Monday, May 7, 2012

ညင်သာစွာ ပဋိပက္ခဖြစ်ပွားခြင်း

ညရဲ့တိတ်ဆိတ်မှုက အတိတ်ရနံ့ကိုသယ်ဆောင်လာတယ်
 ကြယ်တွေရွာတဲ့ကောင်းကင်မှာလည်း
တိမ်သွားသလိုလို လသွားသလိုလိုနဲ့ပေါ့
တကယ်တမ်းတော့
လေကစားရာကိုပဲ ရွေ့လျားနေရတာ

မိုးလင်းတဲ့အခါ အနားယူတော့မယ့် လက
အကျီစယ်ခံချင်တဲ့ တိမ်ဂွမ်းဆိုင်တွေရေ
စကြ၀ဠာအဆုံးထိ ရွေ့ပေတော့တဲ့

ငါလည်း ငါ့အတ္တနဲ့ငါ
ညင်သာစွာ ပဋိပက္ခဖြစ်ပွားရင်း...
ငါ့ဝိဥာဉ်လည်း ငါ့ဆီကမခွာပဲ
လေညင်းလေးတွေထဲ ဝေ့၀ဲရင်း...။            ။ Type rest of the post here

ဆက်ဖတ်မယ်

Thursday, March 29, 2012

ရည်မှန်းချက်၊ ခံယူချက်နဲ့ လျှောက်မည့်လမ်း


ရည်ရွယ်ကာထား ပန်းတိုင်များကား
ဝင့်ဝင့်ကြွားကြွားရှိပါ၏။
လျှောက်ရမည့်လမ်း ခရီးကြမ်းလည်း
ပင်ပင်ပမ်းပမ်း ရှိပါ၏။
ပန်းတိုင်ရောက်ရန် လမ်းစဉ်မှန်သမျှ
သူတော်တရား မဖောက်ပြားဘဲ
စွန့်စွန့်စားစား လျှောက်လှမ်းသွားဖို့
စိတ်ဆန္ဒအား ရှိပါ၏။

တစ်ဘ၀စာ ဒီခန္ဓာအတွက်
ဤသို့ရည်မှန်း ပန်းတိုင်နန်းကား
တိုင်းသူပြည်သား လူအများတို့
အကျင့်သိက္ခ စာရိတ္တနှင့်
ပြည့်ဝစုံလင် ပညာသင်လျက်
ကိုယ့်တိုင်းကိုယ့်ပြည် ကိုယ့်ဌာနီကို
ကိုယ်စီကိုယ်ငှ ကိုယ့်ဘ၀ဖြင့်
ပိုင်နိုင်ကျစ်လစ် တည်ခြင်းဖြစ်၏။

ရဟန်းဘ၀ တစ်သက်မျှတွင်
မှီခိုမရှိ လွတ်လပ်ဘိသဖြင့်
မှန်ကန်သည့်အား အကျိုးများလျှင်
ထောက်ထားစရာ မျက်နှာမရှိ
ဂတိမပါ ယုံကြည်ရာကို
ထိရောက်မိစွာ ဆောင်နိုင်ပါ၏။
ရည်ရွယ်ရာလမ်း လျှောက်နိုင်စွမ်းဖို့
အခါမလင့် လုပ်ပိုင်ခွင့်ကို
မငြင်မငြို ရလိုပါ၏။

လျှောက်လှမ်းရာလမ်း ခရီးကြမ်းတွင်
ဝေဖန်ရှုံ့ချ ချီးကျူးသမျှကို
အထောက်အကူ ထင်မှတ်ယူလျက်
တူရူပန်းတိုင် ငါရောက်နိုင်အောင်
စိတ်ခိုင်ခိုင်ထား ငါကြိုးစားဖို့
ယောင်္ကျားသတ္တိ မွေးပါ၏။
Type rest of the post here

ဆက်ဖတ်မယ်

Tuesday, March 20, 2012

စည်းဝေးဆွေးနွေးခြင်းငှာ သင့်လျော်သည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏ စံများ


ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေးသင့်သူဟူ၍သော်လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍သော် လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော်
တိုက်ရိုက် ဖြေဆိုရမည်ဖြစ်သော ပြဿနာကို တိုက်ရိုက်အားဖြင့် အကယ်၍ မဖြေဆိုငြားအံ့၊ ဝေဖန်၍
ဖြေဆိုရမည် ဖြစ်သော ပြဿနာကို ဝေဖန်၍ မဖြေဆိုငြားအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည်ဖြစ်သော
ပြဿနာကို တဖန် ပြန်မေး၍ မဖြေဆိုငြားအံ့၊ (မဖြေဆိုဘဲ) ထားရမည် ဖြစ်သော ပြဿနာကို
(မဖြေဆိုဘဲ) မထားငြားအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် မဆွေးနွေးသင့်သော
ပုဂ်္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် တိုက်ရိုက် ဖြေဆိုရမည် ဖြစ်သော
ပြဿနာကို တိုက်ရိုက် အားဖြင့် အကယ်၍ ဖြေဆိုအံ့၊ ဝေဖန်၍ ဖြေဆိုရမည်ဖြစ်သော ပြဿနာကို
ဝေဖန်၍ ဖြေဆိုအံ့၊ တဖန် ပြန်မေး၍ ဖြေဆိုရမည် ဖြစ်သော ပြဿနာကို တဖန် ပြန်မေး၍ ဖြေဆိုအံ့၊
(မဖြေဆိုဘဲ) ထားရမည် ဖြစ်သော ပြဿနာကိုလည်း (မဖြေဆိုဘဲ) ထားအံ့။ ရဟန်းတို့ ဤသို့
ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။

ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေးသင့်သူ ဟူ၍ လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍ လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော်
အကြောင်း ဟုတ်သည် မဟုတ်သည်၌ အကယ်၍ မတည်အံ့၊ ကြံဆအပ်သော အရာ၌ အကယ်၍
မတည်အံ့၊ သိရမည့် ၀ါဒ၌ အကယ်၍ မတည်အံ့၊ (ဖြေဆိုရမည့်) ကျင့်ဝတ်၌ အကယ်၍ မတည်အံ့၊
ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် မဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။ ရဟန်းတို့
ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် အကြောင်းဟုတ်သည် မဟုတ်သည်၌ အကယ်၍ တည်အံ့၊
ကြံဆအပ်သော အရာ၌ အကယ်၍ တည်အံ့၊ သိရမည့်ဝါဒ၌ အကယ်၍ တည်အံ့၊ (ဖြေဆိုရမည့်)
ကျင့်ဝတ်၌ အကယ်၍ တည်အံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်သည် ဆွေးနွေးသင့်သော
ပုဂ်္ဂိုလ်မည်၏။

ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေး သင့်သူ ဟူ၍ လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍ လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား
တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ ဖုံးကွယ်အံ့ (ဝေ့လည်ချောင်ပတ်လုပ်အံ့)၊ အပြင်စကားကို ဆောင်၍ ပယ်အံ့ (မရောင်ရာ ဆီလူးအံ့)၊ စိတ်ဆိုးခြင်း
အမျက်ထွက်ခြင်း မနှစ်သက်ခြင်းကိုလည်း ထင်စွာပြုအံ့ (မိမိ၏အားနည်းချက်ကိုထိသဖြင့် ဒေါသဖြစ်အံ့)၊ ရဟန်း တို့ ဤသို့ ဖြစ်လတ်သော် ဤပုဂ်္ဂိုလ်
သည် မဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော် စကား
တစ်ခုဖြင့် စကားတစ်ခုကို အကယ်၍ မဖုံးကွယ်အံ့၊ အပြင်စကားကို ဆောင်၍ မပယ်အံ့၊ စိတ်ဆိုးခြင်း
အမျက် ထွက်ခြင်း မနှစ်သက်ခြင်း ကိုလည်း ထင်စွာ မပြုအံ့၊ ရဟန်းတို့ ဤသို့ ဖြစ်လတ်သော်
ဤပုဂ်္ဂိုလ်သည် ဆွေးနွေး သင့်သော ပုဂ်္ဂိုလ်မည်၏။

ရဟန်းတို့ စကား နှီးနှောမိခြင်းဖြင့် ပုဂ်္ဂိုလ်ကို “ဆွေးနွေးသင့်သူ ဟူ၍ လည်းကောင်း၊ မဆွေးနွေး
သင့်သူ ဟူ၍ လည်းကောင်း” သိအပ်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည် ပြဿနာကို မေးအပ်သော်
အကယ်၍ (ပါဠိပါဌ်သားရွတ်ဖတ်၍) လွှမ်းမိုးအံ့ (လူအများနားမလည်နိုင်သော ပညာရပ်အသုံးအနှုံးများသုံးခြင်း)၊ (အကြောင်းပြ၍) ဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယ
ရှိလာအောင်) ပြင်းစွာ ရယ်အံ့ (သရော်သည့်သဘော)၊ အနည်းငယ် ချွတ်ယွင်းသည်ကို အမှားဖမ်းအံ့။ ရဟန်းတို့
ဤသို့ဖြစ်လတ်သော် ဤပုဂ်္ဂိုလ် သည် မဆွေးနွေးသင့်သော ပုဂ်္ဂိုလ် မည်၏။ ရဟန်းတို့ ဤပုဂ်္ဂိုလ်သည်
ပြဿနာကို မေးအပ်သော် အကယ်၍ (ပါဠိပါဌ်သား ရွတ်ဖတ်၍) မလွှမ်းမိုးအံ့၊ (အကြောင်းပြ၍)
မဖိနှိပ်အံ့၊ (မေးသူ့စိတ်၌ သံသယ ရှိလာအောင်) ပြင်းစွာ မရယ်အံ့၊ အနည်းငယ် ချွတ်ယွင်းသည်ကို
အမှား မဖမ်းအံ့။ ရဟန်းတို့ ဤသို့ ဖြစ်လတ် သော် ဤပုဂ်္ဂိုလ်သည် ဆွေးနွေးသင့်သော ပုဂ်္ဂိုလ်မည်၏။
(အ-၃ ကထာဝတ္ထုသုတ်)

