
ရည်ရွယ်ကာထား ပန်းတိုင်များကား
ဝင့်ဝင့်ကြွားကြွားရှိပါ၏။
လျှောက်ရမည့်လမ်း ခရီးကြမ်းလည်း
ပင်ပင်ပမ်းပမ်း ရှိပါ၏။
ပန်းတိုင်ရောက်ရန် လမ်းစဉ်မှန်သမျှ
သူတော်တရား မဖောက်ပြားဘဲ
စွန့်စွန့်စားစား လျှောက်လှမ်းသွားဖို့
စိတ်ဆန္ဒအား ရှိပါ၏။
တစ်ဘ၀စာ ဒီခန္ဓာအတွက်
ဤသို့ရည်မှန်း ပန်းတိုင်နန်းကား
တိုင်းသူပြည်သား လူအများတို့
အကျင့်သိက္ခ စာရိတ္တနှင့်
ပြည့်ဝစုံလင် ပညာသင်လျက်
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဌာနီကို
ကိုယ်စီကိုယ်ငှ ကိုယ့်ဘ၀ဖြင့်
ပိုင်နိုင်ကျစ်လစ် တည်ခြင်းဖြစ်၏။
ရဟန်းဘ၀ တစ်သက်မျှတွင်
မှီခိုမရှိ လွတ်လပ်ဘိသဖြင့်
မှန်ကန်သည့်အား အကျိုးများလျှင်
ထောက်ထားစရာ မျက်နှာမရှိ
ဂတိမပါ ယုံကြည်ရာကို
ထိရောက်မိစွာ ဆောင်နိုင်ပါ၏။
ရည်ရွယ်ရာလမ်း လျှောက်နိုင်စွမ်းဖို့
အခါမလင့် လုပ်ပိုင်ခွင့်ကို
မငြင်မငြို ရလိုပါ၏။
လျှောက်လှမ်းရာလမ်း ခရီးကြမ်းတွင်
ဝေဖန်ရှုံ့ချ ချီးကျူးသမျှကို
အထောက်အကူ ထင်မှတ်ယူလျက်
တူရူပန်းတိုင် ငါရောက်နိုင်အောင်
စိတ်ခိုင်ခိုင်ထား ငါကြိုးစားဖို့
ယောင်္ကျားသတ္တိ မွေးပါ၏။
Type rest of the post here
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

ဒို့ညီအကို ဒီလိုအိပ်မောကျ
အိပ်မက်လှလှထဲမှာ
ဆင်းရဲဒုက္ခဆိုတာမရှိဘူး။
အားအင်တွေ ပျက်နေရင်
တယောက်ကို တယောက်
ဒီလိုဖက် အိပ်မက်ပြင်းပြင်းထဲမှာ
ဒို့…ထမင်းမငတ်ဘူး။
နေပြင်းတွေပူချင်ပူ
မိုးရေတွေ စိုချင်စို
အိပ်မက်ချိုချိုထဲမှာ မင်းမငိုရဘူး။
မနက် စောချင်စော
နေ့ လင်းချင်လင်း
ည ချုပ်ချင်ချုပ်
ပစ္စုပ္ပန်အိပ်မက်ထဲမှာ
ဒို့အတွက်…
အတိတ်မရှိဘူး၊ အနာဂတ်မရှိဘူး။
အဆင်ပြေခြင်းခဏတွေ ရပ်တန့်
အိပ်မက်တွေက လန့်နိုးတဲ့အခါ
အလှတရားမရှိတဲ့
ဘ၀ခါးခါးကို ရင်ဆိုင်ဖို့ပြင်ရင်း
ကံကြမ္မာနဲ့ဒို့ တိုက်ပွဲဝင်ကြတာပေါ့ကွာ။
"
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်
ကြွက်ကလေးနဲ့ကျွန်တော်
အခန်းကျဉ်းလေးထဲ
နှစ်ကောင်ထဲရယ်
ကျွန်တော်ညစာစားပြီးတိုင်း
စားပွဲအောက်ထိုးထားလေ့ရှိတဲ့
ပန်းကန်ထဲက အကြွင်းအကျန်ကို
သူလေအမြဲ လာလာဆွဲတယ်။
စွန့်လွှတ်ထားပေမယ့်
ငါ ငါ့ဥစ္စာဆိုတဲ့
မွေးရာပါ အမနုဿ
မစ္ဆရိယစိတ်ကလေးက
ကျွန်တော့် အတ္တကို
လာလာ နှောက်တယ်
သတိလေးကို နည်းနည်းချပ်
မေတ္တာဓာတ်ကလေးကပ်လိုက်မှ
သူ့အပေါ် ကျွန်တော်
ကြည်ဖြူသွားတယ်။
သူ့ကို ကျွန်တော်
အသိအမှတ်ပြုဖို့ ကြိုးစားတယ်
သူက ကျွန်တော့်ကို
အသိအမှတ်မပြုဘူး
