Sunday, December 13, 2009

ဘလော်ဂါများအတွက် ကျန်းမာရေးအကြံပြုချက်


ယနေ့ကမ္ဘာ၏ ရော်ဖက်ရှင်နယ် စီးပွားရေးလုပ်ငန်းများတွင် အိုင်တီလုပ်ငန်းသည် တွင်ကျယ်စွာနေရာယူလျှက်ရှိလေသည်။ ဘလော့ဂ်ဂါလုပ်ငန်းသည်လည်း (အချိန်ပိုင်းဖြစ်စေ အချိန်ပြည့်ဖြစ်စေ) ထို အိုင်တီလုပ်ငန်းထဲတွင်ပါဝင်လျှက်ရှိပေသည်။

အထက်ပါလုပ်ငန်းကိုလုပ်ကိုင်သော ပုဂ္ဂိုလ်များတွင် ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာအမြောက်အများရှိလေသည်။ ၄င်းတို့ ကျန်းမာရေးချွတ်ယွင်းရခြင်း၏ အဓိကအကြောင်းအရင်းများမှာ......


-သူတို့၏ကျန်းမာရေးကို သူတို့ ဂရုမစိုက်ခြင်း
-ကိုယ့်ကိုယ်ကို ဂရုစိုက်ရန် အချိန်မရှိခြင်း
-အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း
-စိတ်ဖိစီးခြင်း တို့ဖြစ်ကြသည်။

ရိုးရှင်း၍ အသုံးဝင်သော ဘလော့ဂ်ဂါကျန်းမာရေးဆိုင်ရာ အကြံပြုချက်များကို မျှဝေလိုပါသည်။ သက်ရှည်ကျန်းမာကောင်းမွန်စွာနေထိုင်နိုင်ရေးအတွက် ထိုအကြံပြုချက်များက ဘလော့ဂ်ဂါများကို ကူညီပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။

၁။ ကျော၊ လည်ပင်းနှင့် လက် နာကျင်ခြင်းများ
အလုပ်မစခင် သင်၏ ကျော၊ ခါးနှင့် လည်ပင်းတို့ကို အညောင်းဆန့်ပေးခြင်း လက်၊ လက်ကောက်ဝတ်နှင့် လက်ချောင်း လေ့ကျင့်ခန်းများလုပ်ပေးခြင်းဖြင့် အထက်ပါပြဿနာများကို ဖြေရှင်းနိုင်ပါတယ်။ ကိုယ်နေဟန်ထားကို တရားထိုင်သလို ဖြောင့်ဖြောင့်ထားဖို့ အရေးကြီးပါတယ်။ ပြီးတော့ အချိန်အကြာကြီးအလုပ်လုပ်မယ်ဆိုရင် ကြားထဲမှာ နားချိန်လေးတွေ သတ်မှတ်ထားဖို့လိုပါမယ်။

၂။ မျက်စိပြဿနာ
မျက်စိပြဿနာကတော့ အိုင်တီ ဘလော့ဂ်ဂါသမားတိုင်း ကြုံတွေ့နေကျပြဿနာပါ။ အဲဒီအတွက် ကွန်ပျူတာရှေ့ နာရီများစွာထိုင်ခြင်းကို ရှောင်ရပါလိမ့်မယ်။ မျက်စိဖူးရောင်ခြင်းကနေ ကာကွယ်ဖို့ ရေများများသောက်ပါ။ မျက်စိလေ့ကျင့်ခန်းများလုပ်ပေးပါ။ မျက်လုံးနာကျင်ကိုက်ခဲမှုမဖြစ်စေဖို့ စူးရှတဲ့အလင်းရောင်ကို ကာကွယ်ပေးနိုင်တဲ့ မျက်မှန်ကို အသုံးပြုနိုင်ပါတယ်။

၃။ အ၀လွန်ခြင်းနှင့် ကိုယ်အလေးချိန်တိုးခြင်း
အထိုင်များတဲ့ ဘ၀နေထိုင်မှုပုံစံကြောင့် ဒီပြဿနာတွေဖြစ်ရတာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လေ့ကျင့်ခန်းတွေ လုပ်ပြီးရင်းလုပ်နေဖို့ပါပဲ။ နံနက်ခင်းလေ့ကျင့်ခန်းများကို အနည်းဆုံး မိနစ် (၃၀) လုပ်ပါ။ သင့်တွင် အချိန်မရှိခဲ့လျှင် သင်အလုပ်လုပ်ရာနေရာ သို့မဟုတ် သင်၏ရုံးတွင် အလုပ်မစခင် လေ့ကျင့်ခန်းတစ်ချို့လုပ်ပါ။ အာဟာရမဖြစ်သော အစားအစာများကိုစားခြင်းမှ ရှောင်ကြဉ်ပါ။

