Friday, June 11, 2010

သူခိုးတစ်ယောက်ရဲ့ရင်ခုန်သံ


တစ်နေ့ညက မြန်မာကျောင်းသားရဟန်းတော်များစုဝေးရာ မကုဋကျောင်းဆောင်ကြီးတွင် သူခိုးကပ်သည်။ ထိုသူခိုးသည် ရိုးသား၍ လွတ်လပ်သော မြန်မာကျောင်းနှင့်လုပ်စားနေသည်မှာ အတော်ကြာဟန်ရှိပြီ။ ယခင်ကလည်း ပစ္စည်းခဏခဏပျောက်ဖူးသည်။ လွန်ခဲ့သော တစ်ပတ်ခန့်က လက်(ပ်) တော့ တစ်လုံးပါသွားသေးသည်။ သူ့လက်ချက်ဖြစ်ဖို့သေချာသည်။ ယင်းသူခိုးသည် သူခိုးမျက်မှန်မပါသည့်တိုင် သူခိုးမှန်းသိသာလှသည်။ မည်းလျှက်နှင့် မည်းသော လူစားမျိုးဖြစ်သည်။ သူခိုးဖြစ်လျှက်နှင့် သိက္ခာလည်းမရှိ။ သူသည် တစ်ကျွန်းလုံးရှိစာသင်သားများ (အလည်လာသူရော အခန်းရပြီးသူများနှင့်ပါ) ပျားပန်းခက်မျှ စည်ကားသော အဆောင်ကြီးတွင် သူလိုလိုကိုယ်လိုလို ဘုမသိဘမသိနှင့် ရောယောင်၍ လစ်လျှင် သုတ်ရန် လာခဲ့ခြင်းဖြစ်သည်။ လာခြင်းမကောင်းသော သူခိုးခမျာ မသင်္ကာသဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံရသောအခါ ဟိုလူကလွှတ်လိုက်သလိုလို ဒီလူကလွှတ်လိုက်သလိုလိုနှင့် ဝေ့လည်ကြောင်ပတ်လုပ်နေ၏။ ဘယ်သူ့ဆီကိုလာသလဲ ဟူသောမေးခွန်းကိုလည်း ပွဲမ၀င်ခင်အပြင်က မလေ့ကျင့်ခဲ့ရသည့်အတွက် ကောင်းကောင်းမဖြေနိုင်ရှိရှာ၏။ ရုပ်ကလေးသနားကမားနှင့် အတော်ကိုသိက္ခာမဲ့သော သူခိုးဖြစ်၏။ မည်သည့်ရိုးသားခြင်း အရိပ်အယောက်မျှ သူ့ဆီတွင်မတွေ့ရ။


သူခိုးပဲ ရိုးသားပြီး သိက္ခာရှိရဦးမှာလားဟု မေးစရာရှိ၏။ လောကဥပဒေ၏ ဒုစရိုက်မှုများတွင် မုဒိန်းမှုတစ်ခုတည်းသာ စင်းလုံးချော၊ လုံးစေ့ပါဋ္ဌ်စေ့ သိက္ခာမဲ့သော အမှုဖြစ်သည်ဟု ကျွန်ုပ်ယူဆ၏။ လူသတ်လျှင်လည်း သိက္ခာရှိရှိသတ်နိုင်၏။ လိမ်စားလျှင်လည်း သိက္ခာရှိရှိလိမ်စားနိုင်၏။ ခါးပိုက်နှိုက်လည်း သူ့သိက္ခာနှင့်သူရှိ၏။ သူခိုးလည်း အတူတူဖြစ်၏။ တစ်ခုတော့ရှိသည်၊ မိခံထိလျှင်တော့ ဥပဒေအတိုင်း ကိုယ်ဖြစ်ကိုယ်ခံရုံသာရှိ၏။ ကိုယ့်ကိုရိုက်လို့ ပြန်ရိုက်လျှင်၊ ကိုယ့်လူသတ်လို့ ပြန်သတ်လျှင်၊ ကိုယ့်ပစ္စည်းခိုးလို့ ပြန်ခိုးလျှင် ထိုတုံ့ပြန်ခြင်းများသည် ကလဲ့စားချေခြင်းများသာဖြစ်၏။ ယဉ်ကျေးသော မည်သည့်နိုင်ငံ၏ ဥပဒေမှ ကလဲ့စားချေခြင်းကိုလက်မခံ။ ဗုဒ္ဓဥပဒေကလည်း ခွင့်မပြု။