သူ့ကို ချဉ်းကပ်တိုင်း
ကျွန်တော့်ကို ရှောင်ရှောင်ပြေးတယ်
ကျေးဇူးမသိတတ်တဲ့ကြွက်
ကိုယ့်ကိုယ်ကို
မာနရှိလို့ရှိမှန်း မသိတဲ့ကြွက်
ကဲကွာ………….။
ဒီလိုပါပဲ
တစ်ခါတလေ
မစ္ဆရိယနဲ့ယှဉ်တဲ့
လောဘကို ဘရိတ်အုပ်နိုင်ပေမယ့်
မာနနဲ့ယှဉ်တဲ့
ဒေါသကို မထိန်းချုပ်နိုင်ဘူး။ ။
the end
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်
အပေါ်ယံအသိရဲ့လက်ခံဖြတ်ပိုင်းထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
ရုပ်ကြမ်းကြီးနဲ့နွဲ့တဲ့ အစဉ်အလာထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အရှက်တရားတို့ရဲ့ မာယာထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
လှည့်စားတတ်တဲ့ ကြီးမြတ်မှုထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အဆောင်အယောင်တို့ရဲ့ အယောင်ဆောင်ချဉ်ခြင်းထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
လက်ခုပ်သြဘာသံတို့ရဲ့ အမှောင်အတိစီးမျောမှုထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အဖြူနဲ့အမဲကိုကျောခိုင်း
ရောင်စုံတွေနဲ့ ထင်ရာစိုင်းတဲ့ လောကကြီးထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
တကယ်တော့ သူဟာ
အရှိတရားကိုစွန့်ခွာ
အမှန်တရားထွက်ပြေးသွားတဲ့နောက်
တကောက်တကောက်လိုက်နေတဲ့
ဘုကျကျ သူပုန်တစ်ယောက်ပါ။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

မဲမှောင်မွန်းကြပ်မှုတွေက လွတ်မြောက်ဖို့
ခက်ခဲရှုပ်ထွေးတဲ့ ထွက်ပေါက်တွေထဲ
ယောက်ယက်ခတ်တိုးဝင်ခဲ့ဖူးတယ်
လိုအင်ဆန္ဒတို့ရဲ့ ဂယက်ထမှုအတိုင်းအတာဟာ
နှိုင်းစရာရှာမရအောင် ကျယ်ပြန့်လွန်းလှပေါ့
ပင်လယ်တွေ ကျယ်ငံသလောက်
တောတောင်တွေမဲခါးလာတယ်
ဘယ်ညာလွဲမှားနေတဲ့
အဲဒီမျဉ်းပြိုင်နှစ်ကြောင်းဟာ
ဘယ်သောအခါမှ ဆုံတွေ့နိုင်တော့မလဲ
လိပ်ပြာလွင့်လောက်တဲ့အတွေးမျိုး
ရင်ထဲကို တိုးရှိုးဝင်ရောက်လာတိုင်း
ချိုရှရှကြက်သီးပေါက်ကလေးတွေ
တစ်ကိုယ်လုံးပေါ်မှာ ပြေးလျှောက်လို့
ငါ့ဝိဉာဉ်ရဲ့သွားရာလမ်းမှာ
တပ်မက်မှုတွေလောင်ကျွမ်းလို့
ငါ့စိတ်အစဉ်ကြည်လင်ခိုက်မှာ
ရက်စက်မှုတွေ လောင်မြိုက်လို့
ငါသံသယကင်းစွာ ရှုရှိုက်လိုက်တဲ့
ခပ်မိုက်မိုက် လေညှင်းလေးတွေထဲမှာ
ကြည်နူးဖွယ်ရာ အဆိပ်ငွေ့တွေဟာ
တစ်ရိပ်ရိပ်နဲ့ ငါ့ကိုလှည့်စားသွားပေါ့
နွေတစ်ရာလိုပူပြင်းတဲ့ ကန္တာရထဲမှာ
ငါဟာ ဒဏ်ရာတွေနဲ့ မောဟိုက်လို့
အစွန်းရောက် အကြမ်းဖက် သမာပတ်တွေ
ငါ့ဝိပဿနာထဲ မ၀င်ရောက်ခင်အထိ
နာကျင်ကြေကွဲခြင်းရဲ့အဆုံးကိုလျှောက်ဖို့