၎။ စိတ်ဖိစီးခြင်းနှင့် စိတ်ဓာတ်ကျခြင်း
ဤပြဿနာများကို ဖြေရှင်းရန် သင့်တွင် အကောင်းမြင်ဝါဒ ရှိရမည်။ အိပ်ရေးဝအောင် အိပ်ပါ။ ယောဂကျင့်ခြင်း တရားထိုင်ခြင်းများဖြင့် သင်၏ မွန်းကျပ်တင်းမာနေသာ စိတ်များကို ဖြေလျော့ပါ။

၅။ မူးယစ်ဆေးစွဲခြင်း (အထူးသဖြင့် အရက်နှင့် ဆေးလိပ်)
ဒီကိစ္စဟာ ကျန်းမာရေးအတွက် အရေးကြီးလှတာကြောင့် သေသေချာချာ ဂရုစိုက်ဖို့လိုပါတယ်။ နည်းပညာကမ္ဘာကြီးထဲမှာနေထိုင်တဲ့လူတွေအဖို့ ကျန်းမာရေးကိုသာမက စီးပွားရေးကိုပါ ထိခိုက်ပျက်စီးစေတဲ့ မူးယစ်ဆေးဝါးများကို ရရှိအသုံးအချဖို့ဆိုတာ အလွန်လွယ်ကူပါတယ်။ မူးယစ်ဆေးဝါးများကိုရှောင်ကြဉ်ရန် သင့်ကို အကူအညီပေးနိုင်မည့် အကြံပြုချက်များကို ရယူပါ။ ဆရာဝန်နှင့် ဆွေးနွေး၍ အကြံပြုချက်များတောင်းခံပါ။

အထက်ပါ အကြံပြုချက်များသည် သင့်ကို ကျန်းမာပျောက်ရွှင်သော ဘ၀ဆီသို့ ဦးတည်တည့်မတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျှက်………….

source: http://www.bloggertricks.com/

ဆက်ဖတ်မယ်

Tuesday, December 8, 2009

ဘာ့ကြောင့်လဲပြောပါ


ကျွန်တော်မက်တဲ့အိပ်မက်ထဲမှာ
ကလေးလေးတွေ သီချင်းဆိုနေကြတယ်
လူသားအားလုံးအတွက် ချစ်ခြင်းဖွဲ့ မေတ္တာသီချင်းပေါ့
ကောင်းကင်ကြီးက ပြာလဲ့လို့
ကွင်းပြင်ကြီးတွေစိမ်းလန်းလို့
ပြီးတော့ ……
ကမ္ဘာကြီးကလည်း ရယ်မောလို့


အဲဒီနောက် ကျွန်တော်နိုးလာတယ်
ကြည့်လိုက်တော့
လိုအပ်နေတဲ့လူတွေနဲ့ ပြည့်ကျပ်နေတဲ့ ကမ္ဘာကြီးတစ်ခု
ဘာ့ကြောင့်လဲပြောပါ
အဲဒီလိုပဲဖြစ်ရမှာလား
အဲဒီလိုဖြစ်မှ ရမှာလား
အဲဒီလိုဖြစ်မှ ဖြစ်မှာလား
ဘာ့ကြောင့်လဲပြောပါ
ကျွန်တော် တကယ်နားမလည်ဘူး
တစ်ချို့က တစ်ချို့ကို လိုအပ်နေတဲ့အချိန်မှာ
ကူညီဖေးမတဲ့ လက်တွေ မကမ်းကြဘူး
အဲဒါ ဘာ့ကြောင့်လဲ

နေ့စဉ်နေ့တိုင်းပဲ
ကျွန်တော့ကိုယ်ကျွန်တော်မေးတယ်
ကမ္ဘာလောကရဲ့လူတစ်ယောက်အဖြစ်နဲ့
ကျွန်တော်ဘာတွေလုပ်ရမလဲလို့ပေါ့
ငါဟာဒါပဲဆိုတာ အားလုံးကိုသက်သေပြဖို့
ခက်ထန်စွာရပ်တည်ပြီး တိုက်ပွဲဝင်ရမလား
စစ်ပွဲတွေနဲ့ အိုမင်းနေတဲ့ကမ္ဘာကြီးထဲမှာ
ကျွန်တော့်ဘ၀က အဲဒီအတွက်ပဲလား
ဘာ့ကြောင့်လဲပြောပါ
ဘာ့ကြောင့်လဲ
ပြောလိုက်စမ်းပါ ဘာကြောင့်လဲ

သားရဲတိရစ္ဆာန်တွေ ပြေးလွှားပုန်းအောင်းနေကြရတာ
ဘာ့ကြောင့်လဲ
ကျွန်တော်တို့ လက်နက်တွေနဲ့ တိုက်ခိုက်နေကြရတာ
ဘာ့ကြောင့်လဲ
ကျွန်တော်တို့ တစ်စက်ကလေးမှ အမှတ်မရှိကြတာ
ဘာ့ကြောင့်လဲ
တစ်ယောက်လောက် ကျွန်တော့်ကိုပြောပြပါ
တောတောင်တွေ လောင်ကျွမ်းနေကြရတာ ဘာ့ကြောင့်လဲ
ပင်လယ်ရေတွေခမ်းခြောက်နေတာ ဘာ့ကြောင့်လဲ
စမ်းချောင်းလေးတွေ ငိုနေကြတာ ဘာ့ကြောင့်လဲ
ကျွန်တော်တို့တတွေ ရပ်ပြီးငေးကြည့်နေကြတာကော
ဘာ့ကြောင့်လဲ