ပေစုတ်စုတ်ရွတ်တွတ်တွတ်နိုင်သော ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားဟုခေါ်သည့် ပုဂ္ဂိုလ်တစ်ယောက်အကြောင်း ရေးသားရိုက်ကူးထားသော ၀တ္ထုဇာတ်လမ်း တစ်ပုဒ်ရှိ၏။ သူသည် စာပေပညာ တတ်ကျွမ်းသဖြင့် ပရော်ဖက်ဆာဟူသောဘွဲ့ထူးကြီးကို ရရှိခဲ့သည်မဟုတ်။ သူ၏လုပ်ဆောင်ချက်နှင့် စိတ်သဘောထားများကြောင့် လူများကသူ့ကို (ထိုခေတ်ထိုအခါက တကယ့်ပါရဂူများကို ရွတ်သောအနေဖြင့်) ပေးထားခြင်းဖြစ်၏။ အတည်ပေါက်ပေးထားခြင်း မဟုတ်သောကြောင့်လည်း ဆိတ်ဖွားက လက်ခံထားခြင်းဖြစ်၏။ လူသတ်မှု လိမ်လည်မှု စသည့် အမှုပေါင်းများစွာတို့ဖြင့် သူ ထောင်ကျဖူး၏။ သူ ထောင်မှ ထွက်သောတစ်နေ့တွင် ထောင်သားများက “ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား….၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား…” ဟု အော်ဟစ် နှုတ်ဆက်ကြ၏။ ဒေါက်တာဆိတ်ဖွားသည် သူ့ကို သြဘာပေးနေသော လူအုပ်ကြီးထဲမှ အနီးဆုံးထောင်သားတစ်ယောက်အား မေးလိုက်၏။
ဆိတ်ဖွား။ ။ မင်း ဘာအမှုနဲ့ ထောင်ကျတာလဲ။
ထောင်သား။ ။ ကျွန်တော် လူသတ်မှုနဲ့ပါခင်ဗျ။
ဆိတ်ဖွား။ ။ အေး ကောင်းတယ်။ (ခံ ကိုအသံရှည်ဆွဲ၍) ကိုယ်ဖြစ်ကိုယ်ခံ။
ထို့နောက် သူ နောက်တစ်ယောက်ကို ထပ်မေး၏။
ဆိတ်ဖွား။ ။ မင်းကော ဘာအမှုနဲ့ ထောင်ကျတာလဲ။
ထောင်သား။ ။ ကျွန်တော် ခိုးမှုနဲ့ပါခင်ဗျ။
ဆိတ်ဖွား။ ။ အေး ကောင်းတယ်။ (ခံ ကိုအသံရှည်ဆွဲ၍) ကိုယ်ဖြစ်ကိုယ်ခံ။
ထို့နောက် နောက်တစ်ယောက်ကို မေးပြန်၏။
ဆိတ်ဖွား။ ။ မင်းရောကွ
ထောင်သား။ ။ (၀မ်းသာအားရနှင့်) ကျွန်တော် မုဒိမ်းမှုပါခင်ဗျ။
ဆိတ်ဖွား။ ။ (မျက်လုံးထဲတွင် ဒေါသအရောင်များတောက်လာကာ ရှိသမျှအပေါက်တို့မှ အထူးသဖြင့် နားမှ ဒေါသအငွေ့များ တထောင်းထောင်းထလာကာ) ဟေ့ကောင်တွေ ဒီကောင့်ကို ၀ိုင်းရိုက်ကြစမ်း။
ဒုန်း…ခွပ်…ဖျောင်း…အုန်း…အား…………
------------------------

ကျွန်ုပ်၏ သိက္ခာရှိသော ဒုစရိုက်သမား အတွေးအမြင်သည် ဤ၀တ္ထုဇာတ်လမ်းမှ မြစ်ဖျားခံလာခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သိက္ခာရှိသော သူခိုးဟု အဓိပ္ပာယ်ကောက်နိုင်သည့် အတွေးမျိုး တွေးခဲ့မိခြင်းဖြစ်၏။ ဇာတ်ဝတထ္ထုသာဓကများတွင်လည်း သတ်ခြင်း၊ ခိုးခြင်း၊ လိမ်ခြင်းတို့ကို နောက်မဖြစ်စေရန် အကြောင်းရှာ၍စီစဉ်နိုင်သောကြောင့် တိုင်းပြည်အုပ်ချုပ်သောဘုရင်က ခွင့်လွှတ်ဖူးသောသာဓကများ ရှိခဲ့ဖူး၏။ ခိုးခြင်းကိုခွင့်လွှတ်ရန် ကျွန်ုပ်အဆိုပြုနေခြင်းမဟုတ်ပါ။ ကျွန်ုပ်လည်း သူများပစ္စည်းခိုးခြင်းကို အလွန်မုန်းပါသည်။ သို့သော် သူခိုးကိုတော့ မမုန်းပါ။ (တစ်နေ့ကပါသွားသော လက်(ပ်) တော့သည် မိမိ ပစ္စည်းမဟုတ်သောကြောင့်လည်း ဖြစ်နိုင်သည်)။