ခြေရာတွေ ထားခဲ့ကြပါဦး
ခံစားချက်ပုဒ်စာကို ကြက်ခြေခတ်တွေနဲ့
မရက်စက်လိုက်ကြပါနဲ့
အရှိတရားနဲ့ အဖြစ်တရားဟာ
နှလုံးသားသီအိုရီနဲ့ မြှောက်လိုက်မှ
အဖြေမှန်ဖြစ်လာနိုင်မှာပါ
အပြစ်ကင်းတဲ့ ခံစားချက်ဆိုရင်
အမှန်ခြစ်ပေးပါ
သူ့မှာ အဖြူနဲ့အမည်းပဲရှိတယ်
ဘ၀တစ်လျှောက်ရဲ့
နာကျင်ဖွယ်ရာခဏတိုင်းအတွက်
အကျည်းတန်မျက်ရည်စတွေဟာ
မခမ်းခြောက်နိုင်တော့ပါဘူး
ဒီလိုပါပဲ
မောပန်းနွမ်းလျစွာမြတ်နိုးရဖို့
ငါ့ဘ၀ဟာ ဒဏ်ရာတွေနဲ့လှပခဲ့တယ်
အခုတော့
နှလုံးသားထဲကို စီးဆင်းသွားမယ့်
အတွေးဆီးနှင်းပေါက်တို့ရဲ့
သုညဒီဂရီအောက်အေးမြခြင်းကို
တမ်းတနေမိပေါ့
ပြီးတော့
ရင်ခွင်ထဲမှာပိုက်ထားတဲ့ အမှိုက်တွေကို
ခုတ်ထွင်ရှင်းလင်းလိုက်တဲ့အချိန်မှာရမယ့်
ရိုးသားတဲ့ အနံ့အသက်မဲ့ လေပြေလေးကို
အားရပါးရရှုရှိုက်လိုက်ချင်တော့တယ်။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

ဟင့်အင်း…
ငါမကြားရဘူး
မင့်ရင်ခုန်သံတွေ စွံ့အနေတယ်
အော်…
မင်းကမှ ရင်မခုန်တတ်ပဲ
မဟုတ်ဘူး…
မင်းက ရင်ခုန်ရကောင်းမှန်းမသိတာ
မဟုတ်သေးဘူး…
မင်း ရင်မခုံရဲတာဖြစ်ရမယ်
မင်းရဲ့ ရင်ခုန်သံကို
တစ်စုံတစ်ခု စောင့်ကြည့်နေတယ်
မင်းက ရင်မခုန်ရဲတော့
ရင်ခုန်လို့ရတယ်ဆိုတာကို မသိဘူးပေါ့
ရင်ခုန်သင့်တယ်ဆိုတာမသိတော့
ရင်မခုန်တတ်တော့ဘူးပေါ့
ရင်မခုန်တတ်တော့
မင့်ရင်ခုန်သံတွေ ထုံထိုင်းစွံ့အ ကုန်ပြီပေါ့
ဘာမှအားမငယ်နဲ့သူငယ်ချင်း
မင်းဘေးမှာငါရှိတယ်
မင်းလည်းလမ်းပေါ်ကလူ
ငါလည်းလမ်းပေါ်ကလူ
မင်းနဲ့ငါ ဘ၀တူပဲ
အသိတရားတွေနဲ့
တို့တွေရင့်ကျက်လာရင်
မင်းက ဘင်လာဒင်လုပ်
ငါက ဟစ်တလာလုပ်မယ်
အချစ်ဆုံးတွေကို ထားရစ်ခဲ့မယ်
အနီးဆုံးတွေကို အရင်ရှင်းမယ်
အဝေးဆုံးတွေကို အမီလိုက်မယ်
ကြည့်မနေနဲ့ကွာ အဲဒါ မာယာတွေ
အဖြူနဲ့အမဲကို ကာလာတွေခွဲပြီး
ဒို့ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေကြတာ
ဒီကမ္ဘာကြီးကို ငါတို့ငဲ့ကွက်နေစရာ မလိုဘူး။
ဒီမှာသူငယ်ချင်း…
ဘ၀ကိုနားမလည်ခြင်းဆိုတာ လွတ်လပ်ခြင်းပဲကွ
အသိတရားတွေ အပြစ်ကင်းကင်းနဲ့ ဆင်းရဲနေချိန်မှာ
ဟောဒီကမ္ဘာကြီးက ငါတို့ကို ချမ်းသာမပေးခဲ့ဘူး
စိမ်းလန်းခြင်းတွေကွယ်ပျောက်
ရေကြည်တွေနောက်လို့
တောချောက်နေတဲ့ ဟောဒီကမ္ဘာကြီးမှာ
အထက်ကိုမရောက်
အောက်ပြီးတော့ အောက်ရောက်
မျှော်လင့်ချက်တွေ ကုန်းကောက်ရင်း
အမောဖောက်နေခဲ့တာ မင်းနဲ့ငါ
ထပ်ကိန်းတွေနဲ့ အစားခံလိုက်ရတဲ့
ငါတို့ရဲ့ အဖြူရောင်သက္ကရာဇ်တွေဟာ
နောက်တစ်ခါ စင်ကြယ်ဖို့ မလွယ်တော့ဘူးကွ
အား ……….