ကျွန်တော်တို့တတွေဟာ အတူတူပဲဆိုရင်
တစ်ယောက်ကို တစ်ယောက် အပြစ်တင်နေကြတာ
ဘာ့ကြောင့်လဲ
ကျွန်တော်တို့တတွေ
ကိုယ်ထင်ရာ ကိုယ်လုပ်နေကြတာ
ဘာ့ကြောင့်လဲ
အဲဒါတွေ အဆုံးမရှိတော့ဘူးလား
ပြောပြပါ
ကျွန်တော်တို့လူသားအချင်းချင်း
ချစ်ကြည်ရင်းနှီးဖို့ မဖြစ်နိုင်ကြတော့ဘူးလား။ ။

(Tell me why သီချင်းကို ဆီလျော်သလို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)။

ဆက်ဖတ်မယ်

Wednesday, December 2, 2009

ခုခံအားကျဆင်းမှုရောဂါ


လေးလုံးရောဂါ
အနာဂါတ်မှာ လူညွှန့်မတုံးစေဖို့
အဆုံးရှောင်ကြဉ်ပါ
ဘ၀ကိုသူစတေး ရင်မအေးစရာ
လေးလုံးရောဂါ

A1D5 ရောဂါ
သေချာဂဏ ဂရုစိုက်
စိတ်အလိုကိုမလိုက်နဲ့
အရွယ်ကြီးသူ ငယ်မဟူ
တန်းတူဒုက္ခပေးတာ
A1D5 ရောဂါ

AIDS ရောဂါ
သစ္စာမပျက် သတိချပ်
ချစ်တတ်တစ်ဦးသာ
မြင်ရုံနဲ့မသိ ပိုးရှိမရှိ
ဘေးကြည့်တိုက်ဖျက်ရမှာ
AIDS ရောဂါ

HIV ပိုးမွှား
အေ့ဒ်ရောဂါ အိမ်ကိုဆောက်
ဒုက္ခရောက်စေမယ့် လက်သမား
ရောဂါပေါင်းစုံနဲ့ မိတ်ဆွေဖွဲ့
နယ်ချဲ့မယ့် ပိုးမွှား


Type rest of the post here

ဆက်ဖတ်မယ်

Friday, November 27, 2009

အမှိုက်ပုံပေါ်ကမှာတမ်း ဘ၀ထဲကဇာတ်လမ်း


ငါဟာ လူထုရှေ့မှောက်က
ရှုတင်ခန်းထဲရောက်နေပေမယ့်
ရုပ်ရှင်ဇာတ်ကားထဲက
မင်းသားတစ်ယောက်မဟုတ်ဘူး
မင်းတို့တတွေရဲ့နင်းပြား
ဘ၀ခါးခါးထဲက
ဇာတ်မင်းသားတစ်ယောက်ပေါ့


ငါ့မျက်ရည်ပေါက်တွေနဲ့
မင်းတို့ဘ၀ကို
မတည်ဆောက်ချင်ကြနဲ့
ငါ့ဘ၀ကို စာနာကြ
ငါ့ဘ၀ကို သနားကြ
ငါ့ဘ၀ကို နားလည်ကြ
ငါ့အသက် ဘ၀တစ်ခုက
ငါ့အတွက်တင် ကိုယ်စားမပြု
ငါလိုသရုပ်ဆောင်တွေ
ဟောဒီပြည်ထောင်ထဲမှာ
ဒုနဲ့ဒေး
ငါလို ဇာတ်မင်းသားတွေ
ဟောဒီ ကမ္ဘာတစ်လွှားမှာ
အစုနဲ့အဝေး

စရိုက်အသစ်နဲ့ အဆွေတွေက
အမှိုက်ဖြစ်မယ့် ရွှေတွေကို
ပြုစုပေးကြ
နာကျင် ခါးသီးတဲ့ ငါ့ဘဝ
ခက်ခဲကြမ်းတမ်းတဲ့ ငါ့ဘ၀ကို
သင်ခန်းစာယူကြ
ငါလိုနင်းပြားတွေ
လောကမှာ မျိုးတုံးစေဖို့
လုံးနေတဲ့ကမ္ဘာကို ပြားအောင်
ကြိုစားကြ .................. ။ ။