ကျွန်တော်သည် ကလေးဘ၀တုန်းက သူများပစ္စည်း ခိုးဖူး၏။ ကျွန်တော် သူများပစ္စည်း ခိုးယူပုံမှာစိတ်ဝင်စားစရာကောင်း၏။ ထိုပုံရိပ်များကို ပြန်ပြောင်းစဉ်စား၍ အောက်မေ့ကြည့်သောအခါ ရယ်စရာလည်းကောင်း၏။ သနားစရာလည်းကောင်း၏။ ကြေကွဲစရာလည်းကောင်း၏။ ပြီးတော့ သင်ခန်းစာ ယူစရာများလည်းရှိ၏။ ငယ်စဉ်က သူများကလေးတွေ စားသလို မစားရ။ သူများသွားသလို မသွားရ။ သူများနေသလိုမနေရ။ သူများကလေးတွေ မုန့်ဖိုးရသလို မရသောကြောင့် မအောင့်အီးနိုင်တော့သည့် အဆုံး ထွက်ပေါက်ရှာရာမှ သူမသိအောင်ယူခြင်းအမှုကို ကျူးလွန်မိခဲ့၏။ (သူခိုးလေးဘ၀မှ သူခိုးကြီးဘ၀မရောက်အောင်၊ ခိုးခြင်းဆိုသော အမှုကို ရွံမုန်းလာအောင် သွန်သင်ဆုံးမပေးသော မိခင်ဖခင် တို့အား ဤနေရာမှ ရှိခိုးပါ၏။) ကျွန်ုပ်၏ခိုးယူပုံသည် စိတ်ဝင်စားစရာကောင်းသည်ဟု ဆိုခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က ခိုးခဲ့သောအမှုတို့ကို ယခု အနည်းငယ်ရင့်ကျက်သော ဦးနှောက်ဖြင့် စိစစ်ကြည့်သောအခါ ရာနှုန်းပြည့် ခိုးယူမှုမဟုတ်သည်ကို တွေ့ရ၏။ (ဘာပဲဖြစ်ဖြစ် ခိုးတာကတော့ ခိုးတာပါပဲလေ။)

ဥပမာ (၁)။ ။ တစ်ခါမျှ မ၀ါးဖူးသော ပီကေလေး ၀ယ်ဝါးချင်လှ၍ မအောင့်အီးနိုင်တော့သည့်အဆုံး (မှတ်မှတ်ရရ ၃ ကျပ်) ကို သူတစ်ပါးထံမှ ၅၀ ရာခိုင်နှုန်း ခိုးယူခြင်း။
ဖြစ်စဉ်မှာ။ ။ ရပ်ကွက်ထဲရှိ ကလေးများကစားနေကျ ကွင်းပြင်တွင် ကလေးတစ်ယောက် ပိုက်ဆံ သုံးကျပ်ကျကျန်ခဲ့၏။ တရားခံ (ကျွန်ုပ်) အပါအ၀င် ကလေးသုံးလေးယောက်ခန့် သာရှိ၏။ ထိုကလေးကျကျန်ခဲ့သောပိုက်ဆံကို ကျွန်ုပ်တစ်ယောက်တည်းသာလျှင် တွေ့၏။ သူများမတွေ့အောင်လည်း ကာစီးကာစီးလုပ်၏။ ဤသည်ကို အခြားကလေးများ မရိပ်မိ။ ကစားပြီး၍ ကလေးအားလုံး ကိုယ့်အိမ်ကိုယ်ပြန်သောအခါတွင် ပိရိမှုရှိအောင် သူတို့နှင့်လိုက်သွားပြီးမှ ပြန်လာကာ ပိုက်ဆံသုံးကျပ်ကို ပီကေတစ်ဖက်အတွက် ပြန်ယူသည်။

ဥပမာ (၂)။ ။ ဗွီဒီယိုရုံမှ ပိုက်ဆံငါးကျပ် နှစ်ပတ်တစ်ခါခန့် ခိုးယူခြင်း။
ဖြစ်စဉ်။ ။ ကျွန်ုပ်မိဘများမှာ ကျောင်းဆရာ ဆရာမ များဖြစ်ကြသည်။ ဗွီဒီယိုရုံပိုင်၏ သားသမီးများမှာ သူတို့တပည့်များသာဖြစ်ကြ၏။ ထို့ကြောင့် ရုံပိုင်က ရုံစောင့်ကို ဆရာဆရာမတို့ လာလျှင် ရုံဝင်ခမယူရန် ညွှန်ကြားထား၏။ သို့သော် ကြာလာသောအခါ မိဘများက အားနာ၍ ပေးဖို့စီစဉ်၏။ တစ်ဖန် တန်ပြန်အားနာရမည်စိုးသောကြောင့် ကိုယ်တိုင်ကားမပေးကြ။ ရုံထဲရောက်ပြီးကာမှ ကျွန်ုပ်အား မသိမသာပေးခိုင်း၏။ ကျွန်ုပ်လည်း မပေးဘဲ မသိမသာ ခိုးထား၏။ ထိုအချိန်က ကျွန်တော်သည် သရေဂျာကင်နှင့်၊ အုတ်ကျိုးရောင်ဂျင်းဘောင်းဘီနှင့်၊ နိုက်(စ်) ဦးထုပ်နှင့် လွန်စွာစမတ်ကျသော သူခိုးဖြစ်၏။ (နောက်ပိုင်းတွင် ကျွန်န်ုပ်သည် ခိုးမှုနှင့်အတူ စမတ်ကျကျဝတ်စားဆင်ယင်မှုကိုပါ မုန်းတီးသွားတော့သည်။) မှတ်မှတ်ရရ ကျွန်ုပ်နှမ ကလိသောကြောင့် ညတွင်းချင်းအမှုပေါ်၍ ဖခင်ကိုယ်တိုင် ရဲစခန်းသို့လိုက်ပို့၏။ (ထိုအချိန်က အသက် ၁၀ နှစ်ခန့်သာဖြစ်သောကြောင့် ကမ္ဘာ့အသက်အငယ်ဆုံး ခိုးမှုဖြင့် ထောင်သို့ အပို့ခံရသူဟု ဂင်းနစ်စံချိန်တွင် မှတ်တမ်းတင်ရန် ဆန္ဒပြုနိုင်ကြပါသည်)။