မင်းကိုချစ်ရတာ
ခံတွင်းပျက်တယ်၊ ရေငတ်တယ်၊ ရင်ခါးတယ်
လွင့်ပစ်လိုက်တော့
မင်းရင်ထဲက ကြိမ်နှုန်းမဲ့ အီးစီဂျီကို
အသက်ရှင်ပြီး ရင်ခုန်သံမဲ့နေတဲ့ဘ၀တွေကို
ငါ မခံစားနိုင်တော့ဘူးကွာ။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

မောင်လေး
လာ
မကိုဖက်ထား
မင်းကို ပွေ့ချီနိုင်တဲ့အားတွေတော့
မမှာရှိတယ်
ကံကြမ္မာက တို့ကိုမသနားလဲ
သူ့ကို ဒို့…
နားလည်ပေးရမှာပဲ
ရော့…
ရေလေးတစ်ခွက် သောက်လိုက်
မင်းမှာ အဲဒီအခွင့်ရေးတော့ရှိတယ်
ဒီမှာ…
ဒါလေးစားလိုက်
အို…
ကြိုက်ကြိုက် မကြိုက်ကြိုက်ကွယ်
ပေးပေး
မသုတ်ပေးမယ်
မင်းပါးစပ်မှာ ရေတွေဝေ့နေတယ်
လာအုံး
မရင်ခွင်ထဲကို
ဘေးမှာ အရိပ်မဲတွေရှိတယ်
တင်းထားကွဲ့
မတို့ကို သူတို့ကြည့်နေတယ်
တချို့က
စာနာသနားဖို့
တချို့က
သုတ်သင်ရှင်းလင်းဖို့
တချို့က
သင်ခန်းစာယူဖို့
တချို့က
အသုံးချဖို့
ဒို့အတွက်တော့
ဘယ်သူမှ အသုံးမကျဘူး
အို….
ဘာဖြစ်ဖြစ် မ မမှုဘူး
ဒို့ ကိုယ်ပိုင်ကမ္ဘာလေးဟာ
သူတို့ စွက်ဖက်စရာမဟုတ်ဘူး
မကိုယုံပါကွယ်
မမှာ မယုံနိုင်လောက်အောင်
ကြီးကျယ်တဲ့အချစ်တွေရှိတယ်
ငါးနှစ်ရှစ်လောက် ကြီးတယ်
ချစ်တယ်ဆို ပြီးရောကွယ်
သူ့မှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်
မင်းမျက်ရည်တွေဟာ
မအတွက် အခါးဆုံးပေါ့
မချွေးသီးတွေကတော့
မင်းအတွက် အချိုဆုံးဖြစ်စေမယ်
မင်းရဲ့ငိုကြွေးသံဟာ
မအတွက် အဆိပ်ခါးခါးတစ်ခွက်ပေါ့
မရဲ့ပေါက်ကွဲသံကတော့
မင်းအတွက် ပျားရည်တစက်ဖြစ်စေမယ်
မရဲ့ ကျိုးတိုးကျဲတဲ အရိပ်ဟာ
မင်းတစ်ယောက်ကိုတော့
ထွေးသိပ်နိုင်မှာပါ
ဟော!
အရိပ်မဲတွေ ဒို့ဆီလွင့်လာပြီ
အဲဒါ ဒုတိယနဲ့ စတုတ္ထ အမျိုးအစားပဲ
လာကွယ် သွားကြစို့
သူတို့ရဲ့ပေတံ အဟောင်းကြီးထဲမှာ
ဒို့
မီလီမီတာတွေ မလုပ်တော့ဘူး။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

နှလုံးသားအာဟာရအတွက်
ဓမ္မဆေးကို တိုက်ကျွှေးတော်မူသော
အရှင်မြတ်ဘုရား ...
အရှင်ဘုရားအား
ဝိသာခါနက္ခတ် ယှဉ်စပ်သော
ဤနေ့မြတ်၌
ရင်ထဲတွင် အစဉ်အမြဲဖြစ်ပေါ်နေသော
အသင်္ခါရိက သမာဆန္ဒတို့ဖြင့်
ရိုသေတုပ်ဝပ် ရှိခိုးအပ်ပါသည်ဘုရား
အရှင်ဘုရား ရွာသွန်းပေးခဲ့သော
အေးချမ်းလတ်ဆတ် ဓမ္မမိုးစက်တို့သည်
ကျွန်ုပ်တို့၏ အားမာန်များဖြင့်စွက်ကာ
ခောတ်အဆက်ဆက် သွန်းဖြိုးအပ်ပါသည်ဘုရား
အရှင်ဘုရားရဲ့ ဓမ္မစည်ကြီးဟာ
ကျွန်ုပ်တို့ နှလုံးသားကို
