စိတ်ရောဂါတစ်မျိုးဖြစ်သည်။) ယခုအချိန်ထိ ထိုအရိပ်အငွေ့ အထုံသဘာဝသည် ကျွန်တော့်ရင်ထဲတွင် မသိမသာ ကိန်းအောင်းနေသေးသည်။ ပတ်ဝန်းကျင်၏ အထပ်ထပ်သောဖိအားကြောင့်ဖြစ်လာသည့် အလွန်မာကျောသော အောင်မြင်သူမုန်းတီးရေး သံလုံးကြီးကို ကျွန်တော် ယခု အပူပေး၍ ဆယ်ပေါင်တူဖြင့် ပင်ပန်းဆင်းရဲစွာ ထုနှက်ပုံသွင်းနေရသည်။ အောင်မြင်သင့်သလောက် အောင်မြင်ပြီဟုလည်းထင်သည်။ သို့သော် တစ်ချိန်ချိန်တွင် ကျွန်တော်သည် ကင်ဂျုံအီးလို၊ ဆက်ဒမ်ဟူစိန်လို၊ ဟစ်တလာလို ကမ္ဘာ့လူဆိုးကြီး တစ်ယောက်ဖြစ်မလာနိုင်ဟု ကျွန်တော့်ကိုယ် ကျွန်တော် အာမမခံနိုင်သေး။ ထို့ကြောင့် ပူလောင်လွန်းလှသဖြင့် ဖွင့်ချလိုက်သော ကျွန်တော့်ရင်ဖွင့်သံများအတွက် အားပေးနှစ်သိမ့်မှုများကို ကျွန်တော် ဆာလောင်နေလေသည်။

အထက်ပါ အကြောင်းအရာနှင့် အကျိုးဆက်တို့မှာ မိမိကစားဖော်ကလေးများကို ရင်ဖွင့်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူကြီးများကို သွား၍ရင်ဖွင့်ရာမှရသော ကြောက်မက်ဖွယ် ရလဒ်များလည်းကျန်ရှိပေသေးသည်။

(ဆက်လက် ရင်ဖွင့်ပါမည်)

ဆက်ဖတ်မယ်

Sunday, June 13, 2010

မနဲ့မောင်


မောင်လေး
လာ
မကိုဖက်ထား
မင်းကို ပွေ့ချီနိုင်တဲ့အားတွေတော့
မမှာရှိတယ်
ကံကြမ္မာက တို့ကိုမသနားလဲ
သူ့ကို ဒို့…
နားလည်ပေးရမှာပဲ

ရော့…
ရေလေးတစ်ခွက် သောက်လိုက်
မင်းမှာ အဲဒီအခွင့်ရေးတော့ရှိတယ်
ဒီမှာ…
ဒါလေးစားလိုက်
အို…
ကြိုက်ကြိုက် မကြိုက်ကြိုက်ကွယ်
ပေးပေး
မသုတ်ပေးမယ်
မင်းပါးစပ်မှာ ရေတွေဝေ့နေတယ်
လာအုံး
မရင်ခွင်ထဲကို
ဘေးမှာ အရိပ်မဲတွေရှိတယ်

တင်းထားကွဲ့
မတို့ကို သူတို့ကြည့်နေတယ်
တချို့က
စာနာသနားဖို့
တချို့က
သုတ်သင်ရှင်းလင်းဖို့
တချို့က
သင်ခန်းစာယူဖို့
တချို့က
အသုံးချဖို့
ဒို့အတွက်တော့
ဘယ်သူမှ အသုံးမကျဘူး

အို….
ဘာဖြစ်ဖြစ် မ မမှုဘူး
ဒို့ ကိုယ်ပိုင်ကမ္ဘာလေးဟာ
သူတို့ စွက်ဖက်စရာမဟုတ်ဘူး
မကိုယုံပါကွယ်
မမှာ မယုံနိုင်လောက်အောင်
ကြီးကျယ်တဲ့အချစ်တွေရှိတယ်
ငါးနှစ်ရှစ်လောက် ကြီးတယ်
ချစ်တယ်ဆို ပြီးရောကွယ်
သူ့မှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်

မင်းမျက်ရည်တွေဟာ
မအတွက် အခါးဆုံးပေါ့
မချွေးသီးတွေကတော့
မင်းအတွက် အချိုဆုံးဖြစ်စေမယ်
မင်းရဲ့ငိုကြွေးသံဟာ
မအတွက် အဆိပ်ခါးခါးတစ်ခွက်ပေါ့
မရဲ့ပေါက်ကွဲသံကတော့
မင်းအတွက် ပျားရည်တစက်ဖြစ်စေမယ်
မရဲ့ ကျိုးတိုးကျဲတဲ အရိပ်ဟာ
မင်းတစ်ယောက်ကိုတော့
ထွေးသိပ်နိုင်မှာပါ

ဟော!
အရိပ်မဲတွေ ဒို့ဆီလွင့်လာပြီ
အဲဒါ ဒုတိယနဲ့ စတုတ္ထ အမျိုးအစားပဲ
လာကွယ် သွားကြစို့
သူတို့ရဲ့ပေတံ အဟောင်းကြီးထဲမှာ
ဒို့
မီလီမီတာတွေ မလုပ်တော့ဘူး။ ။

ဆက်ဖတ်မယ်

Friday, June 11, 2010

သူခိုးတစ်ယောက်ရဲ့ရင်ခုန်သံ


တစ်နေ့ညက မြန်မာကျောင်းသားရဟန်းတော်များစုဝေးရာ မကုဋကျောင်းဆောင်ကြီးတွင် သူခိုးကပ်သည်။ ထိုသူခိုးသည် ရိုးသား၍ လွတ်လပ်သော မြန်မာကျောင်းနှင့်လုပ်စားနေသည်မှာ အတော်ကြာဟန်ရှိပြီ။ ယခင်ကလည်း ပစ္စည်းခဏခဏပျောက်ဖူးသည်။ လွန်ခဲ့သော တစ်ပတ်ခန့်က လက်(ပ်) တော့ တစ်လုံးပါသွားသေးသည်။ သူ့လက်ချက်ဖြစ်ဖို့သေချာသည်။ ယင်းသူခိုးသည် သူခိုးမျက်မှန်မပါသည့်တိုင် သူခိုးမှန်းသိသာလှသည်။ မည်းလျှက်နှင့် မည်းသော လူစားမျိုးဖြစ်သည်။ သူခိုးဖြစ်လျှက်နှင့် သိက္ခာလည်းမရှိ။ သူသည် တစ်ကျွန်းလုံးရှိစာသင်သားများ (အလည်လာသူရော အခန်းရပြီးသူများနှင့်ပါ) ပျားပန်းခက်မျှ စည်ကားသော အဆောင်ကြီးတွင် သူလိုလိုကိုယ်လိုလို ဘုမသိဘမသိနှင့် ရောယောင်၍ လစ်လျှင် သုတ်ရန် လာခဲ့ခြင်းဖြစ်သည်။ လာခြင်းမကောင်းသော သူခိုးခမျာ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံရသောအခါ ဟိုလူကလွှတ်လိုက်သလိုလို ဒီလူကလွှတ်လိုက်သလိုလိုနှင့် ဝေ့လည်ကြောင်ပတ်လုပ်နေ၏။ ဘယ်သူ့ဆီကိုလာသလဲ ဟူသောမေးခွန်းကိုလည်း ပွဲမ၀င်ခင်အပြင်က မလေ့ကျင့်ခဲ့ရသည့်အတွက် ကောင်းကောင်းမဖြေနိုင်ရှိရှာ၏။ ရုပ်ကလေးသနားကမားနှင့် အတော်ကိုသိက္ခာမဲ့သော သူခိုးဖြစ်၏။ မည်သည့်ရိုးသားခြင်း အရိပ်အယောက်မျှ သူ့ဆီတွင်မတွေ့ရ။