ဆက်ဖတ်မယ်

Sunday, November 22, 2009

သစ္စာ


ပဲပုပ်နဲ့ ဆီဆမ်းဆားဖြူး
အရသာထူးလှပါဘိ
မြူးသည့် ဖြစ်ခြင်း

အဖြူရောင် သစ္စာဟင်းချိုနဲ့
ဖြစ်သလိုသာ လွေးလိုက်တယ်
မဆွေးတော့ပါဘူး


နာမည်ပျက်တဲ့ အမည်းစက်
ခဲဖျက်နဲ့ မပျက်တာမို့
ခဏတာသာယာရေး မတွေးတော့ပါဘူး

ရေများရာမိုးရွာ
မျက်နှာကြီးရာဟင်းဖတ်ပါ
ဖြစ်မြဲပင် ဓမ္မတာမို့
အပြစ်လဲ မမြင်ရက်ပါဘူး

ပေးပြီးသားကတိသည်
မဆပ်ရသေးတဲ့ အကြွေး

ကြွေးပူတွေအေးအောင်ပ
သစ္စာရေသောက်ကြမယ်
နောက်မဆုတ်ကြေး

ဆက်ဖတ်မယ်

Monday, June 8, 2009

အယောင်ဆောင် ချဉ်ခြင်းများ


ခံစားချက်မရှိတဲ့ သုခဘုံမှာ
မင်းနဲ့ငါ ပြန်ဆုံဖို့
ဖြူညစ်ညစ်သံယောဇဉ်လေးတွေကို
စိမ်းကားလိုက်တော့မယ်
ကန္တာရလယ်က ပင်လယ်တစ်စင်းကို
မတွေ့ချင်ဘူး
သားရဲတစ်ကောင်ရဲ့
တောနက်မဲထဲ အထည်းကျန်ခြင်းကို
နှစ်သက်ရဲ့
မှိန်ဖျော့ဖျော့သစ်လွင်ခြင်းကို
မြတ်နိုးရဲ့
နှလုံးသားကို ခြွှေလွှင့်မယ့်
ဝင်းလဲ့လဲ့အနာဂတ်တစ်ခုအတွက်
ခံစားချက်တွေတောင်ပံဖြန့်မယ်။

ဥာဏ်စဉ်တွေ လွင့်ပါးလို့
အာရုံတွေ ခြောက်ခြားအောင်
သဘာဝအလှအပတို့နဲ့
ပေါင်းစပ်ဖန်တီး ရှုမငြီးတဲ့
သက်ရှိ ပန်းချီကားတစ်ချပ်ရဲ့
သန့်ရှင်းတဲ့ ၀ိညာဉ်ကို
ငါ ပိုင်ဆိုင်ချင်တယ်

သော့ပျက်တစ်လုံးနဲ့
ပွင့်နေတဲ့ တံခါးတစ်ချပ်ရဲ့
ညစ်ထေးထေး အခန်းကျဉ်းလေးထဲမှာ
ရသမျှ ဖြူစင်မှုတွေကို
ငါ ကြိတ်မှိတ်ယူမယ်
ဖောက်ထွက်လို့ မရတဲ့ မှန်တစ်ချပ်ကို
ယင်တစ်ကောင်လို ဇွတ်မတိုးဘဲ
ထိုးဖောက်နိုင်ဖို့ ငါကြိုးစားမယ်
စည်းလုံးခြင်းကို ဘယ်လို
အသုံးချရမှန်းမသိတဲ့
ဒုက္ခသားကောင် မဖြစ်လိုတဲ့အတွက်
တဏှာမုဆိုးလည်း မဖြစ်လိုတော့ဘူး။

ပေးဆပ်ဖို့အတွက် သတ်မှတ်ထားတဲ့ ဘ၀မှာ
ငြီးငွေ့မှု တွေနဲ့သာ ကြိတ်မှိတ်ပျော်ပါးခဲ့
လျော့ရဲရဲ ကြည်နူးမှုတွေ စိမ့်မ၀င်ခင်
ကျစ်လစ်လစ် ဆွတ်ပျံ့မှုတွေ မအုပ်စိုးခင်
ဒီသီလရင့်ကျက်ချင်တယ်။ ။

ဆက်ဖတ်မယ်

Friday, June 5, 2009

အရိပ်


မြားချက်က တားဂတ်ကိုထိရဲ့
တစ်လိပ်လိပ် မြားအရိပ်ကလည်း
မလိုအပ်တဲ့ပစ်မှတ် တစ်ခုကို ငြိသွားတယ်
ဒီတော့…
လိုတာလည်း အရိပ် ပိုတာလည်း အရိပ်

စိတ်ပျက်စရာတို့ အပေါ်
ဒေါသတို့ ပြုတ်ကျ
သောကတို့ကို ဖြုတ်ချချင်ပေမယ့်
ဒုက္ခတို့နဲ့သာ အလဲလဲအကွဲကွဲ
အလွဲလွဲ… အလွဲလွဲ တွေ
နည်းနည်း… နည်းနည်း နဲ့
တစ်ဖွဲဖွဲ… တစ်ဖွဲဖွဲ
စဲလည်း မစဲ တော့ဘူး
စူးစူးစိုက်စိုက် ကြည့်တာတောင်
မမြင်နိုင်လောက်အောင်ထူနေပြီ