နူးညံ့၊ ဖြူစင်၊ ရဲဝံ့စေတယ်
ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ စစ်ခင်းမှုကြားကို
တိုးဝင်ရှင်သန်စေတယ်
အမှန်တရားအတွက် ဆင်နွှဲရတဲ့
နှလုံးသားတိုက်ပွဲမှာ
ခွန်အားတွေကို တိုးပွားစေတယ်
သွေး၊ ချွေးတို့ ကျရှုံးသည့်တိုင်
အောင်ပွဲကို ဆင်နိုင်စေတယ်
စိတ်ဓာတ်အားအင်တွေကုန်ခမ်း
မောဟိုက်ပင်ပမ်းတဲ့အခါ
ညှိုးနွမ်းအားငယ်နေတဲ့ နှလုံးသားကို
ညအမှောင်ပန်း လရောင်ဆမ်းသလို
ပွင့်လန်း မွှေးပျံ့စေတယ်
အရှင်သည်
ကျွန်ုပ်တို့အတွက် ဘ၀တန်ဆောင်
အလင်းရောင် ဖြစ်ပေသည်တကား။ ။
(ဗုဒ္ဓနေ့တွင် ဤကဗျာဖြင့် မြတ်ဗုဒ္ဓအား ဒုတိယအကြိမ် ပူဇော်ပါ၏။)
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

အဲဒီဘ၀လေးတွေအတွက် နာကျင်စွာကြေကွဲတတ်ဖို့
ခံစားချက်မျက်ရည်တွေ မကုန်မခမ်းနိုင်အောင်ရှိတယ်
ညာခြေတစ်ချောင်းနဲ့ ညာလက်တစ်ဖက်ဟာ
ဘီးလေးလုံးကတဲ့ယာဉ်ပေါ်မှာ တွဲချိတ်လို့
ကျေးဇူးရှင်ကို ကျွမ်းကျင်စွာပိုက်ထားတဲ့
ဘယ်လက်တစ်ဖက်နဲ့အတူ ဘယ်ခြေတစ်ချောင်းဟာ
ထောက်တည်ရာမဲ့ လေထဲမှာ ၀ဲလို့
ဘယ်လောက်စည်းချက်မှန်တဲ့
ပရန်းပတာ ဆန်မှုလဲ။
ဝမ်းရေးဆိုတဲ့ ပန်းတိုင်တစ်ခုတည်းအတွက်
အသက်ကို တစ်ခြမ်းစတေးလို့
ကဗျာမဆန်တဲ့ အဲဒီဘ၀လေးတွေထဲကို
ပရော်ဖက်ရှင်နယ်ဆန်ဆန်တောင်
တိုးဝင်ရုန်းကန် ရှင်သန်ခဲ့ဖူးတယ်
ပန်းတိုင်ကိုရောက်ဖို့ ဘယ်ရွေ့ဘယ်မျှ
လျှောက်လှမ်းရမယ်ဆိုတာတော့ မသိခဲ့ဘူး
ဖန်ဝါ၀ါနေလုံးကို ခပ်ပြောင်ပြောင်ခေါင်းပေါ်မှာ
ခပ်စောင်းစောင်းတင်ထားတဲ့ အချိန်ထိတောင်
မဲမှောင်မှောင်ခွက်တစ်လုံးက လက်ထဲရှိနေတုန်း
ပန်းတိုင်အတွက် ရိက္ခာဆိုတာဟာ
အဲဒီအချိန်အထိ မစုံကြသေးဘူး
အဲဒီအချိန်က ငါတို့နားမလည်သေးတဲ့
သိက္ခာဆိုတာတော့ ကုန်လုနေခဲ့ပေါ့။
တကယ်တော့
မီးလောင်ပြင်လို ပူလောင်ကြမ်းတမ်းတဲ့
ဘ၀ခရီးလမ်းထဲကနေ သိက္ခာတွေကိုသယ်ထုတ်ဖို့
ငါတို့မှာ အတောင်တွေမှ မစုံကြသေးပဲ
သိမ်မွေ့နုနယ်မှုတွေ ချမ်းသာသမျှ
ခက်ထန်ကြမ်းတမ်းမှုတွေ ကြွယ်ဝနေခဲ့ကြတယ်
ဘယ်လောက်လှပတဲ့ ပဋိပက္ခလေးလဲ
လောကဓံကို ရယ်သွမ်းသွေးဖို့တော့
ငါတို့ မရင့်ကျက်ခဲ့ကြသေးဘူး။
တစ်ခါတစ်ရံ
မမြင်ရတဲ့ သစ္စာတရားတို့ကများ
လက်တွဲကာထူ ဖေးကူလေကြသလား
လိုအပ်ခြင်းတွေ လောင်မြိုက်နေတဲ့ငါတို့ကို
ကရုဏာတွေနဲ့ပွေ့ဖက်လို့ ငြှိမ်းသက်ပေးလိုက်ကြရဲ့
အရေးမကြီးပေမယ့် လိုအပ်နေတဲ့ပန်းတိုင်အတုဟာ
အဲဒီအခိုက်အတန့်လေးမှာတော့