သူခိုးပဲ ရိုးသားပြီး သိက္ခာရှိရဦးမှာလားဟု မေးစရာရှိ၏။ လောကဥပဒေ၏ ဒုစရိုက်မှုများတွင် မုဒိန်းမှုတစ်ခုတည်းသာ စင်းလုံးချော၊ လုံးစေ့ပါဋ္ဌ်စေ့ သိက္ခာမဲ့သော အမှုဖြစ်သည်ဟု ကျွန်ုပ်ယူဆ၏။ လူသတ်လျှင်လည်း သိက္ခာရှိရှိသတ်နိုင်၏။ လိမ်စားလျှင်လည်း သိက္ခာရှိရှိလိမ်စားနိုင်၏။ ခါးပိုက်နှိုက်လည်း သူ့သိက္ခာနှင့်သူရှိ၏။ သူခိုးလည်း အတူတူဖြစ်၏။ တစ်ခုတော့ရှိသည်၊ မိခံထိလျှင်တော့ ဥပဒေအတိုင်း ကိုယ်ဖြစ်ကိုယ်ခံရုံသာရှိ၏။ ကိုယ့်ကိုရိုက်လို့ ပြန်ရိုက်လျှင်၊ ကိုယ့်လူသတ်လို့ ပြန်သတ်လျှင်၊ ကိုယ့်ပစ္စည်းခိုးလို့ ပြန်ခိုးလျှင် ထိုတုံ့ပြန်ခြင်းများသည် ကလဲ့စားချေခြင်းများသာဖြစ်၏။ ယဉ်ကျေးသော မည်သည့်နိုင်ငံ၏ ဥပဒေမှ ကလဲ့စားချေခြင်းကိုလက်မခံ။ ဗုဒ္ဓဥပဒေကလည်း ခွင့်မပြု။

ပေစုတ်စုတ်ရွတ်တွတ်တွတ်နိုင်သော ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားဟုခေါ်သည့် ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ရေးသားရိုက်ကူးထားသော ၀တ္ထုဇာတ်လမ်း တစ်ပုဒ်ရှိ၏။ သူသည် စာပေပညာ တတ်ကျွမ်းသဖြင့် ပရော်ဖက်ဆာဟူသောဘွဲ့ထူးကြီးကို ရရှိခဲ့သည်မဟုတ်။ သူ၏လုပ်ဆောင်ချက်နှင့် စိတ်သဘောထားများကြောင့် လူများကသူ့ကို (ထိုခေတ်ထိုအခါက တကယ့်ပါရဂူများကို ရွတ်သောအနေဖြင့်) ပေးထားခြင်းဖြစ်၏။ အတည်ပေါက်ပေးထားခြင်း မဟုတ်သောကြောင့်လည်း ဆိတ်ဖွားက လက်ခံထားခြင်းဖြစ်၏။ လူသတ်မှု လိမ်လည်မှု စသည့် အမှုပေါင်းများစွာတို့ဖြင့် သူ ထောင်ကျဖူး၏။ သူ ထောင်မှ ထွက်သောတစ်နေ့တွင် ထောင်သားများက “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား….၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား…” ဟု အော်ဟစ် နှုတ်ဆက်ကြ၏။ ဒေါက်တာဆိတ်ဖွားသည် သူ့ကို သြဘာပေးနေသော လူအုပ်ကြီးထဲမှ အနီးဆုံးထောင်သားတစ်ယောက်အား မေးလိုက်၏။
ဆိတ်ဖွား။ ။ မင်း ဘာအမှုနဲ့ ထောင်ကျတာလဲ။
ထောင်သား။ ။ ကျွန်တော် လူသတ်မှုနဲ့ပါခင်ဗျ။
ဆိတ်ဖွား။ ။ အေး ကောင်းတယ်။ (ခံ ကိုအသံရှည်ဆွဲ၍) ကိုယ်ဖြစ်ကိုယ်ခံ။
ထို့နောက် သူ နောက်တစ်ယောက်ကို ထပ်မေး၏။
ဆိတ်ဖွား။ ။ မင်းကော ဘာအမှုနဲ့ ထောင်ကျတာလဲ။
ထောင်သား။ ။ ကျွန်တော် ခိုးမှုနဲ့ပါခင်ဗျ။
ဆိတ်ဖွား။ ။ အေး ကောင်းတယ်။ (ခံ ကိုအသံရှည်ဆွဲ၍) ကိုယ်ဖြစ်ကိုယ်ခံ။
ထို့နောက် နောက်တစ်ယောက်ကို မေးပြန်၏။
ဆိတ်ဖွား။ ။ မင်းရောကွ
ထောင်သား။ ။ (၀မ်းသာအားရနှင့်) ကျွန်တော် မုဒိမ်းမှုပါခင်ဗျ။
ဆိတ်ဖွား။ ။ (မျက်လုံးထဲတွင် ဒေါသအရောင်များတောက်လာကာ ရှိသမျှအပေါက်တို့မှ အထူးသဖြင့် နားမှ ဒေါသအငွေ့များ တထောင်းထောင်းထလာကာ) ဟေ့ကောင်တွေ ဒီကောင့်ကို ၀ိုင်းရိုက်ကြစမ်း။
ဒုန်း…ခွပ်…ဖျောင်း…အုန်း…အား…………
------------------------

ကျွန်ုပ်၏ သိက္ခာရှိသော ဒုစရိုက်သမား အတွေးအမြင်သည် ဤ၀တ္ထုဇာတ်လမ်းမှ မြစ်ဖျားခံလာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သိက္ခာရှိသော သူခိုးဟု အဓိပ္ပာယ်ကောက်နိုင်သည့် အတွေးမျိုး တွေးခဲ့မိခြင်းဖြစ်၏။ ဇာတ်ဝတထ္ထုသာဓကများတွင်လည်း သတ်ခြင်း၊ ခိုးခြင်း၊ လိမ်ခြင်းတို့ကို နောက်မဖြစ်စေရန် အကြောင်းရှာ၍စီစဉ်နိုင်သောကြောင့် တိုင်းပြည်အုပ်ချုပ်သောဘုရင်က ခွင့်လွှတ်ဖူးသောသာဓကများ ရှိခဲ့ဖူး၏။ ခိုးခြင်းကိုခွင့်လွှတ်ရန် ကျွန်ုပ်အဆိုပြုနေခြင်းမဟုတ်ပါ။ ကျွန်ုပ်လည်း သူများပစ္စည်းခိုးခြင်းကို အလွန်မုန်းပါသည်။ သို့သော် သူခိုးကိုတော့ မမုန်းပါ။ (တစ်နေ့ကပါသွားသော လက်(ပ်) တော့သည် မိမိ ပစ္စည်းမဟုတ်သောကြောင့်လည်း ဖြစ်နိုင်သည်)။