ထောင်သို့အပို့ခံရသော်လည်း ပြစ်မှုမကြီးသဖြင့် ထောင်ထဲသို့မရောက်လိုက်ဘဲ ညချင်းတွင်းလွတ်လာ၏။ နောက်တစ်နေ့မနက်တွင် ညက ထောင်သို့ပို့ခံရသည်ကို သူများကလေးတွေ သိသွားမှာ စိုးရိမ်သည်။ ရှက်သည်။ ဤသည်ကို ကျွန်ုပ်နှမက သူများတွေသိသွားအောင် ထပ်ကလိချင်သေးသည်။ မနဲတားထားခဲ့ရသည်။ ထိုစဉ်က ၄င်းစိတ်နေသဘောထားကို ယခုအခြေအနေတွင် ကျွန်တော်အရမ်းမုန်းသည်။ မိမိခိုးသည်၊ ထို့ကြောင့် ထောင်သို့ အပို့ခံရသည်၊ မိမိဆီက ဘာမျှပဲ့ပါမသွား။ သူများသိတော့ ပိုကောင်းသည်။ ငါ မင်းတို့ထက်အရင် ထောင်ရောက်ဖူးသည်ဟု ကြွားနိုင်သည်။ သို့သော် ထိုစဉ်က အခြေအနေသည် ယခုအခြေအနေနှင့် ဆီနှင့် ရေလိုကွာသည်။ ကျွန်ုပ်ငယ်စဉ်က ကျွန်ုပ်ပတ်ဝန်းကျင်ရှိ ကလေးများကြားတွင် ကျွန်ုပ်သည် သေးနုပ်သိမ်ဖျင်းဆုံး ကလေးတစ်ယောက်ဖြစ်သည်။ (ရပ်ကွက်ထဲတွင်သာဖြစ်သည်။ ကျောင်းတွင် နိမ့်ကျခြင်းမှ အနည်းငယ်သက်သာရာ ရသည်ထင်သည်။ ကျွန်ုပ်ဖခင်မှာ ကျောင်းအုပ်ကြီးဖြစ်သောကြောင့်ဖြစ်လိမ့်မည်)။ ထို့ကြောင့် ထို့ထက်နိမ့်ကျသိမ်ဖျင်းသော အခြေအနေတစ်ခုကို ရင်ဆိုင်ရန် ကျွန်ုပ်တွင် ခွန်အားမရှိ။ တစ်ဦးတစ်ယောက်များသိသွားလျှင် ကျွန်ုပ်ကို ယခင်ကထက်ပို၍ နှိမ့်ချဆက်ဆံကြတော့မည်။ ထိုအချိန်က ကျွန်တော့်တွင် သူငယ်ချင်းမရှိ၊ မိတ်ဆွေအပေါင်းအသင်းမရှိ၊ သခင်တွေသာရှိသည်။ ကျွန်ုပ်နှင့်ပေါင်းသင်းသော ကလေးများအတွက် ကျွန်ုပ်သည် ကျွန်တစ်ကောင်မျှသာဖြစ်သည်။ အနာခံစရာရှိလျှင် ကျွန်ုပ်ကိုရှေ့တန်းပို့၍ အသာစံစရာရှိလျှင် ကျွန်ုပ်ကို ခေါက်ထားသည်။ ထိုခေါက်ရိုးများကြားတွင် ကျွန်ုပ်လည်း အတော်လေး ကျိုးနေခဲ့သည်။ အပြုသဘောမဆောင်သော သဘောတရားတစ်ခုအတွက် ကျွန်ုပ်ကိုပေါင်းသင်းဆက်ဆံခြင်းပြုလုပ်ကြသည်ကိုပင် ထိုစဉ်ကကျွန်ုပ်သည် ၀မ်းသာအားရနှင့် ကျေနပ်နှစ်သိမ့်ခဲ့သည်။ (ယခု ကျွန်ုပ် ငိုချင်နေသည်)