မသိစိတ်ထဲမှာ ခေတ္တအနားယူနေလေရဲ့
လောကရိုးရာ ပန်းတိုင်သွားလမ်းကျဉ်းလေးဟာ
အဲဒီအချိန်မှာတော့ ဟန်ဆောင်ခြင်းတွေနဲ့
ချောမွေ့ပြေဆင်းလို့ပေါ့။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

တို့မြန်မာတတွေ
တုံးတုံးအအ လူလုံးမလှသဖြင့်
ယူကျုံးမရ ဖြစ်ရသည်
ရိုးတာအတာ ခွဲစိတ်ဖြာဖို့
သမိုင်းအတိတ်ပညာ ရှိရမည်
ရေရှည်စဉ်စား ပညာစကားဖြင့်
အမှန်တရားကို ချစ်ရမည်
သူ့စရိုက်သဘော တွေးစစ်ကြောဖို့
ကိုယ့်စိတ်မနော ဖြူရမည်
ရိုးရိုးဝတ်စား မပလွှားပဲ
တွေးခေါ်ဆန်းပြား ရှိရမည်
မှန်ကန်စွာဖြင့် တွေးခေါ်ချင့်ဖို့
အလေ့အကျင့် ရှိရမည်
အကြွားမပါ နှစ်နှစ်ကာဖြင့်
စေတနာစစ်စစ် ရှိရမည်
ဘ၀ချိုးကွေ့ သတိမမေ့ဖို့
အထိအတွေ့ များရမည်
ဖြစ်ပြန်ပျက်ပြန် လောကဓံကို
ကြံ့ကြံ့ခံ၍ လှန်ရမည်
တို့ပြေတို့မြေ ငြိမ်းချမ်းစေဖို့
လိုက်လျောညီထွေ နေရမည်
သတ္တ၀ါအများ ရင်ဝယ်သားလို
မေတ္တာတရား ထားရမည်
တို့မြန်မာတတွေ တိုးတက်စေဖို့
အမျိုးကျက်သရေကို ဆောင်ရမည်
…………………… ………………….
……………………. …………………။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

ကိန္နရီပုံတည် မြန်မာပြည်၌
စေတီထီးနန်း ရွှေရောင်လွှမ်းလည်း
ပန်းတွေမလန်း စမ်းရေခမ်းလို့
တောတောင်မသာ မာလာမမွှေး
ငှက်တေးမဆို တိမ်ညိုမပျိုး
မိုးရိပ်မဆင် ကွင်းပြင်မစိမ်း
မိုးခြိမ်းမညံ သက်တံမလင်း
လေညှင်းမလာ နေအစင်းတစ်ရာသို့
ရှိတော့သည်။
ဓမ္မတာမမျှ သဘာဝကြောင့်
ဂေဟပျက်ယွင်း ပူပန်ခြင်းသည်
ခပင်းသတ္တ၀ါ မလပ်ပါအောင်
ဆူဆူကျိုက်ကျိုက် လောင်ကာမြိုက်သည်
တစ်ဘ၀သံသရာ ကုန်ဆုံးခါမှ
ဝိပါက်မပါ ငြိမ်းမည့်ဟာတည်း
ဗုဒ္ဓကျမ်းလာ မြတ်ဓမ္မာဖြင့်
မေတ္တာခြုံရန် စိတ်ရည်သန်၍
လောကဓံကို ခုခံလိုလည်း
ခိုင်မာစိတ်ထား ယိမ်းယိုင်သွားက
လောဘသားကောင် ဒေါသမုဆိုး
အဖြစ်မျိုးနှင့် ကြုံရိုးအမှန်
ဖန်ဖန်ခံစား ထိုလူသား၏
ရင်တွင်းအပူ သာ၍ဆူသည်
ဘယ်သူလာ၍ ငြှိမ်းအံ့နည်း။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

လူ့လောကတွင် လူဖြစ်ရတာကို ဂုဏ်ယူသင့်သည်၊
လူတို့ကမ္ဘာတွင် လူဖြစ်နိုင်ခွင့်အတွက်
လူဖြစ်အောင်ကြိုးစားရန် လူ့အခွင့်အရေးတွေရှိသည်၊
လူသည် လူ့အတွက်သာမက လောကကြီးတစ်ခုလုံးအတွက်ပါ
လူစွမ်းကောင်းလုပ်ခွင့်ရှိသည်၊
လူညံ့၊ လူလတ်၊ လူမြတ် အဖြစ်ကို လူတိုင်း လူလို ရွေးချယ်နိုင်ခွင့်ရှိသည်။
