Sunday, May 23, 2010

ကာရံမဲ့ ဘ၀များ


အဲဒီဘ၀လေးတွေအတွက် နာကျင်စွာကြေကွဲတတ်ဖို့
ခံစားချက်မျက်ရည်တွေ မကုန်မခမ်းနိုင်အောင်ရှိတယ်
ညာခြေတစ်ချောင်းနဲ့ ညာလက်တစ်ဖက်ဟာ
ဘီးလေးလုံးကတဲ့ယာဉ်ပေါ်မှာ တွဲချိတ်လို့
ကျေးဇူးရှင်ကို ကျွမ်းကျင်စွာပိုက်ထားတဲ့
ဘယ်လက်တစ်ဖက်နဲ့အတူ ဘယ်ခြေတစ်ချောင်းဟာ
ထောက်တည်ရာမဲ့ လေထဲမှာ ၀ဲလို့
ဘယ်လောက်စည်းချက်မှန်တဲ့
ပရန်းပတာ ဆန်မှုလဲ။

ဝမ်းရေးဆိုတဲ့ ပန်းတိုင်တစ်ခုတည်းအတွက်
အသက်ကို တစ်ခြမ်းစတေးလို့
ကဗျာမဆန်တဲ့ အဲဒီဘ၀လေးတွေထဲကို
ပရော်ဖက်ရှင်နယ်ဆန်ဆန်တောင်
တိုးဝင်ရုန်းကန် ရှင်သန်ခဲ့ဖူးတယ်
ပန်းတိုင်ကိုရောက်ဖို့ ဘယ်ရွေ့ဘယ်မျှ
လျှောက်လှမ်းရမယ်ဆိုတာတော့ မသိခဲ့ဘူး
ဖန်ဝါ၀ါနေလုံးကို ခပ်ပြောင်ပြောင်ခေါင်းပေါ်မှာ
ခပ်စောင်းစောင်းတင်ထားတဲ့ အချိန်ထိတောင်
မဲမှောင်မှောင်ခွက်တစ်လုံးက လက်ထဲရှိနေတုန်း
ပန်းတိုင်အတွက် ရိက္ခာဆိုတာဟာ
အဲဒီအချိန်အထိ မစုံကြသေးဘူး
အဲဒီအချိန်က ငါတို့နားမလည်သေးတဲ့
သိက္ခာဆိုတာတော့ ကုန်လုနေခဲ့ပေါ့။

တကယ်တော့
မီးလောင်ပြင်လို ပူလောင်ကြမ်းတမ်းတဲ့
ဘ၀ခရီးလမ်းထဲကနေ သိက္ခာတွေကိုသယ်ထုတ်ဖို့
ငါတို့မှာ အတောင်တွေမှ မစုံကြသေးပဲ
သိမ်မွေ့နုနယ်မှုတွေ ချမ်းသာသမျှ
ခက်ထန်ကြမ်းတမ်းမှုတွေ ကြွယ်ဝနေခဲ့ကြတယ်
ဘယ်လောက်လှပတဲ့ ပဋိပက္ခလေးလဲ
လောကဓံကို ရယ်သွမ်းသွေးဖို့တော့
ငါတို့ မရင့်ကျက်ခဲ့ကြသေးဘူး။

တစ်ခါတစ်ရံ
မမြင်ရတဲ့ သစ္စာတရားတို့ကများ
လက်တွဲကာထူ ဖေးကူလေကြသလား
လိုအပ်ခြင်းတွေ လောင်မြိုက်နေတဲ့ငါတို့ကို
ကရုဏာတွေနဲ့ပွေ့ဖက်လို့ ငြှိမ်းသက်ပေးလိုက်ကြရဲ့
အရေးမကြီးပေမယ့် လိုအပ်နေတဲ့ပန်းတိုင်အတုဟာ
အဲဒီအခိုက်အတန့်လေးမှာတော့
မသိစိတ်ထဲမှာ ခေတ္တအနားယူနေလေရဲ့
လောကရိုးရာ ပန်းတိုင်သွားလမ်းကျဉ်းလေးဟာ
အဲဒီအချိန်မှာတော့ ဟန်ဆောင်ခြင်းတွေနဲ့
ချောမွေ့ပြေဆင်းလို့ပေါ့။ ။

0 comments:

Blogger template 'CoolingFall' by Ourblogtemplates.com 2008