ပြဿနာရဲ့ လမ်းစ ဖြေရှင်းချက် ရဖို့
အကွက် ကျကျနဲ့ တွက်ချက်ပြပေမယ့်
အဖြေကတော့ မှားနေဆဲ
ဒီလိုနဲ့…..
အထင်လွဲမှု အမြင်စောင်းမှုတို့
တစ်ခုချင်း… တစ်ခုချင်း
စုရင်း စုရင်း နဲ့ ထူထူလာကြတယ်
နေပူပူမှာ မကစားကြရင် ကောင်းမယ်။ ။

ဆက်ဖတ်မယ်

Saturday, May 30, 2009

UK တက္ကသိုလ်ခရီးသွားမှတ်တမ်း (၂)


ခရီးသွားမှတ်တမ်း (၁) တွင် UK တက္ကသိုလ် ခရီးစဉ်နှင့် ပက်သက်၍ မိမိ၏အတွေ့အကြုံနှင့် ခံစားချက်များကို သုတဖြစ်ဖွယ်၊ သတိထားဖွယ် အနည်းငယ်နှင့် စွက်၍ ရသ ဆန်ဆန် တင်ပြခဲ့သည်။ ယခုဖော်ပြမည့် မှတ်တမ်း (၂) တွင်တော့ အတွေ့အကြုံနှင့် အတွေးအမြင်တို့ကိုသာလျှင် မှတ်သားဖွယ်ရာ၊ သတိချပ်ဖွယ်ရာ၊ တွေးတောဖွယ်ရာ၊ ဝေဖန်သုံးသပ်ဖွယ်ရာများအဖြစ် တင်ပြသွားမည်ဖြစ်ပါသည်။ မိမိ၏ ကိုယ်ပိုင်အတွေးအမြင် ဖြစ်သောကြောင့် အများ၏ ဆန္ဒအမြင်တို့နှင့် ဆန့်ကျင်ကောင်းဆန့်ကျင်နေပေလိမ့်မည်။ သို့သော် အတွေ့အကြုံက ထိန်းကျောင်းသွားမည်ဖြစ်သောကြောင့် အမှန်တရားနှင့် နီးစပ်၍တော့ နေပါလိမ့်မည်။

အများသိကြသည့်အတိုင်း သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒသာမက မဟာယာန၊ တန်တရာယာန စသော ဗုဒ္ဓဘာသာဂိုဏ်းများစွာတို့ စတင်မြစ်ဖျားခံရာ ရေသောက်မြစ်ကြီးဖြစ်ပေသည်။ ထို့အတွက်ကြောင့် ဗုဒ္ဓဘာသာစာပေ၏ အရင်းအနှစ်များ ရှေးဟောင်းဗုဒ္ဓဘာသာ ဗိသုကာ အဆောက်အအုံ လက်ရာများ ပေါက်ဖွားဖြစ်တည်ရာ သီရိလင်္ကာကျွှန်းနိုင်ငံသို့ ဗုဒ္ဓဘာသာပြန့်နှံ့ခဲ့ရာ အရှေ့ကမ္ဘာရှိ နိုင်ငံအသီးသီးမှ ရဟန်းတော်များအပါအ၀င် ကျောင်းသား၊ ကျောင်းသူများ လာရောက်၍ ပညာရင်နို့ သောက်စို့နေကြပေသည်။ ထိုအထဲတွင် မြန်မာကျောင်းသား ရဟန်းတော်များသည် အရေအတွက် အများဆုံးဖြင့် ပါဝင်နေလေသည်။

သီရိလင်္ကာနိုင်ငံတွင် မြန်မာရဟန်းတော်များတက်ရောက်သင်ကြားနိုင်သော တက္ကသိုလ်များစွာ ရှိလေသည်။ မြန်မာကျောင်းသားအများစု တက်ရောက်ရာ တက္ကသိုလ်များမှာ Buddhist and Pali University of Sri Lanka (BPU), University of Kelaniya (UK) နှင့် ၄င်းတက္ကသိုလ်၏ အခွဲဖြစ်သော Post Graduate Institute of Pali and Buddhist Studies (PGIPBS) တို့ဖြစ်ကြသည်။ အဆိုပါ တက္ကသိုလ်များသည် သီရိလင်္ကာနိုင်ငံ၏မြို့တော် ကိုလံဘိုတွင် တည်ရှိလေသည်။ ဗုဒ္ဓမြတ်ဆွယ်တော်တိုက်ထားရှိရာ ကန္ဒီမြို့အနီး ပေရာဒေနိယ တက္ကသိုလ်တွင်လည်း ပညာသင်ကြားနေသော မြန်မာရဟန်းတော် အနည်းငယ်ကို တွေ့နိုင်ပေသည်။