လူသည် ရယ်လည်းရယ်တတ်သလို ငိုလည်းငိုတတ်သည်၊
လူသည် ပြုံးလည်းပြုံးတတ်သလို မဲ့လည်းမဲ့တတ်သည်၊
လူသည် ၀မ်းလည်းသာတတ်သလို ၀မ်းလည်းနည်းတတ်သည်၊
လူသည် ဟန်လည်းဆောင်တတ်သလို ရိုးလည်း ရိုးသားတတ်သည်၊
လူသည် လည်လည်းလည်တတ်သလို အလည်း အတတ်သည်၊
လူသည် ကြမ်းလည်း ကြမ်းတမ်းတတ်သလို ယဉ်လည်းယဉ်ကျေးတတ်သည်၊
လူတို့တွင်သာရှိသော ဤလူ့အရည်အချင်းများသည် လူအချင်းချင်းကို ခွဲခြားထားသည်။
လူကို လူဖြစ်အောင် လူကလုပ်ယူသည်၊
လူကို လူမဟုတ်အောင်လည်း လူက ဖျက်စီးသည်။
လူအချင်းချင်းအတွက်သာလျှင်
လူတို့သည် လူဖြစ်နေကြသည်၊
လူမရှိလျင် လူသည် လူဖြစ်မလာနိုင်
လူကြောင့် လူသည် လူဖြစ်လာ၏၊
လူကြောင့် လူသည် လူဆင်းရဲဖြစ်လာ၏၊
လူကြောင့် လူသည် လူချမ်းသာဖြစ်လာ၏၊
လူကြောင့် လူသည် လူယုတ်လူညံ့ဖြစ်လာ၏၊
လူကြောင့် လူသည် လူကောင်းလူမြတ်ဖြစ်လာ၏၊
လူသည် ကြောက်စရာသတ္တ၀ါဖြစ်သလို ချစ်စရာ သတ္တ၀ါလည်းဖြစ်၏။
လူတို့သည် တစ်ခါတစ်ရံ လူကို
လူဟုနားမလည်ကြ၊
လူကို ငါဟုထင်နေကြသည်၊
လူကို သူဟုထင်နေကြသည်၊
လူကို သူဌေးဟုထင်နေကြသည်၊
လူကို သူဆင်းရဲဟု ထင်နေကြသည်၊
လူတို့သည် လူ့လောကတွင်
လူသာဖြစ်သင့်သည်၊
လူ၏တန်ဖိုးကို လူတိုင်း
လူလိုနားလည်သင့်သည်၊
လူသည် အမြင်ကျယ်သင့်သည် ဖင်မကျယ်သင့်
လူသည် အမြင်မြင့်သင့်သည် ဘ၀င်မမြင့်သင့်
လူတိုင်းသည် ကြီးကျယ်မြင့်မြတ်သင့်သည်၊
ထိုအချိန်တွင် ………
လူတိုင်းသည် လူနှင့်တူသော လူဖြစ်လာလိမ့်မည်၊
ထိုအခါ ……….
လူ့အထက်တန်းစားလည်း မရှိတော့
လူ့အောက်တန်းစားလည်း မရှိတော့
လူ့လောကကြီးသည် တစ်ပြေးညီ ငြိမ်သက် တည်ကြည်နေတော့၏။
လူသည် လူကိုမှီ၍ သန့်စင်သောပီတိနှင့်အတူ လူဖြစ်လာ၏၊
လူသည် လူကိုမှီ၍ ညစ်နွမ်းသော ၀မ်းမြောက်မှုနှင့်အတူ လူဖြစ်လာ၏၊
လူကိုမှီပြီး လူမဖြစ်ရအောင် လူကို လူသည် ဥပေက္ခာပြုထားနိုင်၏၊
လူသည် လူကို ဥပေက္ခာပြုထားသောခါ
လူသည် လူနှင့်ကင်းသောလူဖြစ်လာ၏၊
လူသည် လူနှင့်ကင်းသော လူဖြစ်လာသောအခါ ပရမတ္ထလူသားဖြစ်လာ၏၊
လူတိုင်း ပရမတ္ထလူသား မဖြစ်နိုင်သည့်တိုင် လူတိုင်း ပရမတ္ထလူသား ဖြစ်နိုင်ခွင့်ရှိ၏၊
လူသည် ပရမတ္တလူသားဖြစ်လာသောအခါ လူကြောင့် လူထပ်ဖြစ်မလာနိုင်တော့၊
လူသည် လူကြောင့် လူထပ်ဖြစ်မလာသောအခါ
လူပျော်ကြီး၊ လူရိုးကြီး၊ လူကောက်ကြီး၊ လူတည်ကြီး၊
လူပေါကြီး၊ လူတေကြီး၊ လူယုတ်ကြီး၊ လူတော်ကြီး လည်းဖြစ်မလာနိုင်တော့၊
ဤသို့ဖြင့် ……….