ကျွန်တော်သည် ကလေးဘ၀တုန်းက သူများပစ္စည်း ခိုးဖူး၏။ ကျွန်တော် သူများပစ္စည်း ခိုးယူပုံမှာစိတ်ဝင်စားစရာကောင်း၏။ ထိုပုံရိပ်များကို ပြန်ပြောင်းစဉ်စား၍ အောက်မေ့ကြည့်သောအခါ ရယ်စရာလည်းကောင်း၏။ သနားစရာလည်းကောင်း၏။ ကြေကွဲစရာလည်းကောင်း၏။ ပြီးတော့ သင်ခန်းစာ ယူစရာများလည်းရှိ၏။ ငယ်စဉ်က သူများကလေးတွေ စားသလို မစားရ။ သူများသွားသလို မသွားရ။ သူများနေသလိုမနေရ။ သူများကလေးတွေ မုန့်ဖိုးရသလို မရသောကြောင့် မအောင့်အီးနိုင်တော့သည့် အဆုံး ထွက်ပေါက်ရှာရာမှ သူမသိအောင်ယူခြင်းအမှုကို ကျူးလွန်မိခဲ့၏။ (သူခိုးလေးဘ၀မှ သူခိုးကြီးဘ၀မရောက်အောင်၊ ခိုးခြင်းဆိုသော အမှုကို ရွံမုန်းလာအောင် သွန်သင်ဆုံးမပေးသော မိခင်ဖခင် တို့အား ဤနေရာမှ ရှိခိုးပါ၏။) ကျွန်ုပ်၏ခိုးယူပုံသည် စိတ်ဝင်စားစရာကောင်းသည်ဟု ဆိုခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က ခိုးခဲ့သောအမှုတို့ကို ယခု အနည်းငယ်ရင့်ကျက်သော ဦးနှောက်ဖြင့် စိစစ်ကြည့်သောအခါ ရာနှုန်းပြည့် ခိုးယူမှုမဟုတ်သည်ကို တွေ့ရ၏။ (ဘာပဲဖြစ်ဖြစ် ခိုးတာကတော့ ခိုးတာပါပဲလေ။)

ဥပမာ (၁)။ ။ တစ်ခါမျှ မ၀ါးဖူးသော ပီကေလေး ၀ယ်ဝါးချင်လှ၍ မအောင့်အီးနိုင်တော့သည့်အဆုံး (မှတ်မှတ်ရရ ၃ ကျပ်) ကို သူတစ်ပါးထံမှ ၅၀ ရာခိုင်နှုန်း ခိုးယူခြင်း။
ဖြစ်စဉ်မှာ။ ။ ရပ်ကွက်ထဲရှိ ကလေးများကစားနေကျ ကွင်းပြင်တွင် ကလေးတစ်ယောက် ပိုက်ဆံ သုံးကျပ်ကျကျန်ခဲ့၏။ တရားခံ (ကျွန်ုပ်) အပါအ၀င် ကလေးသုံးလေးယောက်ခန့် သာရှိ၏။ ထိုကလေးကျကျန်ခဲ့သောပိုက်ဆံကို ကျွန်ုပ်တစ်ယောက်တည်းသာလျှင် တွေ့၏။ သူများမတွေ့အောင်လည်း ကာစီးကာစီးလုပ်၏။ ဤသည်ကို အခြားကလေးများ မရိပ်မိ။ ကစားပြီး၍ ကလေးအားလုံး ကိုယ့်အိမ်ကိုယ်ပြန်သောအခါတွင် ပိရိမှုရှိအောင် သူတို့နှင့်လိုက်သွားပြီးမှ ပြန်လာကာ ပိုက်ဆံသုံးကျပ်ကို ပီကေတစ်ဖက်အတွက် ပြန်ယူသည်။

ဥပမာ (၂)။ ။ ဗွီဒီယိုရုံမှ ပိုက်ဆံငါးကျပ် နှစ်ပတ်တစ်ခါခန့် ခိုးယူခြင်း။
ဖြစ်စဉ်။ ။ ကျွန်ုပ်မိဘများမှာ ကျောင်းဆရာ ဆရာမ များဖြစ်ကြသည်။ ဗွီဒီယိုရုံပိုင်၏ သားသမီးများမှာ သူတို့တပည့်များသာဖြစ်ကြ၏။ ထို့ကြောင့် ရုံပိုင်က ရုံစောင့်ကို ဆရာဆရာမတို့ လာလျှင် ရုံဝင်ခမယူရန် ညွှန်ကြားထား၏။ သို့သော် ကြာလာသောအခါ မိဘများက အားနာ၍ ပေးဖို့စီစဉ်၏။ တစ်ဖန် တန်ပြန်အားနာရမည်စိုးသောကြောင့် ကိုယ်တိုင်ကားမပေးကြ။ ရုံထဲရောက်ပြီးကာမှ ကျွန်ုပ်အား မသိမသာပေးခိုင်း၏။ ကျွန်ုပ်လည်း မပေးဘဲ မသိမသာ ခိုးထား၏။ ထိုအချိန်က ကျွန်တော်သည် သရေဂျာကင်နှင့်၊ အုတ်ကျိုးရောင်ဂျင်းဘောင်းဘီနှင့်၊ နိုက်(စ်) ဦးထုပ်နှင့် လွန်စွာစမတ်ကျသော သူခိုးဖြစ်၏။ (နောက်ပိုင်းတွင် ကျွန်န်ုပ်သည် ခိုးမှုနှင့်အတူ စမတ်ကျကျဝတ်စားဆင်ယင်မှုကိုပါ မုန်းတီးသွားတော့သည်။) မှတ်မှတ်ရရ ကျွန်ုပ်နှမ ကလိသောကြောင့် ညတွင်းချင်းအမှုပေါ်၍ ဖခင်ကိုယ်တိုင် ရဲစခန်းသို့လိုက်ပို့၏။ (ထိုအချိန်က အသက် ၁၀ နှစ်ခန့်သာဖြစ်သောကြောင့် ကမ္ဘာ့အသက်အငယ်ဆုံး ခိုးမှုဖြင့် ထောင်သို့ အပို့ခံရသူဟု ဂင်းနစ်စံချိန်တွင် မှတ်တမ်းတင်ရန် ဆန္ဒပြုနိုင်ကြပါသည်)။

ထောင်သို့အပို့ခံရသော်လည်း ပြစ်မှုမကြီးသဖြင့် ထောင်ထဲသို့မရောက်လိုက်ဘဲ ညချင်းတွင်းလွတ်လာ၏။ နောက်တစ်နေ့မနက်တွင် ညက ထောင်သို့ပို့ခံရသည်ကို သူများကလေးတွေ သိသွားမှာ စိုးရိမ်သည်။ ရှက်သည်။ ဤသည်ကို ကျွန်ုပ်နှမက သူများတွေသိသွားအောင် ထပ်ကလိချင်သေးသည်။ မနဲတားထားခဲ့ရသည်။ ထိုစဉ်က ၄င်းစိတ်နေသဘောထားကို ယခုအခြေအနေတွင် ကျွန်တော်အရမ်းမုန်းသည်။ မိမိခိုးသည်၊ ထို့ကြောင့် ထောင်သို့ အပို့ခံရသည်၊ မိမိဆီက ဘာမျှပဲ့ပါမသွား။ သူများသိတော့ ပိုကောင်းသည်။ ငါ မင်းတို့ထက်အရင် ထောင်ရောက်ဖူးသည်ဟု ကြွားနိုင်သည်။ သို့သော် ထိုစဉ်က အခြေအနေသည် ယခုအခြေအနေနှင့် ဆီနှင့် ရေလိုကွာသည်။ ကျွန်ုပ်ငယ်စဉ်က ကျွန်ုပ်ပတ်ဝန်းကျင်ရှိ ကလေးများကြားတွင် ကျွန်ုပ်သည် သေးနုပ်သိမ်ဖျင်းဆုံး ကလေးတစ်ယောက်ဖြစ်သည်။ (ရပ်ကွက်ထဲတွင်သာဖြစ်သည်။ ကျောင်းတွင် နိမ့်ကျခြင်းမှ အနည်းငယ်သက်သာရာ ရသည်ထင်သည်။ ကျွန်ုပ်ဖခင်မှာ ကျောင်းအုပ်ကြီးဖြစ်သောကြောင့်ဖြစ်လိမ့်မည်)။ ထို့ကြောင့် ထို့ထက်နိမ့်ကျသိမ်ဖျင်းသော အခြေအနေတစ်ခုကို ရင်ဆိုင်ရန် ကျွန်ုပ်တွင် ခွန်အားမရှိ။ တစ်ဦးတစ်ယောက်များသိသွားလျှင် ကျွန်ုပ်ကို ယခင်ကထက်ပို၍ နှိမ့်ချဆက်ဆံကြတော့မည်။ ထိုအချိန်က ကျွန်တော့်တွင် သူငယ်ချင်းမရှိ၊ မိတ်ဆွေအပေါင်းအသင်းမရှိ၊ သခင်တွေသာရှိသည်။ ကျွန်ုပ်နှင့်ပေါင်းသင်းသော ကလေးများအတွက် ကျွန်ုပ်သည် ကျွန်တစ်ကောင်မျှသာဖြစ်သည်။ အနာခံစရာရှိလျှင် ကျွန်ုပ်ကိုရှေ့တန်းပို့၍ အသာစံစရာရှိလျှင် ကျွန်ုပ်ကို ခေါက်ထားသည်။ ထိုခေါက်ရိုးများကြားတွင် ကျွန်ုပ်လည်း အတော်လေး ကျိုးနေခဲ့သည်။ အပြုသဘောမဆောင်သော သဘောတရားတစ်ခုအတွက် ကျွန်ုပ်ကိုပေါင်းသင်းဆက်ဆံခြင်းပြုလုပ်ကြသည်ကိုပင် ထိုစဉ်ကကျွန်ုပ်သည် ၀မ်းသာအားရနှင့် ကျေနပ်နှစ်သိမ့်ခဲ့သည်။ (ယခု ကျွန်ုပ် ငိုချင်နေသည်)