ဆက်ဖတ်မယ်

Monday, March 19, 2012

ဘဝ


ဒို့ညီအကို ဒီလိုအိပ်မောကျ
အိပ်မက်လှလှထဲမှာ
ဆင်းရဲဒုက္ခဆိုတာမရှိဘူး။

အားအင်တွေ ပျက်နေရင်
တယောက်ကို တယောက်
ဒီလိုဖက် အိပ်မက်ပြင်းပြင်းထဲမှာ
ဒို့…ထမင်းမငတ်ဘူး။

နေပြင်းတွေပူချင်ပူ
မိုးရေတွေ စိုချင်စို
အိပ်မက်ချိုချိုထဲမှာ မင်းမငိုရဘူး။

မနက် စောချင်စော
နေ့ လင်းချင်လင်း
ည ချုပ်ချင်ချုပ်
ပစ္စုပ္ပန်အိပ်မက်ထဲမှာ
ဒို့အတွက်…
အတိတ်မရှိဘူး၊ အနာဂတ်မရှိဘူး။

အဆင်ပြေခြင်းခဏတွေ ရပ်တန့်
အိပ်မက်တွေက လန့်နိုးတဲ့အခါ
အလှတရားမရှိတဲ့
ဘ၀ခါးခါးကို ရင်ဆိုင်ဖို့ပြင်ရင်း
ကံကြမ္မာနဲ့ဒို့ တိုက်ပွဲဝင်ကြတာပေါ့ကွာ။
"

ဆက်ဖတ်မယ်

Wednesday, November 3, 2010

ကျေးဇူးမသိ မာနမရှိတဲ့ကောင်

ကြွက်ကလေးနဲ့ကျွန်တော်
အခန်းကျဉ်းလေးထဲ
နှစ်ကောင်ထဲရယ်
ကျွန်တော်ညစာစားပြီးတိုင်း
စားပွဲအောက်ထိုးထားလေ့ရှိတဲ့
ပန်းကန်ထဲက အကြွင်းအကျန်ကို
သူလေအမြဲ လာလာဆွဲတယ်။

စွန့်လွှတ်ထားပေမယ့်
ငါ ငါ့ဥစ္စာဆိုတဲ့
မွေးရာပါ အမနုဿ
မစ္ဆရိယစိတ်ကလေးက
ကျွန်တော့် အတ္တကို
လာလာ နှောက်တယ်
သတိလေးကို နည်းနည်းချပ်
မေတ္တာဓာတ်ကလေးကပ်လိုက်မှ
သူ့အပေါ် ကျွန်တော်
ကြည်ဖြူသွားတယ်။

သူ့ကို ကျွန်တော်
အသိအမှတ်ပြုဖို့ ကြိုးစားတယ်
သူက ကျွန်တော့်ကို
အသိအမှတ်မပြုဘူး
သူ့ကို ချဉ်းကပ်တိုင်း
ကျွန်တော့်ကို ရှောင်ရှောင်ပြေးတယ်
ကျေးဇူးမသိတတ်တဲ့ကြွက်
ကိုယ့်ကိုယ်ကို
မာနရှိလို့ရှိမှန်း မသိတဲ့ကြွက်
ကဲကွာ………….။

ဒီလိုပါပဲ
တစ်ခါတလေ
မစ္ဆရိယနဲ့ယှဉ်တဲ့
လောဘကို ဘရိတ်အုပ်နိုင်ပေမယ့်
မာနနဲ့ယှဉ်တဲ့
ဒေါသကို မထိန်းချုပ်နိုင်ဘူး။ ။
the end