လူသည် လူနှင့်တကွသော သံသရာကြီးကို လူ့စွမ်းပကားဖြင့် ဖြတ်သိမ်းလိုက်တော့၏။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

ငါမြတ်နိုးမိရဲ့
ငါ့ကို သုခတွေပေးတဲ့
အကြင်နာတရားတို့ရဲ့
ဟန်ဆောင်ခြင်းကို
ငါမျှော်မှန်းမိရဲ့
တံတိုင်းတစ်ဖက်ခြားထားတဲ့
ဒုက္ခတို့ရဲ့
ဆန့်ကျင်ဘက်ဖြစ်တည်ခြင်းကို
ငါတမ်းတမိရဲ့
လွင့်စင်ကျလာမယ့်
အသက်ရှင်ခြင်းရဲ့
အာဟာရကို
ငါလွမ်းဆွတ်မိရဲ့
ကြည်နူးမိခဲ့တဲ့
သင်္ခါရတရားတို့ရဲ့
တဒင်္ဂချမ်းသာခြင်းကို
ငါအောက်မေ့မိရဲ့
ပိတ်လို့ ဖွင့်လို့ရမယ့်
တံခါးတစ်ချပ်ရဲ့
စာနာသနားခြင်းကို
ငါရွံမုန်းမိရဲ့
ငါ့ဘ၀အတွက်
သတ်မှတ်ထားတဲ့
မှောင်မဲပိန်းပိတ်
တိတ်ဆိတ်ခြင်းရဲ့
ဆူညံသံကို ။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

လေးလုံးရောဂါ
အနာဂါတ်မှာ လူညွှန့်မတုံးစေဖို့
အဆုံးရှောင်ကြဉ်ပါ
ဘ၀ကိုသူစတေး ရင်မအေးစရာ
လေးလုံးရောဂါ
A1D5 ရောဂါ
သေချာဂဏ ဂရုစိုက်
စိတ်အလိုကိုမလိုက်နဲ့
အရွယ်ကြီးသူ ငယ်မဟူ
တန်းတူဒုက္ခပေးတာ
A1D5 ရောဂါ
AIDS ရောဂါ
သစ္စာမပျက် သတိချပ်
ချစ်တတ်တစ်ဦးသာ
မြင်ရုံနဲ့မသိ ပိုးရှိမရှိ
ဘေးကြည့်တိုက်ဖျက်ရမှာ
AIDS ရောဂါ
HIV ပိုးမွှား
အေ့ဒ်ရောဂါ အိမ်ကိုဆောက်
ဒုက္ခရောက်စေမယ့် လက်သမား
ရောဂါပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့
နယ်ချဲ့မယ့် ပိုးမွှား
Type rest of the post here
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

ငါဟာ လူထုရှေ့မှောက်က
ရှုတင်ခန်းထဲရောက်နေပေမယ့်
ရုပ်ရှင်ဇာတ်ကားထဲက
မင်းသားတစ်ယောက်မဟုတ်ဘူး
မင်းတို့တတွေရဲ့နင်းပြား
ဘ၀ခါးခါးထဲက
ဇာတ်မင်းသားတစ်ယောက်ပေါ့
ငါ့မျက်ရည်ပေါက်တွေနဲ့
မင်းတို့ဘ၀ကို
မတည်ဆောက်ချင်ကြနဲ့
ငါ့ဘ၀ကို စာနာကြ
ငါ့ဘ၀ကို သနားကြ
ငါ့ဘ၀ကို နားလည်ကြ
ငါ့အသက် ဘ၀တစ်ခုက
ငါ့အတွက်တင် ကိုယ်စားမပြု
ငါလိုသရုပ်ဆောင်တွေ
ဟောဒီပြည်ထောင်ထဲမှာ
ဒုနဲ့ဒေး
ငါလို ဇာတ်မင်းသားတွေ
ဟောဒီ ကမ္ဘာတစ်လွှားမှာ
အစုနဲ့အဝေး
စရိုက်အသစ်နဲ့ အဆွေတွေက
အမှိုက်ဖြစ်မယ့် ရွှေတွေကို
ပြုစုပေးကြ
နာကျင် ခါးသီးတဲ့ ငါ့ဘဝ
ခက်ခဲကြမ်းတမ်းတဲ့ ငါ့ဘ၀ကို
သင်ခန်းစာယူကြ
ငါလိုနင်းပြားတွေ
လောကမှာ မျိုးတုံးစေဖို့
လုံးနေတဲ့ကမ္ဘာကို ပြားအောင်
ကြိုစားကြ .................. ။ ။
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်

ပဲပုပ်နဲ့ ဆီဆမ်းဆားဖြူး
အရသာထူးလှပါဘိ
မြူးသည့် ဖြစ်ခြင်း
အဖြူရောင် သစ္စာဟင်းချိုနဲ့
ဖြစ်သလိုသာ လွေးလိုက်တယ်
မဆွေးတော့ပါဘူး
နာမည်ပျက်တဲ့ အမည်းစက်
ခဲဖျက်နဲ့ မပျက်တာမို့
ခဏတာသာယာရေး မတွေးတော့ပါဘူး
ရေများရာမိုးရွာ
မျက်နှာကြီးရာဟင်းဖတ်ပါ
ဖြစ်မြဲပင် ဓမ္မတာမို့
အပြစ်လဲ မမြင်ရက်ပါဘူး
ပေးပြီးသားကတိသည်
မဆပ်ရသေးတဲ့ အကြွေး
ကြွေးပူတွေအေးအောင်ပ
သစ္စာရေသောက်ကြမယ်
နောက်မဆုတ်ကြေး
ဆက်ဖတ်မယ်
ပြန်ခေါက်ထားလိုက်မယ်