ဘ၀သည် ပြောင်းပြန်အချိုးကျသည်ထင်သည်။ ငယ်စဉ်က သီအိုရီအရ သူငယ်ချင်းများ ရှိသော်လည်း လက်တွေ့တွင်မူ အားလုံးသည် ကျွန်ုပ်ကြောက်ရွံ့ ရွံမုန်းရသော အရှင်သခင်များသာဖြစ်သည်။ ယခုတော့ အခြေအနေက ယခင် ကလေးဘ၀ကနှင့် ပြောင်းပြန်။ ကျွန်ုပ်ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်များသည် သီအိုရီအရ ကျွန်ုပ်၏ တပည့်များဖြစ်ကြသလို ကျွန်ုပ်၏ ဆရာများလည်းကြဖြစ်သည်။ လက်တွေ့တွင်မူ အပြန်အလှန် ခင်မင်လေးစားရသော မိတ်ဆွေသူငယ်ချင်းများ ဖြစ်ကြသည်။ ယခုအချိန်တွင် ကျွန်ုပ်အတွက် လောကကြီးသည် ညီညွှတ်မျှတ၍ အလွန်တရာ လှပနေတော့၏။ (ယခု ကျွန်ုပ် ပြုံးနေသည်)

ကျွန်ုပ်၏ နောက်ဆုံးခိုးမှု။ ။ ဇီးသီးခိုးခြင်း
ဤခိုးမှုသည် ၂၀% ပင် ပြည့်မည်မထင်။ သို့သော် ထိုခိုးမှုကြောင့် သူများပစ္စည်းခိုးယူခြင်းကို ၁၀၀% ရွံရှာမုန်းတီးသွားသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုစဉ်က ခိုးယူခြင်းကို စက်ဆုပ်ခြင်းမှာ ယခုကဲ့သို့ မဖြူစင်၊ စိုးရိမ်သောကနှင့် ဒေါသတွေပါခဲ့သည်။

ဖြစ်စဉ်။ ။ စီးပွားဖြစ်မဟုတ်သော ဇီးခြံကြီးတစ်ခြံကို ဆံပင်ညှပ်သမားတစ်ယောက်ပိုင်ဆိုင်၏။ ထိုခြံထဲရှိဇီးသီးများကို ရပ်ကွက်ထဲရှိ ကလေးတိုင်းလိုလို သွားရောက်ခူးဆွတ် စားသုံးကြမြဲဖြစ်၏။ ကျွန်ုပ်လည်း ဒီလိုဂွင်မျိုးကို အလွတ်ခံလေ့မရှိ။ ကလေးဖြစ်သောကြောင့် ခြံပိုင်ရှင် ငြိုငြင် မငြိုငြင်ကို အကဲမခတ်တတ်။ မငြိုငြင်ဟုလည်း ယုံကြည်နေခဲ့၏။ တစ်နေ့ ထိုခြံမှ ဇီးသီးများခူးယူပြီးအပြန် အိမ်အရောက်တွင် ဖခင်က ကြိမ်လုံးနှင့် စောင့်နေကာ ဇီးသီးခိုးယူမှုဖြင့်စွပ်စွဲလျှက် ကျွဲရိုက်နွားရိုက် ရိုက်နှက်လေသည်။ မြေကြီးပေါ်လှိမ့်နေရင်းနှင့်ပင် မရေမတွက်နိုင်သော ကြိမ်လုံးတို့သည် ဆုံစက်ကဲ့သို့ အဆက်မပျက် တရစပ် ကျလာလေတော့သည်။ ထိုအချိန်မှစ၍ (၁၀ နှစ်သားခန့်) ခိုးမှုကို အကြီးအကျယ် ရွံမုန်းသွားတော့၏။ သို့သော် ကြေကွဲမှုတွေ၊ ဗျာပါဒတွေနှင့် တကွဖြစ်၏။ တွဲပါလာသောအကျိုးဆက်အနေဖြင့် ကျေးဇူးရှင် မိခင်၊ဖခင်တို့ကို ရင်ထဲအသဲထဲက ချစ်ခင်မြတ်နိုးလှသဖြင့် ခေါ်ဝေါ်သော ‘ဖေဖေ၊ မေမေ’ ဟူသော ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသည့် အခေါ်အဝေါ်မျိုး တစ်ခါမျှ မခေါ်ဖူးတော့။ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေသော ရင်ထဲတွင် မည်သည့်နည်းနှင့်မျှ သာယာချမ်းမြေ့မှုကို ရှာမတွေ့နိုင်တော့။ (ကျွန်တော် အခု ငိုနေသည်)

