Friday, May 28, 2010

မြတ်ဗုဒ္ဓသို့…


နှလုံးသားအာဟာရအတွက်
ဓမ္မဆေးကို တိုက်ကျွှေးတော်မူသော
အရှင်မြတ်ဘုရား ...
အရှင်ဘုရားအား
ဝိသာခါနက္ခတ် ယှဉ်စပ်သော
ဤနေ့မြတ်၌
ရင်ထဲတွင် အစဉ်အမြဲဖြစ်ပေါ်နေသော
အသင်္ခါရိက သမာဆန္ဒတို့ဖြင့်
ရိုသေတုပ်ဝပ် ရှိခိုးအပ်ပါသည်ဘုရား
အရှင်ဘုရား ရွာသွန်းပေးခဲ့သော
အေးချမ်းလတ်ဆတ် ဓမ္မမိုးစက်တို့သည်
ကျွန်ုပ်တို့၏ အားမာန်များဖြင့်စွက်ကာ
ခောတ်အဆက်ဆက် သွန်းဖြိုးအပ်ပါသည်ဘုရား

အရှင်ဘုရားရဲ့ ဓမ္မစည်ကြီးဟာ
ကျွန်ုပ်တို့ နှလုံးသားကို
နူးညံ့၊ ဖြူစင်၊ ရဲဝံ့စေတယ်
ချစ်ခြင်း၊ မုန်းခြင်းဆိုတဲ့ စစ်ခင်းမှုကြားကို
တိုးဝင်ရှင်သန်စေတယ်
အမှန်တရားအတွက် ဆင်နွှဲရတဲ့
နှလုံးသားတိုက်ပွဲမှာ
ခွန်အားတွေကို တိုးပွားစေတယ်
သွေး၊ ချွေးတို့ ကျရှုံးသည့်တိုင်
အောင်ပွဲကို ဆင်နိုင်စေတယ်
စိတ်ဓာတ်အားအင်တွေကုန်ခမ်း
မောဟိုက်ပင်ပမ်းတဲ့အခါ
ညှိုးနွမ်းအားငယ်နေတဲ့ နှလုံးသားကို
ညအမှောင်ပန်း လရောင်ဆမ်းသလို
ပွင့်လန်း မွှေးပျံ့စေတယ်
အရှင်သည်
ကျွန်ုပ်တို့အတွက် ဘ၀တန်ဆောင်
အလင်းရောင် ဖြစ်ပေသည်တကား။ ။
(ဗုဒ္ဓနေ့တွင် ဤကဗျာဖြင့် မြတ်ဗုဒ္ဓအား ဒုတိယအကြိမ် ပူဇော်ပါ၏။)

0 comments:

Blogger template 'CoolingFall' by Ourblogtemplates.com 2008