Wednesday, June 16, 2010

အမှားများနှင့်ရင်ဖွင့်ခြင်း


အကောင်းမြင်သဘော ရှိသောသူတို့သည် အမှားများမှ သင်ခန်းစာယူကြမြဲဖြစ်သည်။ မိမိအမှားကြောင့် ဘယ်တော့မှ စိတ်ပျက်မသွား။ ကျွန်ုပ်မှာ ကျင့်ဆဲသေက္ခ ဖြစ်သောကြောင့် အမှားများမှသင်ခန်းစာ ယူရကောင်းမှန်းသိသော်လည်း အမှားလုပ်မိတိုင်း အနည်းငယ် စိတ်ထိခိုက်တတ်၏။ ထို့အတွက် ကျွန်ုပ်တွင် အားပေးနှစ်သိမ့်သူများ လိုအပ်၏။

တစ်ချို့သောသူတို့သည် အကြောင်းတိုက်ဆိုင်လာလျှင် မိမိခံစားချက်များကို ရင်ဖွင့်တတ်ကြသည်။ မိမိစိတ်ကျန်းမာရေးအတွက် ရင်ဖွင့်ခြင်းမှ ရရှိလာသော အားပေးနှစ်သိမ့်မှုများသည် အလွန်အရေးကြီးလှ၏။ ကျွန်တော့်ဘ၀တွင်လည်း ကျွန်တော့်ခံစားချက်များအတွက် ရင်ဖွင့်စရာများစွာရှိသည်။ အကြောင်းတိုက်ဆိုင်တိုင်းလည်း ဖွင့်ခဲ့ဖူး၏။ သို့သော် ကျွန်တော့်ရင်ဖွင့်သံကို နားထောင်သူတော်တော်များများသည် (ရင်ဖွင့်တာကိုနားမလည်၍လားမသိ) ဟားတိုက်ရယ်မော၍တစ်မျိုး၊ ပြစ်တင်ရှုံ့ချ၍တစ်သွယ်၊ မကြည်ကြည့် ကြည့်၍တစ်နည်း၊ ဆန့်ကျင်ကန့်ကွက်၍တစ်ဖုံ တုံ့ပြန်ကြမြဲဖြစ်သည်။

အနည်းငယ်သော (မှတ်မှတ်ရရ နှစ်ယောက်) နားထောင်သူတို့၏ ကျေးဇူးကြောင့် ရင်ဖွင့်ခြင်း၏ အရသာကို ကျွန်တော်ကောင်းကောင်းနားလည်ခဲ့၏။ အပြုသဘောတုံ့ပြန်မှုရသော ရင်ဖွင့်ပြီးစအချိန်၌ မိမိတွင်ဘာအပူအပင်အရှုပ်အထွေးမှမရှိ။ တစ်ကိုယ်လုံး လေထဲမြောက်တက်သွားသလို ပေါ့ပါးလွတ်လပ်စွာ ခံစားရ၏။ ထို့ကြောင့် ရင်ဖွင့်ခြင်းမှ ရရှိသော ပေါ့ပါးလွတ်လပ်မှုကို ခံစားနိုင်ဖို့ မိမိရင်ဖွင့်သံကို စာနာစွာ နားထောင်မည့်သူ အနည်းဆုံးတစ်ယောက်လိုအပ်၏။