ဘ၀သည် ပြောင်းပြန်အချိုးကျသည်ထင်သည်။ ငယ်စဉ်က သီအိုရီအရ သူငယ်ချင်းများ ရှိသော်လည်း လက်တွေ့တွင်မူ အားလုံးသည် ကျွန်ုပ်ကြောက်ရွံ့ ရွံမုန်းရသော အရှင်သခင်များသာဖြစ်သည်။ ယခုတော့ အခြေအနေက ယခင် ကလေးဘ၀ကနှင့် ပြောင်းပြန်။ ကျွန်ုပ်ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်များသည် သီအိုရီအရ ကျွန်ုပ်၏ တပည့်များဖြစ်ကြသလို ကျွန်ုပ်၏ ဆရာများလည်းကြဖြစ်သည်။ လက်တွေ့တွင်မူ အပြန်အလှန် ခင်မင်လေးစားရသော မိတ်ဆွေသူငယ်ချင်းများ ဖြစ်ကြသည်။ ယခုအချိန်တွင် ကျွန်ုပ်အတွက် လောကကြီးသည် ညီညွှတ်မျှတ၍ အလွန်တရာ လှပနေတော့၏။ (ယခု ကျွန်ုပ် ပြုံးနေသည်)

ကျွန်ုပ်၏ နောက်ဆုံးခိုးမှု။ ။ ဇီးသီးခိုးခြင်း
ဤခိုးမှုသည် ၂၀% ပင် ပြည့်မည်မထင်။ သို့သော် ထိုခိုးမှုကြောင့် သူများပစ္စည်းခိုးယူခြင်းကို ၁၀၀% ရွံရှာမုန်းတီးသွားသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုစဉ်က ခိုးယူခြင်းကို စက်ဆုပ်ခြင်းမှာ ယခုကဲ့သို့ မဖြူစင်၊ စိုးရိမ်သောကနှင့် ဒေါသတွေပါခဲ့သည်။

ဖြစ်စဉ်။ ။ စီးပွားဖြစ်မဟုတ်သော ဇီးခြံကြီးတစ်ခြံကို ဆံပင်ညှပ်သမားတစ်ယောက်ပိုင်ဆိုင်၏။ ထိုခြံထဲရှိဇီးသီးများကို ရပ်ကွက်ထဲရှိ ကလေးတိုင်းလိုလို သွားရောက်ခူးဆွတ် စားသုံးကြမြဲဖြစ်၏။ ကျွန်ုပ်လည်း ဒီလိုဂွင်မျိုးကို အလွတ်ခံလေ့မရှိ။ ကလေးဖြစ်သောကြောင့် ခြံပိုင်ရှင် ငြိုငြင် မငြိုငြင်ကို အကဲမခတ်တတ်။ မငြိုငြင်ဟုလည်း ယုံကြည်နေခဲ့၏။ တစ်နေ့ ထိုခြံမှ ဇီးသီးများခူးယူပြီးအပြန် အိမ်အရောက်တွင် ဖခင်က ကြိမ်လုံးနှင့် စောင့်နေကာ ဇီးသီးခိုးယူမှုဖြင့်စွပ်စွဲလျှက် ကျွဲရိုက်နွားရိုက် ရိုက်နှက်လေသည်။ မြေကြီးပေါ်လှိမ့်နေရင်းနှင့်ပင် မရေမတွက်နိုင်သော ကြိမ်လုံးတို့သည် ဆုံစက်ကဲ့သို့ အဆက်မပျက် တရစပ် ကျလာလေတော့သည်။ ထိုအချိန်မှစ၍ (၁၀ နှစ်သားခန့်) ခိုးမှုကို အကြီးအကျယ် ရွံမုန်းသွားတော့၏။ သို့သော် ကြေကွဲမှုတွေ၊ ဗျာပါဒတွေနှင့် တကွဖြစ်၏။ တွဲပါလာသောအကျိုးဆက်အနေဖြင့် ကျေးဇူးရှင် မိခင်၊ဖခင်တို့ကို ရင်ထဲအသဲထဲက ချစ်ခင်မြတ်နိုးလှသဖြင့် ခေါ်ဝေါ်သော ‘ဖေဖေ၊ မေမေ’ ဟူသော ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသည့် အခေါ်အဝေါ်မျိုး တစ်ခါမျှ မခေါ်ဖူးတော့။ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေသော ရင်ထဲတွင် မည်သည့်နည်းနှင့်မျှ သာယာချမ်းမြေ့မှုကို ရှာမတွေ့နိုင်တော့။ (ကျွန်တော် အခု ငိုနေသည်)

နောက် ၁ နှစ်၊ ၂ နှစ်ခန့်အကြာ ၁၂ နှစ်သားအရွယ်တွင် ကျွန်တော် ကိုရင်ဝတ်သည်။ သာသနာ့ဘောင်နှင့် လူ့ဘောင်သည် ကျွန်တော်နှင့် ကျွန်တော့်မိဘများကို မသိမသာ ခွဲခြားထားလိုက်သည်။ မိဘများနှင့် ဝေးကွာသွားသောအချိန်ကျမှ မိဘတို့၏ကျေးဇူးကို သိမြင်လာကာ ကျွန်တော့နှလုံးသားတွင် ထိုကျေးဇူးများကို နည်းနည်းချင်းထည့်ကြည့်သည်။ ဗိုင်းရပ်ထိထားသဖြင့် အားအင်ချိနဲ့နေသော ကျွန်ုပ်နှလုံးသားမှာ ထိုကျေးဇူးတရားတို့ကို များများနှင့် မြန်မြန်မသွင်းနိုင်ပေ။ မည်သို့ပင်ဆိုစေ မိဘများ၏ကျေးဇူးကြောင့် ခိုးမှုသည် ကျွန်ုပ်မသိသော ဒုစရိုက်မှုအဖြစ် အတိတ်တွင် အချိန်အတော်ကြာ ကျန်ရစ်နေခဲ့၏။