BPU သည် အစိုးရတက္ကသိုလ်ဖြစ်၍ PGIPBS ကိုတော့ ပုဂ္ဂလိက တက္ကသိုလ်ဟု ထင်ရှားကွဲပြားသွားအောင် ခေါ်လျှင်ရနိုင်ပေမည်။ PGIPBS ၏ရေးရာအဖြာဖြာသည် ၄င်း၏ပင်မဖြစ်သော UK နှင့်သာဆိုင်၍ BPU သည် အစိုးရနှင့်သာ သက်ဆိုင်သည်။ BPU သည် မြန်မာရဟန်းတော် ဒုတိယအများဆုံး တက်ရောက်ရာ တက္ကသိုလ်ဖြစ်သည်။ BA level မှ PhD level အထိရှိသည်။ အစိုးရတက္ကသိုလ် ဖြစ်သည့်အလျောက် အသုံးစရိတ်သက်သာလှသော်လည်း တိကျရေရာလေးနက်သော ဆောင်ရွက်ချက်များကို မတွေ့ရချေ။ ထို့ကြောင့် BA level လောက်တွင်သာ ကျောင်းသားများ၍ ကျန် level များတွင် ကျောင်းသားရှားလေသည်။ ပေရာဒေနိယတက္ကသိုလ်တွင်တော့ မြို့တော်နှင့် လှမ်းသည်က တစ်ကြောင်း တက္ကသိုလ်အသုံးစရိတ်ကြီးမြင့်သည်က တစ်ကြောင်း၊ စာသင်နှစ်ကြာမြင့်သည်က တစ်ကြောင်း စသည့် အကြောင်းများကြောင့် မြန်မာကျောင်းသား ရှားပါးရခြင်းဖြစ်၏။ စာပေသင်ကြားမှုအပိုင်းတွင်မူ professors များနှင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးသော တက္ကသိုလ်တစ်ခုဖြစ်ပေသည်။ UK ပင်မတက္ကသိုလ်သည်လည်း စာသင်နှစ်ကြာမြင့်၍ စရိတ်စက ကြီးမားသောကြောင့် ကိုလံဘိုမြို့တော်တွင်ရှိသည့်တိုင် တက်ရောက်ပညာသင်ကြားသော မြန်မာကျောင်းသားနည်းလေ၏။ မြန်မာကျောင်းသားရဟန်းတော် အများဆုံး တက်ရောက်သင်ကြားရာ UK တက္ကသိုလ်၏ အခွဲဖြစ်သော PGIPBS အကြောင်းကိုတော့ မိမိအနေဖြင့် အသေးစိတ်တင်ပြလိုပေသည်။