နောက် ၁ နှစ်၊ ၂ နှစ်ခန့်အကြာ ၁၂ နှစ်သားအရွယ်တွင် ကျွန်တော် ကိုရင်ဝတ်သည်။ သာသနာ့ဘောင်နှင့် လူ့ဘောင်သည် ကျွန်တော်နှင့် ကျွန်တော့်မိဘများကို မသိမသာ ခွဲခြားထားလိုက်သည်။ မိဘများနှင့် ဝေးကွာသွားသောအချိန်ကျမှ မိဘတို့၏ကျေးဇူးကို သိမြင်လာကာ ကျွန်တော့နှလုံးသားတွင် ထိုကျေးဇူးများကို နည်းနည်းချင်းထည့်ကြည့်သည်။ ဗိုင်းရပ်ထိထားသဖြင့် အားအင်ချိနဲ့နေသော ကျွန်ုပ်နှလုံးသားမှာ ထိုကျေးဇူးတရားတို့ကို များများနှင့် မြန်မြန်မသွင်းနိုင်ပေ။ မည်သို့ပင်ဆိုစေ မိဘများ၏ကျေးဇူးကြောင့် ခိုးမှုသည် ကျွန်ုပ်မသိသော ဒုစရိုက်မှုအဖြစ် အတိတ်တွင် အချိန်အတော်ကြာ ကျန်ရစ်နေခဲ့၏။

ဒီလောက်ဆိုလျှင် ကျွန်ုပ်၏ခိုးနည်း ကျပ်မပြည့်သောကြောင့် ခိုးမှုကြီးမဟုတ်အဆိုကို လက်ခံနိုင်လောက်မည်ထင်ပါသည်။ ရယ်စရာကောင်းသည်မှာ ကျွန်ုပ်၏ခိုးပုံခိုးနည်း။ ကြေကွဲစရာကောင်းသည်မှာ ကျွန်ုပ်ခိုးရသော အကြောင်းအရင်းနှင့် အကျိုးဆက်ဖြစ်သော မိဘများအပေါ် နှစ်နှစ်ကာကာ မမြတ်နိုးနိုင်မှု။ သင်ခန်းစာယူစရာကောင်းသည်မှာ သူခိုးလေးမှ သူခိုးကြီးမဖြစ်အောင် မိဘတို့၏ ဆိုဆုံးမပုံဖြစ်၏။ (ငယ်စဉ်ကလေးဘ၀ထဲက လိုချင်သမျှ အကုန်ပေးထားလျှင် ကြီးလာသောအခါ မိဘများက မပေးနိုင်တော့လျှင် ၈၀%ခန့် သူခိုးကြီးဖြစ်လာနိုင်သည်။ မိဘလောင်းလျာများ သင်ခန်းစာယူကြပါကုန်)။

ယခု ကျွန်တော် ဘာစိတ်ကူးပေါက်သည်မသိ သူများပစ္စည်းခိုးချင်လာသည်။ တစ်နေ့က အဆောင်တွင် လာရောက်ခိုးယူသော သူခိုးကို အားမလိုအားမရဖြစ်၍ ထင်သည်။ သို့သော် ဤခိုးချင်ခြင်းသည် ၁၀၀% ဖြူစင်သော ခိုးချင်ခြင်းဟု ကျွန်ုပ်ယုံသည်။ ရဟန်းတစ်ပါးအနေဖြင့် အကြီးမားဆုံးအပြစ်ထဲက တစ်ခုဖြစ်သော ပါရာဇိက အာပါတ်လည်း မသင့်ရောက်နိုင်ဟု ရှင်းရှင်းလင်းလင်းနားလည်သည်။ ထို့ကြောင့် ပါရာဇိက မကျဘဲသူများပစ္စည်းခိုးလိုသူများ မှတ်သားထားကြပါကုန်။