ဆက်ဖတ်မယ်

Monday, October 11, 2010

မိစ္ဆာဒိဋ္ဌိဆိုတာ အယူမှားမဟုတ်ပါ

ခရစ်ယာန်သူငယ်ချင်းတစ်ယောက်ရှိတဲ့ ဗုဒ္ဓဘာသာ ကျောင်းသားတစ်ယောက်က မင်းတို့ယေရှုက ထာဝရဘုရားကို မကိုးကွယ်သူမှန်သမျှ ငရဲကိုပို့တယ်ဆိုဟု ဆွမေးလေး မေးလိုက်သည်ဆို၏။ ခရစ်ယာန်ကျောင်းသားကလည်း ဘယ်ငြိမ်နေမလဲ၊ ပြန်ပြောတာပေါ့။ မင်းတို့ ဗုဒ္ဓဘာသာမှာလည်း မိစ္ဆာဒိဋ္ဌိတွေဆို ငရဲကိုပို့တာပါပဲ ဟု ဆိုသတတ်။ ဒီမှာတင်သူတို့နှစ်ယောက်ရဲ့စကား ပြတ်သွားသည်ဆိုပါတော့။ ဒီမှာ ဘာတွေ့ရသလဲဆိုတော့ ခရစ်ယာန်ကောင်လေးသာမက ဗုဒ္ဓဘာသာကောင်လေးလည်း မိစ္ဆာဒိဋ္ဌိဆိုတာကို နားမလည်ကြတာပါပဲ။ သူတို့နားလည်းထားကြတာက ဗုဒ္ဓဘာသာဘက်က မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်ရင် ဗုဒ္ဓဘာသာမှအပ တစ်ခြားဘာသာဝင်တွေအကုန်လုံး ပါသွားတယ်။ ခရစ်ယာန်ဘက်က မိစ္ဆာဒိဋ္ဌိလို့ပြောလိုက်ရင် ထာဝရဘုရားမကိုးကွယ်တဲ့သူ အကုန်လုံးပါသွားတယ်။