ဒီလောက်ဆိုလျှင် ကျွန်ုပ်၏ခိုးနည်း ကျပ်မပြည့်သောကြောင့် ခိုးမှုကြီးမဟုတ်အဆိုကို လက်ခံနိုင်လောက်မည်ထင်ပါသည်။ ရယ်စရာကောင်းသည်မှာ ကျွန်ုပ်၏ခိုးပုံခိုးနည်း။ ကြေကွဲစရာကောင်းသည်မှာ ကျွန်ုပ်ခိုးရသော အကြောင်းအရင်းနှင့် အကျိုးဆက်ဖြစ်သော မိဘများအပေါ် နှစ်နှစ်ကာကာ မမြတ်နိုးနိုင်မှု။ သင်ခန်းစာယူစရာကောင်းသည်မှာ သူခိုးလေးမှ သူခိုးကြီးမဖြစ်အောင် မိဘတို့၏ ဆိုဆုံးမပုံဖြစ်၏။ (ငယ်စဉ်ကလေးဘ၀ထဲက လိုချင်သမျှ အကုန်ပေးထားလျှင် ကြီးလာသောအခါ မိဘများက မပေးနိုင်တော့လျှင် ၈၀%ခန့် သူခိုးကြီးဖြစ်လာနိုင်သည်။ မိဘလောင်းလျာများ သင်ခန်းစာယူကြပါကုန်)။

ယခု ကျွန်တော် ဘာစိတ်ကူးပေါက်သည်မသိ သူများပစ္စည်းခိုးချင်လာသည်။ တစ်နေ့က အဆောင်တွင် လာရောက်ခိုးယူသော သူခိုးကို အားမလိုအားမရဖြစ်၍ ထင်သည်။ သို့သော် ဤခိုးချင်ခြင်းသည် ၁၀၀% ဖြူစင်သော ခိုးချင်ခြင်းဟု ကျွန်ုပ်ယုံသည်။ ရဟန်းတစ်ပါးအနေဖြင့် အကြီးမားဆုံးအပြစ်ထဲက တစ်ခုဖြစ်သော ပါရာဇိက အာပါတ်လည်း မသင့်ရောက်နိုင်ဟု ရှင်းရှင်းလင်းလင်းနားလည်သည်။ ထို့ကြောင့် ပါရာဇိက မကျဘဲသူများပစ္စည်းခိုးလိုသူများ မှတ်သားထားကြပါကုန်။

ပါရာဇိကမကျဘဲ သူများပစ္စည်းခိုးနည်း
၁။ ခင်မင်သူများထံမှသာခိုးမည်။ အရမ်းမခင်မင်သော်လည်း မျက်မှန်းတန်းမိရုံလောက်ဆိုလျှင် ရပြီ။ သူခိုးပါးဝ၍ ရင့်ကျက်လာသောအခါမှ မည်သူ့ ပစ္စည်းကိုမဆို ခိုးမည်။
၂။ အခြေအနေကို စောင့်ကြည့်မည်။ အခန်းထဲကို ခြေဖျားထောက်၍ ကုတ်ကုတ် ကုတ်ကုတ်နှင့် သွားမည်။ ကျီးကန်းမျက်လုံးကို ခေတ္တငှားထားမည်။ လူတွေ့သွားလျှင် ခပ်တည်တည်နေမည်။ ကိုယ့်အသိဆီက ခိုးမည်ဖြစ်သဖြင့် ကိစ္စမရှိ။ ဟိုဟာလိုလို ဒါလိုလိုပြောလိုက်မည်။
၃။ လွတ်လွတ်ကျွတ်ကျွတ်ခိုးပြီးလျှင် ပိုင်ရှင်ဖြစ်သူအား ပစ္စည်းပြန်ပေးမည်။ ရော်ဘင်ဟု (ထ်)လို ငတက်ပြားလိုတော့ မတရားမလုပ်။ (သူတို့သည် သူ့ခေတ်သူ့အခါကသာ တောင်းဆိုသော သူခိုးများဖြစ်ကြသည်။ ကျွန်တော်လည်း ကျွန်တော့်ခေတ်က တောင်းဆိုသော သူခိုးဖြစ်သည်။)
၎။ ခိုးမှုကျူးလွန်တုန်း လက်ရဖမ်းမိသွားသောအချိန်သည် ပစ္စည်းခိုးရခြင်းရည်ရွယ်ချက်အတွက် ဇာတ်ရှိန်အမြင့်ဆုံးအချိန်ဖြစ်သည်။ ဤခိုးခြင်းသည် ရော်ဘင်ဟု(ထ်)တို့ ငတက်ပြားတို့ ခိုးသလို အဓိပ္ပာယ်မရှိဟု အပေါ်ယံထင်ရသော်လည်း ဤနေရာတွင် အဓိပ္ပာယ်ပေါ်လွင်မည်။
ခိုးမည်ကြံတုန်း မသင်္ကာ၍ စစ်ဆေးမေးမြန်းလျှင် မေးမြန်းသူများကို သနားသောအားဖြင့် သူခိုးပါဟု ၀မ်းသာအားရ ဖြေမည်။ ထိုသို့ သူခိုးပါဟုဝန်ခံသဖြင့် သူခိုးဟု သိသွားကြသောအခါ (သို့မဟုတ်) ခိုးရာပါပစ္စည်းနှင့်တကွ မိသွားသောအခါ ခင်မင်တဲ့သူငယ်ချင်းတွေ၊ မရင်းနှီးပဲ သိရုံသာသိသောသူတွေက တီးတိုးလည်း ဝေဖန်ကြမည်။ ကျယ်ကျယ်လောင်လောင်လည်း ပြောကြမည်။ စေ့စေ့ကြည့်၍လည်းရှုံ့ချကြမည်။ စိတ်ထဲတွင်လည်း “အော်… ငါ ဒီကောင့်ကို လူရိုးလေးအောက်မေ့တာ လက်စသတ်တော့ (အစဉ်အလာရှိတဲ့) သူခိုးပဲ” ဟု တေးမှတ်ထားကြမည်။ ရုပ်နဲ့မှ မလိုက်ကွာလို့ ပြောချင်လည်းပြောကြမည်။ ထိုဝေဖန်ရှုံ့ချသံများသည် သူခိုးဇာတ်ခင်းခြင်း၏ အထွဋ်ဖြစ်သည်။ ကျွန်တော်အလိုချင်ဆုံးရင်ခုန်သံများလည်းဖြစ်သည်။ သို့သော် မည်သူ့ထံမှ မည်သည့်မုန်းတီးမှုကိုမျှမလိုလား။ ခိုးရခြင်း၏ရည်ရွယ်ချက်သည် သူများပစ္စည်းလိုချင်၍မဟုတ် လူအများက မကြိုက်သဖြင့် ဝေဖန်ရှုံ့ချကြရာမှ ခံစားရသော ရင်ခုံသံမျှသာဖြစ်သည်။ ထိုရင်ခုန်သံမျိုးကို ကျွန်တော်အလွန်ကြိုက်သည်။
(မှတ်ချက်။ ။ ရင်ခုန်သံများသာဖြစ်သည်)

ဆက်ဖတ်မယ်

Monday, June 7, 2010

ဂုရုတစ်ယောက်နှင့် အင်တာဗျူးခြင်း (ပြောင်းလဲပစ်ရမည့် လူရိုင်းတို့၏ စိတ်ယဉ်ကျေးမှု)



ကျွန်ုပ်သည် ‘အိပ်မက်’ ဂျာနယ်မှ စပ်စုတစ်ယောက်ဖြစ်၏။ တစ်နေ့ ကြုံရာလူတစ်ယောက်ယောက်နှင့် အင်တာဗျူးရန် ဆိတ်ငြိမ်ရပ်ကွက်က အတွေးလမ်းကြားလေးထဲသို့ ၀င်ရောက်လာခဲ့၏။ တစ်နေရာအရောက် ‘နိမ်မိတ’ ဟု အမည်ရသော ဂုရုကြီးတစ်ယောက်ကိုတွေ့ကာ အင်တာဗျူးမည့်အကြောင်း ခွင့်တောင်းလိုက်တော့၏။

ဂုရုကြီး။ ။ အေးအေး… မေးလိုကမေး ဖြေလိုကဖြေမည်။ လိုချင်တဲ့အဖြေရဖို့တော့အာမ မခံဘူး။
ကျွန်ုပ်၏စိတ်။ ။ တယ်… ငါထိပ်ခေါက်လိုက်လို့ ခေါင်းထဲကအဖြေတွေ တစ်သီကြီးထွက်ကျလာလိမ့်။