သင်သည် သင်၏သူငယ်ချင်းအပေါင်းအသင်းများရှေ့တွင် ရင်ဖွင့်နေသည် ဆိုကြပါစို့။ သင်၏ရင်ဖွင့်သံကို နားထောင်သူများသည် ပွင့်နေသော သင်၏ရင်ထဲကို ကရုဏာတွေ၊ မေတ္တာတွေ၊ အားပေးနှစ်သိမ့်မှုတွေ ရက်ရက်ရောရော ထည့်ပေးဖို့လိုအပ်၏။ ထိုသို့မဟုတ်ပါပဲ ဆန့်ကျင်ကန့်ကွက်မှုများ၊ မကျေနပ်မှုများ ထည့်ပေးလိုက်လျှင်မှု ထိုဆန့်ကျင်မှုများသည် သင်၏ရင်ထဲကို လွတ်လပ်ပေါ့ပါးသော ကျေနပ်နှစ်သိမ့်မှုတွေ ၀င်မလာအောင် ဆို့ပေးလိုက်သလို ဖြစ်သွားပေမည်။ တကယ်တမ်းတွင် မိမိရင်ဖွင့်သံကို ဆန့်ကျင်ကန့်ကွက်ရလောက်အောင် ရင်ခွင်မဲ့သောမိတ်ဆွေ ရှိလိမ့်မည်မထင်။ ထိုသို့ တကယ်ဖြစ်ခဲ့လျှင်လည်း တစ်ခုခု တိမ်းပါးလွဲချော်နေ၍ ဖြစ်ရပေမည်။ ဥပမာ သင်၏ရင်ဖွင့်သံသည် အတွေးအခေါ်အယူအဆတစ်ခုလို ဖြစ်နေခဲ့လျှင် နားထောင်သူများထံမှ မလွဲမသွေ ဆန့်ကျင်သော အသံကို ၀မ်းနည်းပက်လက် ရရှိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်သည် သင်၏ခံစားချက်များပြည့်သိပ်နေသောရင်ကို မပွင့်တပွင့် မဖွင့်ပဲ ရှင်းရှင်းလင်းလင်းကျယ်ကျယ်ဝန်းဝန်း ဖွင့်ပြသင့်လှပေသည်။ မိမိရင်ဖွင့်သံသည် အယူအဆတစ်ခုလို မဖြစ်ဖို့လည်း အရေးကြီး၏။ ဤနေရာတွင် နှလုံးသားကို ပညာဖြင့်မရောမိပါစေနှင့်။ နှလုံးသားသည် ခံစားချက်၊ ပညာသည် ဆင်ခြင်ယူဆခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သင်မျှော်လင့်သော သင့်နှလုံးသားအတွက် အားပေးနှစ်သိမ့်သံများသည် ဆန့်ကျင် ကန့်ကွက်သံများအဖြစ် ထွက်ပေါ်လာပေလိမ့်မည်။ ထို့ကြောင့် မိမိကို နားအလည်ဆုံး မိတ်ဆွေသူငယ်ချင်း တစ်ယောက်ထံတွင် လွတ်လွတ်လပ်လပ်ရင်ဖွင့်ခြင်းသည် အကောင်းဆုံးဖြစ်၏။ သင့်ကိုနားလည်သူသည် သင့်ခံစားချက်တွင် အတွေးအခေါ်အယူအဆသဘောများ ပါနေသဖြင့် မိမိအယူအဆနှင့် ဆန့်ကျင်နေစေကာမှု သင့်ကို နားလည်ခံစား၍ အားပေးနှစ်သိမ့်မှုများ ပေးလိမ့်မည်ဖြစ်သည်။ ထိုသူငယ်ချင်းမျိုးကို ခေတ်စကားဖြင့် bosom friend (ရင်ဘတ် မိတ်ဆွေ) ဟု ခေါ်၏။

ကျွန်တော်သည် ကလေးဘ၀ကစ၍ ယခုအချိန်အထိ အကြောင်းတိုက်ဆိုင်လျှင် ရင်ဖွင့်တတ်၏။ ငယ်စဉ်ကတော့ ကျွန်တော့် ရင်ဖွင့်သံကို သဘောထားမှန်မှန်နှင့် နားထောင်ပေးခဲ့သူ တစ်ယောက်မျှ မရှိခဲ့ပါ။ ကြီးလာတော့လည်း ကျွန်တော့ရင်ဖွင့်သံကို နားလည်သူအတော်ရှား၏။ ငယ်ငယ်တုန်းကဆိုလျှင် ကစားဖော်အချင်းချင်းများဆီသို့ရင်ဖွင့်ရုံမျှမက လူကြီးများတိုင်အောင် လှည့်ပတ်ရင်ဖွင့်ဖူးသည်။ ထိုစဉ်ကတော့ ကျွန်တော်သည် ထိုသို့ပြုလုပ်ခြင်းကို ရင်ဖွင့်သည်ဟု နားမလည်ခဲ့ပါ။ ကျွန်တော့်ရင်ဖွင့်သံသည် သူတို့အတွက် ဟာသတစ်ပုဒ်လိုဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်တော့်ရင်ဖွင့်သံကို ရန်သူ၏ စစ်ချီသံကဲ့သို့ အမောတကော ဆန့်ကျင်ကန့်ကွက် ခုခံကြသည်။

