Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Monday, October 11, 2010

မိစ္ဆာဒိဋ္ဌိဆိုတာ အယူမှားမဟုတ်ပါ

ခရစ်ယာန်သူငယ်ချင်းတစ်ယောက်ရှိတဲ့ ဗုဒ္ဓဘာသာ ကျောင်းသားတစ်ယောက်က မင်းတို့ယေရှုက ထာဝရဘုရားကို မကိုးကွယ်သူမှန်သမျှ ငရဲကိုပို့တယ်ဆိုဟု ဆွမေးလေး မေးလိုက်သည်ဆို၏။ ခရစ်ယာန်ကျောင်းသားကလည်း ဘယ်ငြိမ်နေမလဲ၊ ပြန်ပြောတာပေါ့။ မင်းတို့ ဗုဒ္ဓဘာသာမှာလည်း မိစ္ဆာဒိဋ္ဌိတွေဆို ငရဲကိုပို့တာပါပဲ ဟု ဆိုသတတ်။ ဒီမှာတင်သူတို့နှစ်ယောက်ရဲ့စကား ပြတ်သွားသည်ဆိုပါတော့။ ဒီမှာ ဘာတွေ့ရသလဲဆိုတော့ ခရစ်ယာန်ကောင်လေးသာမက ဗုဒ္ဓဘာသာကောင်လေးလည်း မိစ္ဆာဒိဋ္ဌိဆိုတာကို နားမလည်ကြတာပါပဲ။ သူတို့နားလည်းထားကြတာက ဗုဒ္ဓဘာသာဘက်က မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်ရင် ဗုဒ္ဓဘာသာမှအပ တစ်ခြားဘာသာဝင်တွေအကုန်လုံး ပါသွားတယ်။ ခရစ်ယာန်ဘက်က မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်ရင် ထာဝရဘုရားမကိုးကွယ်တဲ့သူ အကုန်လုံးပါသွားတယ်။