ဂုရုကြီးသည် ဤလမ်းဘေးတွင် ဒဿနရေးရာများနှိုက် အလွန်နာမည်ကြီးသည်ဟု သိရသည်။ သို့နှင့် ကျွန်ုပ်လည်း ဖီလော် မေးခွန်းများကိုမေးမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။


ကျွန်ုပ်။ ။ ………………. အဲဒီအပေါ်မှာ ဂုရုကြီးဘယ်လိုမြင်လဲ ခင်ဗျ။
ဂု။ ။ အင်း….. အများလွန်တာတော့ မကောင်းပါဘူး။ အလွန်များတာတော့ ကောင်းပါတယ်။

ကျွန်။ ။ ………………. အဲဒါကျတော့ကောခင်ဗျ။
ဂု။ ။ အေး…… ဟန်ဆောင်တဲ့သူဟာ မရိုးသားဘူး။ ပွင့်လင်းတဲ့သူဟာ မယဉ်ကျေးဘူး။
စိတ်။ ။ အင်

ကျွန်။ ။ ……………… ဒီကိစ္စမှာ ဆရာကြီးဘယ်လိုထင်လဲ။
ဂု။ ။ လေးစားတော့ကျ မရင်းနှီးဘူး။ ခင်မင်ရင်တော့ အရိုအသေတန်တယ်။
စိတ်။ ။ ၀ှီး………

ကျွန်။ ။ ……………… ဒါကို ဘယ်လိုရှင်းမလဲ။
ဂု။ ။ စနစ်ကျရင် မလွတ်လပ်ဘူး။ ကြုံသလိုဆိုရင် စည်းကမ်းမရှိဘူး။
စိတ်။ ။ အဲ………

ကျွန်။ ။ ………………အဲဒီအတွက် ဆရာကြီးရဲ့ ခံယူချက်ကလေး။
ဂု။ ။ ပြောဆိုလမ်းညွှန်ရင် ဆရာကြီးလုပ်တယ်။ ဘာမှမပြောရင် တာဝန်မဲ့တယ်။
စိတ်။ ။ ဟင်………

ကျွန်။ ။ ……………… အဲဒါကျတော့ရော ဂုရုကြီးအနေနဲ့။
ဂု။ ။ သည်းညှင်းခံရင် အနိုင်ကျင့်ချင်တယ်။ မဟုတ်မခံဆိုရင် ရန်တွေ့ချင်တယ်။
စိတ်။ ။ အို……

ကျွန်။ ။ ……………… ဒီအပေါ်မှာ ဆရာကြီး ဘယ်လိုခံစားရလဲခင်ဗျ။
ဂု။ ။ နှိမ့်ကျသူကို နှိမ့်ချချင်တယ်။ မြင့်မြတ်သူကို ဆွဲချချင်တယ်။
စိတ်။ ။ ဒန့်………

ကျွန်။ ။ ……………… အဲဒီအတွက် အကြံဥာဏ်လေး ပေးပါဦး။
ဂု။ ။ ဖြည်းဖြည်းလုပ်ရင် အလုပ်မတွင်ဘူး။ မြန်မြန်လုပ်ရင် အမှားများမယ်။
စိတ်။ ။ ဂွိန်………

ကျွန်။ ။ ………………အဲဒါလေးကို သုံးသပ်ပြပါဦး။
ဂု။ ။ ဟိုငဲ့ဒီငဲ့ဆိုရင် ပျော့ညံ့တယ်။ ပြတ်ပြတ်သားသားဆိုရင် နှလုံးသားမရှိဘူး။
စိတ်။ ။ အိန်………

ကျွန်။ ။ နောက်ဆုံးမေးခွန်း မမေးခင် ဆရာကြီးရဲ့ သြ၀ါဒစကားလေး။
ဂု။ ။ မှတ်ထားကွဲ့၊ သန့်သန့်ပြန့်ပြန့်နေရင် မျက်ခုံးတွန့်ချင်တယ်။ ပေစုတ်စုတ်နေရင် နှာခေါင်းရှုံ့ချင်တယ်။
စိတ်။ ။ အော့… သြော်…

ကျွန်။ ။ နောက်ဆုံးအနေနဲ့ ဆရာကြီးရဲ့ သြ၀ါဒစကားလေး။
ဂု။ ။ (မျက်ခုံးကို ဘယ်ဖက်သို့ မသိမသာတွန့်၍ ညာဖက်နှုတ်ခမ်းကို ခပ်ပါးပါးရွဲ့ကာ) သူ့မှာရှိရင် မနာလိုမယ်။ ကိုယ့်မှာရှိရင် ၀န်တိုမယ်။
ကျွန်။ ။ ဆရာကြီးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မစို့မပို့ အဖြေတွေအတွက် လူထုကိုယ်စား ကျေးဇူးတင်ကြောင်းပါ ခင်ဗျား….။
ဂု။ ။ ကျုပ်ကလည်း အခုလို လူတွေကို ကလိခွင့်ရလို့ ၀မ်းသာပါတယ်တဲ့ဗျာ။

ဒီလိုနဲ့ ဂုရုကြီးနိမ်မိတအနားမှ အတွေးလမ်းကျဉ်းလေးအတိုင်း ဖဲခွာထွက်လျှောက်လာရင်း သူ့အဖြေတွေကို ခေါင်းထဲထည့်ကာ မြိန်မြိန်ကြီး စားပစ်လိုက်တော့၏။


ဆက်ဖတ်မယ်

Friday, May 28, 2010

မြတ်ဗုဒ္ဓသို့…


နှလုံးသားအာဟာရအတွက်
ဓမ္မဆေးကို တိုက်ကျွှေးတော်မူသော
အရှင်မြတ်ဘုရား ...
အရှင်ဘုရားအား
ဝိသာခါနက္ခတ် ယှဉ်စပ်သော
ဤနေ့မြတ်၌
ရင်ထဲတွင် အစဉ်အမြဲဖြစ်ပေါ်နေသော
အသင်္ခါရိက သမာဆန္ဒတို့ဖြင့်
ရိုသေတုပ်ဝပ် ရှိခိုးအပ်ပါသည်ဘုရား
အရှင်ဘုရား ရွာသွန်းပေးခဲ့သော
အေးချမ်းလတ်ဆတ် ဓမ္မမိုးစက်တို့သည်
ကျွန်ုပ်တို့၏ အားမာန်များဖြင့်စွက်ကာ
ခောတ်အဆက်ဆက် သွန်းဖြိုးအပ်ပါသည်ဘုရား

အရှင်ဘုရားရဲ့ ဓမ္မစည်ကြီးဟာ
ကျွန်ုပ်တို့ နှလုံးသားကို
နူးညံ့၊ ဖြူစင်၊ ရဲဝံ့စေတယ်
ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ စစ်ခင်းမှုကြားကို
တိုးဝင်ရှင်သန်စေတယ်
အမှန်တရားအတွက် ဆင်နွှဲရတဲ့
နှလုံးသားတိုက်ပွဲမှာ
ခွန်အားတွေကို တိုးပွားစေတယ်
သွေး၊ ချွေးတို့ ကျရှုံးသည့်တိုင်
အောင်ပွဲကို ဆင်နိုင်စေတယ်
စိတ်ဓာတ်အားအင်တွေကုန်ခမ်း
မောဟိုက်ပင်ပမ်းတဲ့အခါ
ညှိုးနွမ်းအားငယ်နေတဲ့ နှလုံးသားကို
ညအမှောင်ပန်း လရောင်ဆမ်းသလို
ပွင့်လန်း မွှေးပျံ့စေတယ်
အရှင်သည်
ကျွန်ုပ်တို့အတွက် ဘ၀တန်ဆောင်
အလင်းရောင် ဖြစ်ပေသည်တကား။ ။
(ဗုဒ္ဓနေ့တွင် ဤကဗျာဖြင့် မြတ်ဗုဒ္ဓအား ဒုတိယအကြိမ် ပူဇော်ပါ၏။)