တကယ်တော့ ဗုဒ္ဓဟာ သူ့မကိုးကွယ်ရင်မိစ္ဆာဒိဋ္ဌိတွေပဲလို့မပြောခဲ့သလို တစ်ခြားဘာသာကနေ မိမိဘာသာဆီသို့ ကူးပြောင်းကိုးကွယ်ယုံကြည့်ဆည်းကပ်လာသူတွေကိုလည်း အရင်ကကိုးကွယ်ဆည်းကပ်မြဲဖြစ်တဲ့ ဘာသာရေးဆရာကြီးတွေကိုလည်း ၀တ်မပျက် ဆက်လက်ဆည်းကပ်ကြဖို့ ပြောခဲ့ပါသေးတယ်။ ဒါတင်ဘယ်ကမလဲ ကာလာမသုတ်နဲ့ ၀ီမံသသုတ်မှာလည်း သူ့ကိုတောင် မစူးစမ်းမဆင်ခြင်၊ ပညာနဲ့ ဝေဖန်သုံးသပ်မှုမပြုဘဲ မကိုးကွယ်ကြဖို့ လူတွေကို သတိပေးခဲ့ပါသေးတယ်။ တစ်နေရာမှလည်း လူတစ်ယောက်က (ပုဏ္ဏားမျိုးနွယ်ပဲထင်ပါတယ်) ဗုဒ္ဓဆီကိုလာပြီး ဘယ်လိုပုဂ္ဂိုလ်မျိုးရဲ့တရားစကားကို လေးစားလိုက်နာသင့်လဲလို့မေးတဲ့အခါ ဗုဒ္ဓက အပြစ်ကင်းတဲ့ ပညာရှိတွေချီးကျူးတဲ့ ကုသိုလ်ကိုပွားများစေတဲ့ ပြီးတော့လိုက်နာသူရဲ့ လောကီ၊လောကုတ္တရာနှစ်ဖြာသောအကျိုးစီပွားကို ဖြစ်ထွန်းစေတတ်တဲ့ ပုဂ္ဂိုလ်ရဲ့တရားကို လေးစားလိုက်နာဆည်းကပ်ပါလို့ ပြောလိုက်တယ်။ ဒီတော့ အဲဒီပုဏ္ဏားက ဒီနေ့ကစပြီးတပည့်တော် အရှင်ဘုရားရဲ့တရားစကားကိုပဲ လေးစားလိုက်နာပါတော့မယ်ဘုရားလို့ ဗုဒ္ဓကိုလျှောက်တော့၊ ဗုဒ္ဓကဘာပြောတယ်မှတ်လဲ။ ဟဟ ငါ့ကောင်ရ ငါက ငါနဲ့ငါ့တရားကို ကိုးကွယ်ယုံကြည်လိုက်နာဖို့ပြောတာမဟုတ်ဘူးဟ ဒီလိုဒီလိုသဘောတွေရှိတဲ့ ပုဂ္ဂိုလ်ရဲ့တရားကို လေးစားလိုက်နာဖို့ပြောတာဆိုပြီး အထက်ကပြခဲ့ တရားသဘောကိုပဲ ပြန်ပြောပြပါတယ်။ အဲဒီအခါမှာလည်း ဒီပုဂ္ဂိုလ်က မရဘူး။ ဒီနေ့ကစပြီး အရှင်ဘုရားရဲ့တရားကိုပဲ လိုက်နာကျင့်ကြံပါမယ်ချည်းလုပ်နေလို့ ဗုဒ္ဓကမနည်းကိုပဲ ကျိုးကြောင်းဆက်စပ်ပြီးရှင်းပြလိုက်ရပါတယ်။ အော်…. ဗုဒ္ဓဟာ တော်တော်အံ့သြစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါလားဆိုပြီး တော်တော်လေးကို ကြည်ညိုပီတိ ဖြစ်မိပါတယ်။ တစ်ခါလာသေးတယ်၊ ၀ိနည်းမဟာဝါမှာထင်တယ်၊ ဗုဒ္ဓကရဟန်းတွေကိုပြောတယ်၊ ရဟန်းတို့တဲ့ မင်းတို့ ငါနဲ့ငါ့တရားတွေကို (ရဟန္တာမပါ) ရင်ထဲအသည်းထဲက စွဲလမ်းမြတ်နိုးကြတယ်ဆိုတာငါသိတယ်။ အဲဒီတော့ တစ်ခြားသောအယူရှိသူတွေက (ဒီနေရာမှာ တစ်ခြားသောအယူရှိသူဆိုတာ ဘာသာခြားတွေကိုပြောတာ။ သူတို့ကို ပါဠိလို တိတ္ထိလို့ခေါ်တယ်၊ မိစ္ဆာဒိဋ္ဌိတွေလို့မခေါ်ဘူး၊ ဗုဒ္ဓက မိစ္ဆာဒိဋ္ဌိတွေသာ ငရဲရောက်နိုင်တယ်လို့ဟောတယ်။ တိတ္ထိတွေ ငရဲရောက်နိုင်တယ်လို့ မဟောခဲ့ဘူး။ ဒီတော့ မိစ္ဆာဒိဋ္ဌိအယူရှိသူတွေဟာ ဘာသာခြားတွေထဲကဖြစ်နိုင်သလို၊ ဗုဒ္ဓဘာသာဝင်တွေထဲကလည်း ဖြစ်နိုင်တာပဲ။) နောက်တော့ မိစ္ဆာဒိဋ္ဌိဆိုတာကို သေသေချာချာရှင်းပြပါဦးမယ်။ အခုတော့ စောစောက စကားကိုဆက်လိုက်ရင်။ ဘာသာခြားတွေက ငါ့ကိုအပြစ်ပြောကြမယ်၊ ငါ့မကောင်းကြောင်းတွေကို ချွတ်ယွင်းသဖြင့် စွပ်စွဲပြောဆိုကြမယ်၊ ရှုတ်ချကြမယ်၊ ကဲ့ရဲ့ကြမယ်။ အဲဒီအခါမင်းတို့မှာ ဒေါသတွေ၊ မကြေမချမ်းဖြစ်မှုတွေ၊ ၀မ်းနည်းမှုတွေ၊ စိုးရမ်မှုတွေ၊ ကြေကွဲခံစားမှုတွေဖြစ်လိမ့်မယ်။ အဲ…. အဲဒီလိုဖြစ်လာပြီဆိုရင် အဲဒီ ဒေါသ အစရှိတဲ့အကုသိုလ်တရားတွေက မင်းတို့ကိုပဲဖျက်စီးလိမ့်မယ်၊ အဲဒါကြောင့် ဘယ်သူတွေငါ့ကို ဘာပြောပြော မင်းတို့ရဲ့စိတ်ထဲမှာဘာမှမဖြစ်ပဲနဲ့ သည်းခံခွင့်လွှတ်တဲ့စိတ်ရှိရမယ်လို့ ဟောတော်မူခဲ့တယ်။ ပြီးတော့ ဗုဒ္ဓက နတ္ထလောကံ အနိန္ဒိတော တဲ့၊ လောကမှာ အကဲ့ရဲ့လွတ်တဲ့သူ မရှိဘူးလို့ လည်းပြောခဲ့သေးတယ်။ အဲဒီတော့ သူများတွေ ကိုယ့်ကိုပဲဖြစ်ဖြစ် ကိုယ်မြတ်နိုးကိုးကွယ်ရတဲ့ ဗုဒ္ဓအပါအ၀င် သံဃာစစ်သံဃာမှန်တွေကိုပဲဖြစ်ဖြစ် ကဲ့ရဲ့ရှုံ့ချကြရင် အဲဒါကြီးကိုကိုယ်က ခံယူကြေကွဲနေမယ်ဆိုရင် ကိုယ်ပဲစိတ်ဆင်းရဲ ဒုက္ခရောက်ရမှာပေါ့။ သူများတွေ ဘာတွေပဲပြောနေပြောနေ ကိုယ်ကတော့ သန့်စင်ခိုင်မာတဲ့ သဒ္ဓါစိတ်နဲ့ ရင်ဆိုင်သည်းခံနိုင်ရမယ်။ အဲဒါဟာ ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယဿ နကမ္ပတိ၊ အသောကံ ၀ိရဇံခေမံ၊ ဆိုတဲ့ မင်္ဂလာတရားတွေနဲ့ ပြည့်စုံခြင်းပဲလို့ ဆိုချင်တယ်။ တော်တော်လေးကို ကြီးကျယ်မြင့်မြတ်တဲ့ တရားတော်တွေပဲ၊ ဘယ်လိုစိတ်ဓာတ်မျိုး ဘယ်လိုဦးနှောက်မျိုးတွေနဲ့များ ဟောခဲ့တာတုန်းဆိုပြီး ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ကြီးကို တော်တော်လေး အံ့သြကြည်ညိုဖြစ်မိပါတယ်။ ဒီလိုတရားသဘောမျိုးတွေ တစ်ခြားဘယ်ဘာသာမှာမှ မရှိပဲကိုး။