ပါရာဇိကမကျဘဲ သူများပစ္စည်းခိုးနည်း
၁။ ခင်မင်သူများထံမှသာခိုးမည်။ အရမ်းမခင်မင်သော်လည်း မျက်မှန်းတန်းမိရုံလောက်ဆိုလျှင် ရပြီ။ သူခိုးပါးဝ၍ ရင့်ကျက်လာသောအခါမှ မည်သူ့ ပစ္စည်းကိုမဆို ခိုးမည်။
၂။ အခြေအနေကို စောင့်ကြည့်မည်။ အခန်းထဲကို ခြေဖျားထောက်၍ ကုတ်ကုတ် ကုတ်ကုတ်နှင့် သွားမည်။ ကျီးကန်းမျက်လုံးကို ခေတ္တငှားထားမည်။ လူတွေ့သွားလျှင် ခပ်တည်တည်နေမည်။ ကိုယ့်အသိဆီက ခိုးမည်ဖြစ်သဖြင့် ကိစ္စမရှိ။ ဟိုဟာလိုလို ဒါလိုလိုပြောလိုက်မည်။
၃။ လွတ်လွတ်ကျွတ်ကျွတ်ခိုးပြီးလျှင် ပိုင်ရှင်ဖြစ်သူအား ပစ္စည်းပြန်ပေးမည်။ ရော်ဘင်ဟု (ထ်)လို ငတက်ပြားလိုတော့ မတရားမလုပ်။ (သူတို့သည် သူ့ခေတ်သူ့အခါကသာ တောင်းဆိုသော သူခိုးများဖြစ်ကြသည်။ ကျွန်တော်လည်း ကျွန်တော့်ခေတ်က တောင်းဆိုသော သူခိုးဖြစ်သည်။)
၎။ ခိုးမှုကျူးလွန်တုန်း လက်ရဖမ်းမိသွားသောအချိန်သည် ပစ္စည်းခိုးရခြင်းရည်ရွယ်ချက်အတွက် ဇာတ်ရှိန်အမြင့်ဆုံးအချိန်ဖြစ်သည်။ ဤခိုးခြင်းသည် ရော်ဘင်ဟု(ထ်)တို့ ငတက်ပြားတို့ ခိုးသလို အဓိပ္ပာယ်မရှိဟု အပေါ်ယံထင်ရသော်လည်း ဤနေရာတွင် အဓိပ္ပာယ်ပေါ်လွင်မည်။
ခိုးမည်ကြံတုန်း မသင်္ကာ၍ စစ်ဆေးမေးမြန်းလျှင် မေးမြန်းသူများကို သနားသောအားဖြင့် သူခိုးပါဟု ၀မ်းသာအားရ ဖြေမည်။ ထိုသို့ သူခိုးပါဟုဝန်ခံသဖြင့် သူခိုးဟု သိသွားကြသောအခါ (သို့မဟုတ်) ခိုးရာပါပစ္စည်းနှင့်တကွ မိသွားသောအခါ ခင်မင်တဲ့သူငယ်ချင်းတွေ၊ မရင်းနှီးပဲ သိရုံသာသိသောသူတွေက တီးတိုးလည်း ဝေဖန်ကြမည်။ ကျယ်ကျယ်လောင်လောင်လည်း ပြောကြမည်။ စေ့စေ့ကြည့်၍လည်းရှုံ့ချကြမည်။ စိတ်ထဲတွင်လည်း “အော်… ငါ ဒီကောင့်ကို လူရိုးလေးအောက်မေ့တာ လက်စသတ်တော့ (အစဉ်အလာရှိတဲ့) သူခိုးပဲ” ဟု တေးမှတ်ထားကြမည်။ ရုပ်နဲ့မှ မလိုက်ကွာလို့ ပြောချင်လည်းပြောကြမည်။ ထိုဝေဖန်ရှုံ့ချသံများသည် သူခိုးဇာတ်ခင်းခြင်း၏ အထွဋ်ဖြစ်သည်။ ကျွန်တော်အလိုချင်ဆုံးရင်ခုန်သံများလည်းဖြစ်သည်။ သို့သော် မည်သူ့ထံမှ မည်သည့်မုန်းတီးမှုကိုမျှမလိုလား။ ခိုးရခြင်း၏ရည်ရွယ်ချက်သည် သူများပစ္စည်းလိုချင်၍မဟုတ် လူအများက မကြိုက်သဖြင့် ဝေဖန်ရှုံ့ချကြရာမှ ခံစားရသော ရင်ခုံသံမျှသာဖြစ်သည်။ ထိုရင်ခုန်သံမျိုးကို ကျွန်တော်အလွန်ကြိုက်သည်။
(မှတ်ချက်။ ။ ရင်ခုန်သံများသာဖြစ်သည်)

ဆက်ဖတ်မယ်

Monday, June 7, 2010

ဂုရုတစ်ယောက်နှင့် အင်တာဗျူးခြင်း (ပြောင်းလဲပစ်ရမည့် လူရိုင်းတို့၏ စိတ်ယဉ်ကျေးမှု)



ကျွန်ုပ်သည် ‘အိပ်မက်’ ဂျာနယ်မှ စပ်စုတစ်ယောက်ဖြစ်၏။ တစ်နေ့ ကြုံရာလူတစ်ယောက်ယောက်နှင့် အင်တာဗျူးရန် ဆိတ်ငြိမ်ရပ်ကွက်က အတွေးလမ်းကြားလေးထဲသို့ ၀င်ရောက်လာခဲ့၏။ တစ်နေရာအရောက် ‘နိမ်မိတ’ ဟု အမည်ရသော ဂုရုကြီးတစ်ယောက်ကိုတွေ့ကာ အင်တာဗျူးမည့်အကြောင်း ခွင့်တောင်းလိုက်တော့၏။

ဂုရုကြီး။ ။ အေးအေး… မေးလိုကမေး ဖြေလိုကဖြေမည်။ လိုချင်တဲ့အဖြေရဖို့တော့အာမ မခံဘူး။
ကျွန်ုပ်၏စိတ်။ ။ တယ်… ငါထိပ်ခေါက်လိုက်လို့ ခေါင်းထဲကအဖြေတွေ တစ်သီကြီးထွက်ကျလာလိမ့်။

ဂုရုကြီးသည် ဤလမ်းဘေးတွင် ဒဿနရေးရာများနှိုက် အလွန်နာမည်ကြီးသည်ဟု သိရသည်။ သို့နှင့် ကျွန်ုပ်လည်း ဖီလော် မေးခွန်းများကိုမေးမည်ဟု ဆုံးဖြတ်ချက် ချလိုက်၏။


ကျွန်ုပ်။ ။ ………………. အဲဒီအပေါ်မှာ ဂုရုကြီးဘယ်လိုမြင်လဲ ခင်ဗျ။
ဂု။ ။ အင်း….. အများလွန်တာတော့ မကောင်းပါဘူး။ အလွန်များတာတော့ ကောင်းပါတယ်။