ဆက်ဖတ်မယ်

Sunday, May 23, 2010

ကာရံမဲ့ ဘ၀များ


အဲဒီဘ၀လေးတွေအတွက် နာကျင်စွာကြေကွဲတတ်ဖို့
ခံစားချက်မျက်ရည်တွေ မကုန်မခမ်းနိုင်အောင်ရှိတယ်
ညာခြေတစ်ချောင်းနဲ့ ညာလက်တစ်ဖက်ဟာ
ဘီးလေးလုံးကတဲ့ယာဉ်ပေါ်မှာ တွဲချိတ်လို့
ကျေးဇူးရှင်ကို ကျွမ်းကျင်စွာပိုက်ထားတဲ့
ဘယ်လက်တစ်ဖက်နဲ့အတူ ဘယ်ခြေတစ်ချောင်းဟာ
ထောက်တည်ရာမဲ့ လေထဲမှာ ၀ဲလို့
ဘယ်လောက်စည်းချက်မှန်တဲ့
ပရန်းပတာ ဆန်မှုလဲ။

ဝမ်းရေးဆိုတဲ့ ပန်းတိုင်တစ်ခုတည်းအတွက်
အသက်ကို တစ်ခြမ်းစတေးလို့
ကဗျာမဆန်တဲ့ အဲဒီဘ၀လေးတွေထဲကို
ပရော်ဖက်ရှင်နယ်ဆန်ဆန်တောင်
တိုးဝင်ရုန်းကန် ရှင်သန်ခဲ့ဖူးတယ်
ပန်းတိုင်ကိုရောက်ဖို့ ဘယ်ရွေ့ဘယ်မျှ
လျှောက်လှမ်းရမယ်ဆိုတာတော့ မသိခဲ့ဘူး
ဖန်ဝါ၀ါနေလုံးကို ခပ်ပြောင်ပြောင်ခေါင်းပေါ်မှာ
ခပ်စောင်းစောင်းတင်ထားတဲ့ အချိန်ထိတောင်
မဲမှောင်မှောင်ခွက်တစ်လုံးက လက်ထဲရှိနေတုန်း
ပန်းတိုင်အတွက် ရိက္ခာဆိုတာဟာ
အဲဒီအချိန်အထိ မစုံကြသေးဘူး
အဲဒီအချိန်က ငါတို့နားမလည်သေးတဲ့
သိက္ခာဆိုတာတော့ ကုန်လုနေခဲ့ပေါ့။

တကယ်တော့
မီးလောင်ပြင်လို ပူလောင်ကြမ်းတမ်းတဲ့
ဘ၀ခရီးလမ်းထဲကနေ သိက္ခာတွေကိုသယ်ထုတ်ဖို့
ငါတို့မှာ အတောင်တွေမှ မစုံကြသေးပဲ
သိမ်မွေ့နုနယ်မှုတွေ ချမ်းသာသမျှ
ခက်ထန်ကြမ်းတမ်းမှုတွေ ကြွယ်ဝနေခဲ့ကြတယ်
ဘယ်လောက်လှပတဲ့ ပဋိပက္ခလေးလဲ
လောကဓံကို ရယ်သွမ်းသွေးဖို့တော့
ငါတို့ မရင့်ကျက်ခဲ့ကြသေးဘူး။

တစ်ခါတစ်ရံ
မမြင်ရတဲ့ သစ္စာတရားတို့ကများ
လက်တွဲကာထူ ဖေးကူလေကြသလား
လိုအပ်ခြင်းတွေ လောင်မြိုက်နေတဲ့ငါတို့ကို
ကရုဏာတွေနဲ့ပွေ့ဖက်လို့ ငြှိမ်းသက်ပေးလိုက်ကြရဲ့
အရေးမကြီးပေမယ့် လိုအပ်နေတဲ့ပန်းတိုင်အတုဟာ
အဲဒီအခိုက်အတန့်လေးမှာတော့
မသိစိတ်ထဲမှာ ခေတ္တအနားယူနေလေရဲ့
လောကရိုးရာ ပန်းတိုင်သွားလမ်းကျဉ်းလေးဟာ
အဲဒီအချိန်မှာတော့ ဟန်ဆောင်ခြင်းတွေနဲ့
ချောမွေ့ပြေဆင်းလို့ပေါ့။ ။

ဆက်ဖတ်မယ်

Wednesday, May 19, 2010

မဆုံးတဲ့စာ


တို့မြန်မာတတွေ
တုံးတုံးအအ လူလုံးမလှသဖြင့်
ယူကျုံးမရ ဖြစ်ရသည်
ရိုးတာအတာ ခွဲစိတ်ဖြာဖို့
သမိုင်းအတိတ်ပညာ ရှိရမည်
ရေရှည်စဉ်စား ပညာစကားဖြင့်
အမှန်တရားကို ချစ်ရမည်
သူ့စရိုက်သဘော တွေးစစ်ကြောဖို့
ကိုယ့်စိတ်မနော ဖြူရမည်
ရိုးရိုးဝတ်စား မပလွှားပဲ
တွေးခေါ်ဆန်းပြား ရှိရမည်
မှန်ကန်စွာဖြင့် တွေးခေါ်ချင့်ဖို့
အလေ့အကျင့် ရှိရမည်
အကြွားမပါ နှစ်နှစ်ကာဖြင့်
စေတနာစစ်စစ် ရှိရမည်
ဘ၀ချိုးကွေ့ သတိမမေ့ဖို့
အထိအတွေ့ များရမည်
ဖြစ်ပြန်ပျက်ပြန် လောကဓံကို
ကြံ့ကြံ့ခံ၍ လှန်ရမည်
တို့ပြေတို့မြေ ငြိမ်းချမ်းစေဖို့
လိုက်လျောညီထွေ နေရမည်
သတ္တ၀ါအများ ရင်ဝယ်သားလို
မေတ္တာတရား ထားရမည်
တို့မြန်မာတတွေ တိုးတက်စေဖို့
အမျိုးကျက်သရေကို ဆောင်ရမည်
…………………… ………………….
……………………. …………………။ ။

ဆက်ဖတ်မယ်

Sunday, May 16, 2010

အပူသည်


ကိန္နရီပုံတည် မြန်မာပြည်၌
စေတီထီးနန်း ရွှေရောင်လွှမ်းလည်း
ပန်းတွေမလန်း စမ်းရေခမ်းလို့
တောတောင်မသာ မာလာမမွှေး
ငှက်တေးမဆို တိမ်ညိုမပျိုး
မိုးရိပ်မဆင် ကွင်းပြင်မစိမ်း
မိုးခြိမ်းမညံ သက်တံမလင်း
လေညှင်းမလာ နေအစင်းတစ်ရာသို့
ရှိတော့သည်။

ဓမ္မတာမမျှ သဘာဝကြောင့်
ဂေဟပျက်ယွင်း ပူပန်ခြင်းသည်
ခပင်းသတ္တ၀ါ မလပ်ပါအောင်
ဆူဆူကျိုက်ကျိုက် လောင်ကာမြိုက်သည်
တစ်ဘ၀သံသရာ ကုန်ဆုံးခါမှ
ဝိပါက်မပါ ငြိမ်းမည့်ဟာတည်း