တကယ်တော့ ဗုဒ္ဓဟာ သူ့မကိုးကွယ်ရင်မိစ္ဆာဒိဋ္ဌိတွေပဲလို့မပြောခဲ့သလို တစ်ခြားဘာသာကနေ မိမိဘာသာဆီသို့ ကူးပြောင်းကိုးကွယ်ယုံကြည့်ဆည်းကပ်လာသူတွေကိုလည်း အရင်ကကိုးကွယ်ဆည်းကပ်မြဲဖြစ်တဲ့ ဘာသာရေးဆရာကြီးတွေကိုလည်း ၀တ်မပျက် ဆက်လက်ဆည်းကပ်ကြဖို့ ပြောခဲ့ပါသေးတယ်။ ဒါတင်ဘယ်ကမလဲ ကာလာမသုတ်နဲ့ ၀ီမံသသုတ်မှာလည်း သူ့ကိုတောင် မစူးစမ်းမဆင်ခြင်၊ ပညာနဲ့ ဝေဖန်သုံးသပ်မှုမပြုဘဲ မကိုးကွယ်ကြဖို့ လူတွေကို သတိပေးခဲ့ပါသေးတယ်။ တစ်နေရာမှလည်း လူတစ်ယောက်က (ပုဏ္ဏားမျိုးနွယ်ပဲထင်ပါတယ်) ဗုဒ္ဓဆီကိုလာပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့တရားစကားကို လေးစားလိုက်နာသင့်လဲလို့မေးတဲ့အခါ ဗုဒ္ဓက အပြစ်ကင်းတဲ့ ပညာရှိတွေချီးကျူးတဲ့ ကုသိုလ်ကိုပွားများစေတဲ့ ပြီးတော့လိုက်နာသူရဲ့ လောကီ၊လောကုတ္တရာနှစ်ဖြာသောအကျိုးစီပွားကို ဖြစ်ထွန်းစေတတ်တဲ့ ပုဂ္ဂိုလ်ရဲ့တရားကို လေးစားလိုက်နာဆည်းကပ်ပါလို့ ပြောလိုက်တယ်။ ဒီတော့ အဲဒီပုဏ္ဏားက ဒီနေ့ကစပြီးတပည့်တော် အရှင်ဘုရားရဲ့တရားစကားကိုပဲ လေးစားလိုက်နာပါတော့မယ်ဘုရားလို့ ဗုဒ္ဓကိုလျှောက်တော့၊ ဗုဒ္ဓကဘာပြောတယ်မှတ်လဲ။ ဟဟ ငါ့ကောင်ရ ငါက ငါနဲ့ငါ့တရားကို ကိုးကွယ်ယုံကြည်လိုက်နာဖို့ပြောတာမဟုတ်ဘူးဟ ဒီလိုဒီလိုသဘောတွေရှိတဲ့ ပုဂ္ဂိုလ်ရဲ့တရားကို လေးစားလိုက်နာဖို့ပြောတာဆိုပြီး အထက်ကပြခဲ့ တရားသဘောကိုပဲ ပြန်ပြောပြပါတယ်။ အဲဒီအခါမှာလည်း ဒီပုဂ္ဂိုလ်က မရဘူး။ ဒီနေ့ကစပြီး အရှင်ဘုရားရဲ့တရားကိုပဲ လိုက်နာကျင့်ကြံပါမယ်ချည်းလုပ်နေလို့ ဗုဒ္ဓကမနည်းကိုပဲ ကျိုးကြောင်းဆက်စပ်ပြီးရှင်းပြလိုက်ရပါတယ်။ အော်…. ဗုဒ္ဓဟာ တော်တော်အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါလားဆိုပြီး တော်တော်လေးကို ကြည်ညိုပီတိ ဖြစ်မိပါတယ်။ တစ်ခါလာသေးတယ်၊ ၀ိနည်းမဟာဝါမှာထင်တယ်၊ ဗုဒ္ဓကရဟန်းတွေကိုပြောတယ်၊ ရဟန်းတို့တဲ့ မင်းတို့ ငါနဲ့ငါ့တရားတွေကို (ရဟန္တာမပါ) ရင်ထဲအသည်းထဲက စွဲလမ်းမြတ်နိုးကြတယ်ဆိုတာငါသိတယ်။ အဲဒီတော့ တစ်ခြားသောအယူရှိသူတွေက (ဒီနေရာမှာ တစ်ခြားသောအယူရှိသူဆိုတာ ဘာသာခြားတွေကိုပြောတာ။ သူတို့ကို ပါဠိလို တိတ္ထိလို့ခေါ်တယ်၊ မိစ္ဆာဒိဋ္ဌိတွေလို့မခေါ်ဘူး၊ ဗုဒ္ဓက မိစ္ဆာဒိဋ္ဌိတွေသာ ငရဲရောက်နိုင်တယ်လို့ဟောတယ်။ တိတ္ထိတွေ ငရဲရောက်နိုင်တယ်လို့ မဟောခဲ့ဘူး။ ဒီတော့ မိစ္ဆာဒိဋ္ဌိအယူရှိသူတွေဟာ ဘာသာခြားတွေထဲကဖြစ်နိုင်သလို၊ ဗုဒ္ဓဘာသာဝင်တွေထဲကလည်း ဖြစ်နိုင်တာပဲ။) နောက်တော့ မိစ္ဆာဒိဋ္ဌိဆိုတာကို သေသေချာချာရှင်းပြပါဦးမယ်။ အခုတော့ စောစောက စကားကိုဆက်လိုက်ရင်။ ဘာသာခြားတွေက ငါ့ကိုအပြစ်ပြောကြမယ်၊ ငါ့မကောင်းကြောင်းတွေကို ချွတ်ယွင်းသဖြင့် စွပ်စွဲပြောဆိုကြမယ်၊ ရှုတ်ချကြမယ်၊ ကဲ့ရဲ့ကြမယ်။ အဲဒီအခါမင်းတို့မှာ ဒေါသတွေ၊ မကြေမချမ်းဖြစ်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ စိုးရမ်မှုတွေ၊ ကြေကွဲခံစားမှုတွေဖြစ်လိမ့်မယ်။ အဲ…. အဲဒီလိုဖြစ်လာပြီဆိုရင် အဲဒီ ဒေါသ အစရှိတဲ့အကုသိုလ်တရားတွေက မင်းတို့ကိုပဲဖျက်စီးလိမ့်မယ်၊ အဲဒါကြောင့် ဘယ်သူတွေငါ့ကို ဘာပြောပြော မင်းတို့ရဲ့စိတ်ထဲမှာဘာမှမဖြစ်ပဲနဲ့ သည်းခံခွင့်လွှတ်တဲ့စိတ်ရှိရမယ်လို့ ဟောတော်မူခဲ့တယ်။ ပြီးတော့ ဗုဒ္ဓက နတ္ထလောကံ အနိန္ဒိတော တဲ့၊ လောကမှာ အကဲ့ရဲ့လွတ်တဲ့သူ မရှိဘူးလို့ လည်းပြောခဲ့သေးတယ်။ အဲဒီတော့ သူများတွေ ကိုယ့်ကိုပဲဖြစ်ဖြစ် ကိုယ်မြတ်နိုးကိုးကွယ်ရတဲ့ ဗုဒ္ဓအပါအ၀င် သံဃာစစ်သံဃာမှန်တွေကိုပဲဖြစ်ဖြစ် ကဲ့ရဲ့ရှုံ့ချကြရင် အဲဒါကြီးကိုကိုယ်က ခံယူကြေကွဲနေမယ်ဆိုရင် ကိုယ်ပဲစိတ်ဆင်းရဲ ဒုက္ခရောက်ရမှာပေါ့။ သူများတွေ ဘာတွေပဲပြောနေပြောနေ ကိုယ်ကတော့ သန့်စင်ခိုင်မာတဲ့ သဒ္ဓါစိတ်နဲ့ ရင်ဆိုင်သည်းခံနိုင်ရမယ်။ အဲဒါဟာ ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ၊ အသောကံ ၀ိရဇံခေမံ၊ ဆိုတဲ့ မင်္ဂလာတရားတွေနဲ့ ပြည့်စုံခြင်းပဲလို့ ဆိုချင်တယ်။ တော်တော်လေးကို ကြီးကျယ်မြင့်မြတ်တဲ့ တရားတော်တွေပဲ၊ ဘယ်လိုစိတ်ဓာတ်မျိုး ဘယ်လိုဦးနှောက်မျိုးတွေနဲ့များ ဟောခဲ့တာတုန်းဆိုပြီး ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကြီးကို တော်တော်လေး အံ့သြကြည်ညိုဖြစ်မိပါတယ်။ ဒီလိုတရားသဘောမျိုးတွေ တစ်ခြားဘယ်ဘာသာမှာမှ မရှိပဲကိုး။

မိစ္ဆာဒိဋ္ဌိ အယူမှားမဟုတ်တဲ့အကြောင်းကို ဆက်ရေးချင်ပါသေးတယ်။

ဆက်ဖတ်မယ်

Blogger template 'CoolingFall' by Ourblogtemplates.com 2008