မိစ္ဆာဒိဋ္ဌိ အယူမှားမဟုတ်တဲ့အကြောင်းကို ဆက်ရေးချင်ပါသေးတယ်။

ဆက်ဖတ်မယ်

Sunday, October 10, 2010

ဗုဒ္ဓ (သို့မဟုတ်) မှားတဲ့ဘက်ကလူ

အပေါ်ယံအသိရဲ့လက်ခံဖြတ်ပိုင်းထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
ရုပ်ကြမ်းကြီးနဲ့နွဲ့တဲ့ အစဉ်အလာထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အရှက်တရားတို့ရဲ့ မာယာထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
လှည့်စားတတ်တဲ့ ကြီးမြတ်မှုထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အဆောင်အယောင်တို့ရဲ့ အယောင်ဆောင်ချဉ်ခြင်းထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
လက်ခုပ်သြဘာသံတို့ရဲ့ အမှောင်အတိစီးမျောမှုထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
အဖြူနဲ့အမဲကိုကျောခိုင်း
ရောင်စုံတွေနဲ့ ထင်ရာစိုင်းတဲ့ လောကကြီးထဲမှာ
သူဟာ မှားတဲ့ဘက်မှာ
တကယ်တော့ သူဟာ
အရှိတရားကိုစွန့်ခွာ
အမှန်တရားထွက်ပြေးသွားတဲ့နောက်
တကောက်တကောက်လိုက်နေတဲ့
ဘုကျကျ သူပုန်တစ်ယောက်ပါ။ ။

ဆက်ဖတ်မယ်

Monday, June 28, 2010

မှော်ရုံတောမှာ မောလှပြီ


မဲမှောင်မွန်းကြပ်မှုတွေက လွတ်မြောက်ဖို့
ခက်ခဲရှုပ်ထွေးတဲ့ ထွက်ပေါက်တွေထဲ
ယောက်ယက်ခတ်တိုးဝင်ခဲ့ဖူးတယ်
လိုအင်ဆန္ဒတို့ရဲ့ ဂယက်ထမှုအတိုင်းအတာဟာ
နှိုင်းစရာရှာမရအောင် ကျယ်ပြန့်လွန်းလှပေါ့
ပင်လယ်တွေ ကျယ်ငံသလောက်
တောတောင်တွေမဲခါးလာတယ်
ဘယ်ညာလွဲမှားနေတဲ့
အဲဒီမျဉ်းပြိုင်နှစ်ကြောင်းဟာ
ဘယ်သောအခါမှ ဆုံတွေ့နိုင်တော့မလဲ