ဗုဒ္ဓကျမ်းလာ မြတ်ဓမ္မာဖြင့်
မေတ္တာခြုံရန် စိတ်ရည်သန်၍
လောကဓံကို ခုခံလိုလည်း
ခိုင်မာစိတ်ထား ယိမ်းယိုင်သွားက
လောဘသားကောင် ဒေါသမုဆိုး
အဖြစ်မျိုးနှင့် ကြုံရိုးအမှန်
ဖန်ဖန်ခံစား ထိုလူသား၏
ရင်တွင်းအပူ သာ၍ဆူသည်
ဘယ်သူလာ၍ ငြှိမ်းအံ့နည်း။ ။

ဆက်ဖတ်မယ်

Thursday, May 13, 2010

လူနှင့်လူ


လူ့လောကတွင် လူဖြစ်ရတာကို ဂုဏ်ယူသင့်သည်၊
လူတို့ကမ္ဘာတွင် လူဖြစ်နိုင်ခွင့်အတွက်
လူဖြစ်အောင်ကြိုးစားရန် လူ့အခွင့်အရေးတွေရှိသည်၊
လူသည် လူ့အတွက်သာမက လောကကြီးတစ်ခုလုံးအတွက်ပါ
လူစွမ်းကောင်းလုပ်ခွင့်ရှိသည်၊
လူညံ့၊ လူလတ်၊ လူမြတ် အဖြစ်ကို လူတိုင်း လူလို ရွေးချယ်နိုင်ခွင့်ရှိသည်။

လူသည် ရယ်လည်းရယ်တတ်သလို ငိုလည်းငိုတတ်သည်၊
လူသည် ပြုံးလည်းပြုံးတတ်သလို မဲ့လည်းမဲ့တတ်သည်၊
လူသည် ၀မ်းလည်းသာတတ်သလို ၀မ်းလည်းနည်းတတ်သည်၊
လူသည် ဟန်လည်းဆောင်တတ်သလို ရိုးလည်း ရိုးသားတတ်သည်၊
လူသည် လည်လည်းလည်တတ်သလို အလည်း အတတ်သည်၊
လူသည် ကြမ်းလည်း ကြမ်းတမ်းတတ်သလို ယဉ်လည်းယဉ်ကျေးတတ်သည်၊
လူတို့တွင်သာရှိသော ဤလူ့အရည်အချင်းများသည် လူအချင်းချင်းကို ခွဲခြားထားသည်။

လူကို လူဖြစ်အောင် လူကလုပ်ယူသည်၊
လူကို လူမဟုတ်အောင်လည်း လူက ဖျက်စီးသည်။
လူအချင်းချင်းအတွက်သာလျှင်
လူတို့သည် လူဖြစ်နေကြသည်၊
လူမရှိလျင် လူသည် လူဖြစ်မလာနိုင်
လူကြောင့် လူသည် လူဖြစ်လာ၏၊
လူကြောင့် လူသည် လူဆင်းရဲဖြစ်လာ၏၊
လူကြောင့် လူသည် လူချမ်းသာဖြစ်လာ၏၊
လူကြောင့် လူသည် လူယုတ်လူညံ့ဖြစ်လာ၏၊
လူကြောင့် လူသည် လူကောင်းလူမြတ်ဖြစ်လာ၏၊
လူသည် ကြောက်စရာသတ္တ၀ါဖြစ်သလို ချစ်စရာ သတ္တ၀ါလည်းဖြစ်၏။

လူတို့သည် တစ်ခါတစ်ရံ လူကို
လူဟုနားမလည်ကြ၊
လူကို ငါဟုထင်နေကြသည်၊
လူကို သူဟုထင်နေကြသည်၊
လူကို သူဌေးဟုထင်နေကြသည်၊
လူကို သူဆင်းရဲဟု ထင်နေကြသည်၊
လူတို့သည် လူ့လောကတွင်
လူသာဖြစ်သင့်သည်၊
လူ၏တန်ဖိုးကို လူတိုင်း
လူလိုနားလည်သင့်သည်၊
လူသည် အမြင်ကျယ်သင့်သည် ဖင်မကျယ်သင့်
လူသည် အမြင်မြင့်သင့်သည် ဘ၀င်မမြင့်သင့်
လူတိုင်းသည် ကြီးကျယ်မြင့်မြတ်သင့်သည်၊
ထိုအချိန်တွင် ………
လူတိုင်းသည် လူနှင့်တူသော လူဖြစ်လာလိမ့်မည်၊
ထိုအခါ ……….
လူ့အထက်တန်းစားလည်း မရှိတော့
လူ့အောက်တန်းစားလည်း မရှိတော့
လူ့လောကကြီးသည် တစ်ပြေးညီ ငြိမ်သက် တည်ကြည်နေတော့၏။

လူသည် လူကိုမှီ၍ သန့်စင်သောပီတိနှင့်အတူ လူဖြစ်လာ၏၊
လူသည် လူကိုမှီ၍ ညစ်နွမ်းသော ၀မ်းမြောက်မှုနှင့်အတူ လူဖြစ်လာ၏၊
လူကိုမှီပြီး လူမဖြစ်ရအောင် လူကို လူသည် ဥပေက္ခာပြုထားနိုင်၏၊
လူသည် လူကို ဥပေက္ခာပြုထားသောခါ
လူသည် လူနှင့်ကင်းသောလူဖြစ်လာ၏၊
လူသည် လူနှင့်ကင်းသော လူဖြစ်လာသောအခါ ပရမတ္ထလူသားဖြစ်လာ၏၊
လူတိုင်း ပရမတ္ထလူသား မဖြစ်နိုင်သည့်တိုင် လူတိုင်း ပရမတ္ထလူသား ဖြစ်နိုင်ခွင့်ရှိ၏၊
လူသည် ပရမတ္တလူသားဖြစ်လာသောအခါ လူကြောင့် လူထပ်ဖြစ်မလာနိုင်တော့၊
လူသည် လူကြောင့် လူထပ်ဖြစ်မလာသောအခါ
လူပျော်ကြီး၊ လူရိုးကြီး၊ လူကောက်ကြီး၊ လူတည်ကြီး၊
လူပေါကြီး၊ လူတေကြီး၊ လူယုတ်ကြီး၊ လူတော်ကြီး လည်းဖြစ်မလာနိုင်တော့၊
ဤသို့ဖြင့် ……….
လူသည် လူနှင့်တကွသော သံသရာကြီးကို လူ့စွမ်းပကားဖြင့် ဖြတ်သိမ်းလိုက်တော့၏။

ဆက်ဖတ်မယ်

Monday, January 11, 2010

စိတ္တဇ ညဉ်းချင်း


ငါမြတ်နိုးမိရဲ့
ငါ့ကို သုခတွေပေးတဲ့
အကြင်နာတရားတို့ရဲ့
ဟန်ဆောင်ခြင်းကို

ငါမျှော်မှန်းမိရဲ့
တံတိုင်းတစ်ဖက်ခြားထားတဲ့
ဒုက္ခတို့ရဲ့
ဆန့်ကျင်ဘက်ဖြစ်တည်ခြင်းကို

ငါတမ်းတမိရဲ့
လွင့်စင်ကျလာမယ့်
အသက်ရှင်ခြင်းရဲ့
အာဟာရကို


ငါလွမ်းဆွတ်မိရဲ့
ကြည်နူးမိခဲ့တဲ့
သင်္ခါရတရားတို့ရဲ့
တဒင်္ဂချမ်းသာခြင်းကို

ငါအောက်မေ့မိရဲ့
ပိတ်လို့ ဖွင့်လို့ရမယ့်
တံခါးတစ်ချပ်ရဲ့
စာနာသနားခြင်းကို

ငါရွံမုန်းမိရဲ့
ငါ့ဘ၀အတွက်
သတ်မှတ်ထားတဲ့
မှောင်မဲပိန်းပိတ်
တိတ်ဆိတ်ခြင်းရဲ့
ဆူညံသံကို ။ ။

ဆက်ဖတ်မယ်

Blogger template 'CoolingFall' by Ourblogtemplates.com 2008