ကျွန်တော်ငယ်ငယ်က မိဘရိုက်၍သော်လည်းကောင်း၊ သူများ ရန်စအနိုင်ကျင့်၍သော်လည်းကောင်း ခဏခဏ ငိုခဲ့ရသည်။ မိဘရိုက်သဖြင့် ကျွန်တော် ငိုသောအခါ အခြားကလေးတွေ ပျော်မပျော်မသိသော်လည်း။ သူတို့ ရန်စအနိုင်ကျင့်၍ ကျွန်တော် ငိုရလျှင် သူတို့အလွန်ပျော်ကြသည်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း ကြေကြေကွဲကွဲသိသည်။ ပူလောင် ကြေကွဲလွန်းလှသဖြင့် ရင်ကိုဖွင့်ချသောအခါများတွင်လည်း ဟားတိုက်ရယ်မောကြသည်။ ထိုအခါတွင် ကျွန်တော်သည် ငါ့ကို ဘယ်သူမှ အဖက်မလုပ်ကြပါလားဟု အထီးကျန်မှုကို စတင်ခံစားလာရသည်။ ထိုအထည်းကျန် ကြေကွဲမှု၏ ရလဒ်အဖြစ် နောက်ပိုင်းတွင် ကျွန်တော်သည် သူတပါးပျော်ရွှင်သည်ကို မည်သည့်နည်းနှင့်မျှ နာလို ရှုစိမ့်နိုင်မှု မရှိသော ကလေးတစ်ယောက်ဖြစ်လာခဲ့သည်။ လူတိုင်း ကျွန်တော့်ထက် ကြီးကျယ်မြင့်မြတ်သူဟုလည်း ထင်မှတ်လာသည်။ ပိုဇစ်ရှင်းက အောက်ဆုံးရောက်နေသည်ဟု ခံစားရသဖြင့် မိမိကိုယ်ကို ယုံကြည်မှုတွေလည်းပျောက်ဆုံးလာသည်။ (အထီးကျန်မှုကြောင့် အပေါင်းအသင်းမက်မောသူ တစ်ယောက်လည်းဖြစ်လာသည်)။ သူတပါး အောင်မြင် ပျော်ရွှင်နေသည်ကို ကြားနေ၊ မြင်နေရလျှင် ရင်ထဲတွင် နင့်ကနဲခံစားရသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွေ (လူတွေအားလုံး) အောင်မြင်သွားလျှင် မိမိကို အခွင့်သင့်တိုင်း အနိုင်ကျင့်စော်ကားကြလိမ့်မည်ဟု မိမိမသိစိတ်ထဲတွင် အစဉ်အမြဲကိန်းအောင်းနေသောကြောင့် ဖြစ်လေသည်။ (သတိ။ ။ ကြောက်စရာကောင်းသော စိတ်ရောဂါတစ်မျိုးဖြစ်သည်။) ယခုအချိန်ထိ ထိုအရိပ်အငွေ့ အထုံသဘာဝသည် ကျွန်တော့်ရင်ထဲတွင် မသိမသာ ကိန်းအောင်းနေသေးသည်။ ပတ်ဝန်းကျင်၏ အထပ်ထပ်သောဖိအားကြောင့်ဖြစ်လာသည့် အလွန်မာကျောသော အောင်မြင်သူမုန်းတီးရေး သံလုံးကြီးကို ကျွန်တော် ယခု အပူပေး၍ ဆယ်ပေါင်တူဖြင့် ပင်ပန်းဆင်းရဲစွာ ထုနှက်ပုံသွင်းနေရသည်။ အောင်မြင်သင့်သလောက် အောင်မြင်ပြီဟုလည်းထင်သည်။ သို့သော် တစ်ချိန်ချိန်တွင် ကျွန်တော်သည် ကင်ဂျုံအီးလို၊ ဆက်ဒမ်ဟူစိန်လို၊ ဟစ်တလာလို ကမ္ဘာ့လူဆိုးကြီး တစ်ယောက်ဖြစ်မလာနိုင်ဟု ကျွန်တော့်ကိုယ် ကျွန်တော် အာမမခံနိုင်သေး။ ထို့ကြောင့် ပူလောင်လွန်းလှသဖြင့် ဖွင့်ချလိုက်သော ကျွန်တော့်ရင်ဖွင့်သံများအတွက် အားပေးနှစ်သိမ့်မှုများကို ကျွန်တော် ဆာလောင်နေလေသည်။

အထက်ပါ အကြောင်းအရာနှင့် အကျိုးဆက်တို့မှာ မိမိကစားဖော်ကလေးများကို ရင်ဖွင့်ရာမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ လူကြီးများကို သွား၍ရင်ဖွင့်ရာမှရသော ကြောက်မက်ဖွယ် ရလဒ်များလည်းကျန်ရှိပေသေးသည်။

(ဆက်လက် ရင်ဖွင့်ပါမည်)

0 comments:

Blogger template 'CoolingFall' by Ourblogtemplates.com 2008