လိပ်ပြာလွင့်လောက်တဲ့အတွေးမျိုး
ရင်ထဲကို တိုးရှိုးဝင်ရောက်လာတိုင်း
ချိုရှရှကြက်သီးပေါက်ကလေးတွေ
တစ်ကိုယ်လုံးပေါ်မှာ ပြေးလျှောက်လို့
ငါ့ဝိဉာဉ်ရဲ့သွားရာလမ်းမှာ
တပ်မက်မှုတွေလောင်ကျွမ်းလို့
ငါ့စိတ်အစဉ်ကြည်လင်ခိုက်မှာ
ရက်စက်မှုတွေ လောင်မြိုက်လို့
ငါသံသယကင်းစွာ ရှုရှိုက်လိုက်တဲ့
ခပ်မိုက်မိုက် လေညှင်းလေးတွေထဲမှာ
ကြည်နူးဖွယ်ရာ အဆိပ်ငွေ့တွေဟာ
တစ်ရိပ်ရိပ်နဲ့ ငါ့ကိုလှည့်စားသွားပေါ့

နွေတစ်ရာလိုပူပြင်းတဲ့ ကန္တာရထဲမှာ
ငါဟာ ဒဏ်ရာတွေနဲ့ မောဟိုက်လို့
အစွန်းရောက် အကြမ်းဖက် သမာပတ်တွေ
ငါ့ဝိပဿနာထဲ မ၀င်ရောက်ခင်အထိ
နာကျင်ကြေကွဲခြင်းရဲ့အဆုံးကိုလျှောက်ဖို့
ခြေရာတွေ ထားခဲ့ကြပါဦး
ခံစားချက်ပုဒ်စာကို ကြက်ခြေခတ်တွေနဲ့
မရက်စက်လိုက်ကြပါနဲ့
အရှိတရားနဲ့ အဖြစ်တရားဟာ
နှလုံးသားသီအိုရီနဲ့ မြှောက်လိုက်မှ
အဖြေမှန်ဖြစ်လာနိုင်မှာပါ
အပြစ်ကင်းတဲ့ ခံစားချက်ဆိုရင်
အမှန်ခြစ်ပေးပါ
သူ့မှာ အဖြူနဲ့အမည်းပဲရှိတယ်

ဘ၀တစ်လျှောက်ရဲ့
နာကျင်ဖွယ်ရာခဏတိုင်းအတွက်
အကျည်းတန်မျက်ရည်စတွေဟာ
မခမ်းခြောက်နိုင်တော့ပါဘူး
ဒီလိုပါပဲ
မောပန်းနွမ်းလျစွာမြတ်နိုးရဖို့
ငါ့ဘ၀ဟာ ဒဏ်ရာတွေနဲ့လှပခဲ့တယ်
အခုတော့
နှလုံးသားထဲကို စီးဆင်းသွားမယ့်
အတွေးဆီးနှင်းပေါက်တို့ရဲ့
သုညဒီဂရီအောက်အေးမြခြင်းကို
တမ်းတနေမိပေါ့
ပြီးတော့
ရင်ခွင်ထဲမှာပိုက်ထားတဲ့ အမှိုက်တွေကို
ခုတ်ထွင်ရှင်းလင်းလိုက်တဲ့အချိန်မှာရမယ့်
ရိုးသားတဲ့ အနံ့အသက်မဲ့ လေပြေလေးကို
အားရပါးရရှုရှိုက်လိုက်ချင်တော့တယ်။

ဆက်ဖတ်မယ်

Friday, June 25, 2010

ဆန့်ကျင်ဘက်၏ ဖြစ်တည်ခြင်း


တစ်နေ့
သူ အိပ်မက်ထဲမှာနိုးလာတယ်
အလို…
လောကကြီက ပြောင်းပြန်ကြီးဖြစ်လို့ပါလား
ဒါနဲ့ သူ
ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တယ်
သူလည်း ပြောင်းပြန်ကြီးပဲ
ရူပဗေဒသီအိုရီအရလား
မဟုတ်ဘူး
သူ မှန်ကြည့်နေတာမဟုတ်ဘူး

မကြေနပ်လို့ သူ
စူးစူးစိုက်စိုက်ပြန်ကြည့်တယ်
လောကကြီးကိုရော
သူ့ကိုယ်သူရော
အဲ…
တဖြည်းဖြည်းနဲ့
ပြဿနာက ပါးပါးလာပြီ
စိတ်အမြင်အာရုံထဲကို
ဆန္ဒအားလေးထပ်ထည့်လိုက်တယ်
သူမြင်လိုက်တာ
ပြဿနာပါးပါးရဲ့ အခြားတစ်ဘက်က
နောက်ထပ်ပြဿနာတစ်ခု