သီဟိုဠ်ပြည်သို့ ပညာသင်လာရောက်ကြသော မြန်မာစာသင်သားများတွင် ယေဘုယျအားဖြင့် ရည်ရွယ်ချက်နှစ်မျိုးနှစ်စားရှိသည်ဟုဆိုနိုင်သည်။ ပထမတစ်မျိုးမှာ ဘွဲ့ယူရန်သက်သက် လာခြင်းဖြစ်၍ ဒုတိယတစ်မျိုးမှာ ပညာသင်ရင်းဖြင့် ဘွဲ့ယူရန်လာခြင်းဖြစ်သည်။ နှစ်မျိုးစလုံးတွင် ဘွဲ့ယူခြင်းသည် ပညာသင်ခရီးသွားဇာတ်လမ်း၌ အဓိက ဇာတ်လိုက်အဖြစ် ပါဝင်နေပေသည်။ မှန်ပေသည်၊ တချို့ပုဂ္ဂိုလ်များခံယူထားသည်မှာ ပညာသင်ခြင်းကိစ္စကို မြန်မာပြည်တွင်လည်း ပြီး၍ရနိုင်သည်၊ ဘွဲ့လွယ်လွယ်ရနိုင်သော သီဟိုပြည်တွင် ဘွဲ့တစ်ခုကို (အထူးသဖြင့် MA ဘွဲ့ကို) လျောလျောရှူရှူယူ ပုံကြမ်းဖော်၍ မြန်မာပြည်တွင် အချောကိုင်မည်၊ စသည်ဖြင့် အကွက်ချစီစဉ်ကာ သီဟိုဠ်ပြည်သို့လာရောက်ခဲ့ကြသည်။ အချို့ရဟန်းတော်များသည် ထိုရဟန်းတော်များနှင့် တစ်ဝက်ဆန့်ကျင်၍ ပညာသင်ကြားရေးကိုပါ အရေးတစ်ယူထည့်သွင်းစဉ်းစားကြလေသည်။ ပညာသင်ကြားရေးဟုဆိုရာ၌လည်း ဤနေရာတွင် အင်္ဂလိပ်စာသင်ကြားရေးကို ဆိုလိုပေသည်။ မှန်ပေသည်၊ သီဟိုပညာသင် မြန်မာရဟန်းတော် အများစုသည် အင်္ဂလိပ်စာတတ်ခြင်းကိုပင် ပညာသင်ကြားရေး၏ အထွဋ်ဖြစ်သည်ဟု ခိုင်မာပြတ်သားစွာ မှတ်ယူထားကြသည်။ ထို့ကြောင့် ဘွဲ့ပေးမည့်အဓိကတက္ကသိုလ်ကို အလေးအနက်မထားဘဲ Aquinas, SVS, Royal စသော အပြင်အင်္ဂလိပ်စာသင်တန်းကျောင်းများကိုသာ အာရုံကျလျှက် ရှိနေကြလေသည်။ ထိုသို့ဖြစ်ရခြင်းမှာ မိမိတို့မြန်မာရဟန်းတော်များအဖို့ ဘ၀တစ်လျှောက်လုံးနီးပါး ပါဠိနှင့် ဗုဒ္ဓစာပေများထဲတွင် ရင်းနှီးမြှပ်နှံပြီးဖြစ်၍ တက္ကသိုလ်မှပို့ချသော ပို့ချချက်များထဲမှ မိမိတို့အတွက် မည်သည့်ထူးခြားသောပညာရပ်မျှ မရရှိနိုင်ဟုမှတ်ယူထားသောကြောင့် ဖြစ်ပေလိမ့်မည်။ ထို့အပြင် တက္ကသိုလ်မှ professors များကိုလည်း မိမိတို့လောက်ပင် ပညာမတတ် အင်္ဂလိပ်စာကျွှမ်းကျင်သောကြောင့်သာ ပါမောက္ခဖြစ်နေရသည်ဟု မှတ်ယူသော ပုဂ္ဂိုလ်များလည်းရှိသည်။ ထိုသို့မှတ်ယူထားကြခြင်းမှာ ပါမောက္ခများမှ ပို့ချပေးသော လက်ချာများပေါ်တွင် အဓိကမူတည်နေပေသည်။ ဥပမာ အဘိဓမ္မာဘာသာရပ်ကို ပို့ချသည်ဆိုလျှင် အဘိဓမ္မာသမိုင်းကြောင်း၊ ခန္ဓာငါးပါး၊ ဓာတ်ကြီးလေးပါး၊ အာယတန (၁၂) ပါး၊ ဓာတ် (၁၈) ပါးလောက်နှင့်ပင် နှစ်ဝက်ကျော်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။ ထို့ကြောင့်တချို့က တို့ သီဟိုဠ်လာပြီး မူလတန်းစာတွေ သင်နေရသည်ဟု ဆိုကြလေသည်။ ပါမောက္ခများပို့ချသော ထိုမူလတန်းစာများကို ပွင့်ပွင့်လင်းလင်းဖြင့် သေသေချာချာလေ့လာ အကဲခတ်ကြည့်လျှင် ထူးခြားသောတွေးခေါ်တင်ပြပုံများ၊ ညှိနှိုင်းအဖြေရှာနည်းများ၊ ပြောင်မြောက်သော ကောက်ချက်ချပုံများကို အံ့သြဖွယ်ရာ အရသာသာရှိရှိ တွေ့ရှိနိုင်လေသည်။ ထိုပါမောက္ခများ ပြုစုထားသော ဒေါက်တာကျမ်းများကိုကြည့်လျှင်လည်း အလွန်တရာကျမ်းဂန်နှံ့စပ်၍ တင်ပြပုံဆန်းသစ်ကာ အင်္ဂလိပ်စာတတ်ရုံဖြင့် ဖြစ်လာသော ခပ်ပေါပါ professors များမဟုတ်သည်ကို တွေ့ရှိနိုင်ပေသည်။