ကျွန်။ ။ ………………. အဲဒါကျတော့ကောခင်ဗျ။
ဂု။ ။ အေး…… ဟန်ဆောင်တဲ့သူဟာ မရိုးသားဘူး။ ပွင့်လင်းတဲ့သူဟာ မယဉ်ကျေးဘူး။
စိတ်။ ။ အင်

ကျွန်။ ။ ……………… ဒီကိစ္စမှာ ဆရာကြီးဘယ်လိုထင်လဲ။
ဂု။ ။ လေးစားတော့ကျ မရင်းနှီးဘူး။ ခင်မင်ရင်တော့ အရိုအသေတန်တယ်။
စိတ်။ ။ ၀ှီး………

ကျွန်။ ။ ……………… ဒါကို ဘယ်လိုရှင်းမလဲ။
ဂု။ ။ စနစ်ကျရင် မလွတ်လပ်ဘူး။ ကြုံသလိုဆိုရင် စည်းကမ်းမရှိဘူး။
စိတ်။ ။ အဲ………

ကျွန်။ ။ ………………အဲဒီအတွက် ဆရာကြီးရဲ့ ခံယူချက်ကလေး။
ဂု။ ။ ပြောဆိုလမ်းညွှန်ရင် ဆရာကြီးလုပ်တယ်။ ဘာမှမပြောရင် တာဝန်မဲ့တယ်။
စိတ်။ ။ ဟင်………

ကျွန်။ ။ ……………… အဲဒါကျတော့ရော ဂုရုကြီးအနေနဲ့။
ဂု။ ။ သည်းညှင်းခံရင် အနိုင်ကျင့်ချင်တယ်။ မဟုတ်မခံဆိုရင် ရန်တွေ့ချင်တယ်။
စိတ်။ ။ အို……

ကျွန်။ ။ ……………… ဒီအပေါ်မှာ ဆရာကြီး ဘယ်လိုခံစားရလဲခင်ဗျ။
ဂု။ ။ နှိမ့်ကျသူကို နှိမ့်ချချင်တယ်။ မြင့်မြတ်သူကို ဆွဲချချင်တယ်။
စိတ်။ ။ ဒန့်………

ကျွန်။ ။ ……………… အဲဒီအတွက် အကြံဥာဏ်လေး ပေးပါဦး။
ဂု။ ။ ဖြည်းဖြည်းလုပ်ရင် အလုပ်မတွင်ဘူး။ မြန်မြန်လုပ်ရင် အမှားများမယ်။
စိတ်။ ။ ဂွိန်………

ကျွန်။ ။ ………………အဲဒါလေးကို သုံးသပ်ပြပါဦး။
ဂု။ ။ ဟိုငဲ့ဒီငဲ့ဆိုရင် ပျော့ညံ့တယ်။ ပြတ်ပြတ်သားသားဆိုရင် နှလုံးသားမရှိဘူး။
စိတ်။ ။ အိန်………

ကျွန်။ ။ နောက်ဆုံးမေးခွန်း မမေးခင် ဆရာကြီးရဲ့ သြ၀ါဒစကားလေး။
ဂု။ ။ မှတ်ထားကွဲ့၊ သန့်သန့်ပြန့်ပြန့်နေရင် မျက်ခုံးတွန့်ချင်တယ်။ ပေစုတ်စုတ်နေရင် နှာခေါင်းရှုံ့ချင်တယ်။
စိတ်။ ။ အော့… သြော်…

ကျွန်။ ။ နောက်ဆုံးအနေနဲ့ ဆရာကြီးရဲ့ သြ၀ါဒစကားလေး။
ဂု။ ။ (မျက်ခုံးကို ဘယ်ဖက်သို့ မသိမသာတွန့်၍ ညာဖက်နှုတ်ခမ်းကို ခပ်ပါးပါးရွဲ့ကာ) သူ့မှာရှိရင် မနာလိုမယ်။ ကိုယ့်မှာရှိရင် ၀န်တိုမယ်။
ကျွန်။ ။ ဆရာကြီးရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မစို့မပို့ အဖြေတွေအတွက် လူထုကိုယ်စား ကျေးဇူးတင်ကြောင်းပါ ခင်ဗျား….။
ဂု။ ။ ကျုပ်ကလည်း အခုလို လူတွေကို ကလိခွင့်ရလို့ ၀မ်းသာပါတယ်တဲ့ဗျာ။

ဒီလိုနဲ့ ဂုရုကြီးနိမ်မိတအနားမှ အတွေးလမ်းကျဉ်းလေးအတိုင်း ဖဲခွာထွက်လျှောက်လာရင်း သူ့အဖြေတွေကို ခေါင်းထဲထည့်ကာ မြိန်မြိန်ကြီး စားပစ်လိုက်တော့၏။


ဆက်ဖတ်မယ်

Blogger template 'CoolingFall' by Ourblogtemplates.com 2008