ဟူး………
သူ စိတ်ညစ်သွားတယ်
ဒါပေမယ့်
သူ စိတ်မပျက်ဘူး
ဒုတိယပြဿနာအတွက်
အဖြေကိုရှာဖို့
သူ အကြောင်းကိုရှာတယ်
ဒါနဲ့ သူ
သူ့ကိုယ်သူပြန်မေးတယ်
အဖြေကိုသိရင်
အကြောင်းကိုသိပြီပဲ
ဘာလို့အကြောင်းကိုရှာမလဲ
အဲ… ဟုတ်ပြီ
အဲဒါအဖြေပဲ။ ။

ဆက်ဖတ်မယ်

Monday, June 21, 2010

တိမ်တွေပေါ်မှာ မင်းနဲ့ငါ


ဟင့်အင်း…
ငါမကြားရဘူး
မင့်ရင်ခုန်သံတွေ စွံ့အနေတယ်
အော်…
မင်းကမှ ရင်မခုန်တတ်ပဲ
မဟုတ်ဘူး…
မင်းက ရင်ခုန်ရကောင်းမှန်းမသိတာ
မဟုတ်သေးဘူး…
မင်း ရင်မခုံရဲတာဖြစ်ရမယ်
မင်းရဲ့ ရင်ခုန်သံကို
တစ်စုံတစ်ခု စောင့်ကြည့်နေတယ်
မင်းက ရင်မခုန်ရဲတော့
ရင်ခုန်လို့ရတယ်ဆိုတာကို မသိဘူးပေါ့
ရင်ခုန်သင့်တယ်ဆိုတာမသိတော့
ရင်မခုန်တတ်တော့ဘူးပေါ့
ရင်မခုန်တတ်တော့
မင့်ရင်ခုန်သံတွေ ထုံထိုင်းစွံ့အ ကုန်ပြီပေါ့

ဘာမှအားမငယ်နဲ့သူငယ်ချင်း
မင်းဘေးမှာငါရှိတယ်
မင်းလည်းလမ်းပေါ်ကလူ
ငါလည်းလမ်းပေါ်ကလူ
မင်းနဲ့ငါ ဘ၀တူပဲ
အသိတရားတွေနဲ့
တို့တွေရင့်ကျက်လာရင်
မင်းက ဘင်လာဒင်လုပ်
ငါက ဟစ်တလာလုပ်မယ်
အချစ်ဆုံးတွေကို ထားရစ်ခဲ့မယ်
အနီးဆုံးတွေကို အရင်ရှင်းမယ်
အဝေးဆုံးတွေကို အမီလိုက်မယ်

ကြည့်မနေနဲ့ကွာ အဲဒါ မာယာတွေ
အဖြူနဲ့အမဲကို ကာလာတွေခွဲပြီး
ဒို့ကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နေကြတာ
ဒီကမ္ဘာကြီးကို ငါတို့ငဲ့ကွက်နေစရာ မလိုဘူး။
ဒီမှာသူငယ်ချင်း…
ဘ၀ကိုနားမလည်ခြင်းဆိုတာ လွတ်လပ်ခြင်းပဲကွ
အသိတရားတွေ အပြစ်ကင်းကင်းနဲ့ ဆင်းရဲနေချိန်မှာ
ဟောဒီကမ္ဘာကြီးက ငါတို့ကို ချမ်းသာမပေးခဲ့ဘူး

စိမ်းလန်းခြင်းတွေကွယ်ပျောက်
ရေကြည်တွေနောက်လို့
တောချောက်နေတဲ့ ဟောဒီကမ္ဘာကြီးမှာ
အထက်ကိုမရောက်
အောက်ပြီးတော့ အောက်ရောက်
မျှော်လင့်ချက်တွေ ကုန်းကောက်ရင်း
အမောဖောက်နေခဲ့တာ မင်းနဲ့ငါ
ထပ်ကိန်းတွေနဲ့ အစားခံလိုက်ရတဲ့
ငါတို့ရဲ့ အဖြူရောင်သက္ကရာဇ်တွေဟာ
နောက်တစ်ခါ စင်ကြယ်ဖို့ မလွယ်တော့ဘူးကွ

အား ……….
မင်းကိုချစ်ရတာ
ခံတွင်းပျက်တယ်၊ ရေငတ်တယ်၊ ရင်ခါးတယ်
လွင့်ပစ်လိုက်တော့
မင်းရင်ထဲက ကြိမ်နှုန်းမဲ့ အီးစီဂျီကို
အသက်ရှင်ပြီး ရင်ခုန်သံမဲ့နေတဲ့ဘ၀တွေကို
ငါ မခံစားနိုင်တော့ဘူးကွာ။ ။

ဆက်ဖတ်မယ်

Blogger template 'CoolingFall' by Ourblogtemplates.com 2008