တချို့က သီဟိုပြည် ကေလနိယတက္ကသိုလ် PGIPBS ၌ ပညာသင်ကြား ဘွဲ့ယူရေးသည် ဘာမျှမဟုတ်ဟု ဆိုကြသည်။ မှန်ပေသည်၊ ဘာမျှမဟုတ်သူများအတွက်တော့ UK-PGIPBS ၏ MA ဘွဲ့ရရှိရေးသည် ဘာမျှမဟုတ်ပါ။ စာမေးပွဲဖြေကာနီး တစ်လခန့်အလိုတွင် စကားလုံး (၅၀၀) ခန့်အထိ ချုံ့ထားသော ပုဒ်စာအဖြေများကို အာဂုံဆောင်လိုက်လျင် အမ်အေ ဘွဲ့သည်လက်တစ်ကမ်းအလိုတွင် ရောက်ရှိလာမည် ဖြစ်သည်။ ထိုပုဂ္ဂိုလ်များသည် ပထမအမျိုးအစားတွင် များသောအားဖြင့် ပါဝင်ကြလေသည်။ သို့သော် တန်ဖိုးထားတတ်သူများအဖို့ တန်ဖိုးရှိလှပေ၏။ သီဟိုပြည်တွင် မြန်မာရဟန်းတော်များတက်ရောက်နိုင်သော တက္ကသိုလ်အများအပြားရှိသည်တွင် အများစုမှာ ကေလနိယတက္ကသိုလ် PGIPBS ၌သာ တက်ရောက်ကြလေသည်။ စာသင်စရိတ်သင့်တင့်လျောက်ပတ်ခြင်း၊ စာသင်နှစ် တစ်နှစ်သာ သတ်မှတ်ထားခြင်း၊ မြန်မာကျောင်းတည်ရှိရာ ကိုလံဘို မြို့တော်၌သာ တည်ရှိခြင်း စသည်တို့သည် ထိုတက္ကသိုလ်သို့ ကျောင်းသားအများစု တက်ရောက်သင်ကြားကြခြင်း၏ အဓိကအကြောင်းတရားများဖြစ်ကြသည်။ သို့သော် တိမ်မြှပ်နေသော အရေးပါလှသည့် အကြောင်းအချက်တစ်ခုမှာ လွတ်လပ်ခြင်းဖြစ်သည်။ ထိုလွတ်လပ်မှုကြောင့်ပင်လျှင် တခါတရံတွင် ကျွှန်ုပ်တို့၏ ကေလနိယ PGIPBS တက္ကသိုလ်သည် သုံးစား၍ မရလုနီးပါး မြန်မာတချို့၏ ပါးစပ်ဖျားတွင် သိဒ္ဓိတင်ခံရ၍ တခါတရံတွင် ပညာရတနာသိုက်ကြီးအဖြစ် တင်စားခံရပေသည်။ ထို့ကြောင့်ပင်လျှင် ကေလနိယတက္ကသိုလ်ကြီးသည် ဘာမျှမဟုတ်သူများအတွက် ဘာမျှမဟုတ်၍ တန်ဖိုးထားသူများအတွက်သာ တန်ဖိုးရှိနေရပေသည်။ သို့ဆိုလျှင် ထိုတန်ဖိုးရှိမှု မရှိမှု၏ အကျိုးသက်ရောက်မှုသည် အောက်လမ်း၊ အထက်လမ်း၊ အလယ်လမ်း စသည်တို့ကို လွတ်လွတ်လပ်လပ် ဖွင့်ပေးထားသော တက္ကသိုလ်အတွက် မဟုတ်ဘဲ အဆိုပါလမ်းများသို့ လျှောက်လှမ်းသော ကာယကံရှင် စာသင်သားများအတွက်သာဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဤနေရာတွင် UK-PGIPBS ၏ ကြိုက်ရာလမ်းကို လွတ်လပ်စွာ ရွေးချယ်နိုင်ပုံကို အသေးစိတ်တင်ပြရန်လိုပေတော့မည်။ ဤတက္ကသိုလ်သည် မြန်မာကျောင်းသားအများဆုံး တက်ရောက်ရာ တက္ကသိုလ်ဟု အထက်တွင်ဆိုပြီးဖြစ်သည်။ ဤတက္ကသိုလ်၌ Post Graduate Diploma course, MA course, Mphil course နှင့် PhD course ဟူ၍ အတန်းလေးတန်းရှိရာတွင်လည်း MA course တွင်သာ မြန်မာအများဆုံးတက်ရောက်၍ ကျန်အတန်းများတွင် မရှိသလောက်နည်းပါးသည်။ ဤအတန်းသို့တက်ရောက်ခွင့်ရရန် အစိုးရဓမ္မာစရိယ၊ အသင်းဓမ္မာစရိယ၊ တက္ကသိုလ်ဓမ္မာစရိယ၊ ဘီအေ ပါဠိ နှင့် ဘီအေ မြန်မာ စသော ဘွဲ့အရည်အချင်းများလိုအပ်ပေသည်။

ဤတက္ကသိုလ်တွင် MA တန်းကို စာသင်နှစ်တစ်နှစ်သာလျှင်သတ်မှတ်ထားသည်။ သင်တန်းကြေး ဒေါ်လာ (၆၀၀)၊ မော်ကွန်းကြေး ရူပီး (၁၀၀၀) နှင့် စာကြည့်တိုက်ကြေး ရူပီး (၅၀၀) တို့ဖြစ်ကြသည်။ စာသင်နှစ်တစ်နှစ်သာရှိရာတွင် ထိုစာသင်နှစ်ကိုလည်း အပိုင်းသုံးပိုင်းခွဲထားသည်။ ဖေဖ်ာဝါရီလမှ အေပရယ်လအထိ ပထမ သင်တန်းကာလ၊ ဧပရယ်လမှ ဇူလိုင်လအထိ ဒုတိယ သင်တန်းကာလ နှင့် သြဂတ်လမှ အောက်တိုဘာလအထိ တတိယသင်တန်းကာလ ဟူ၍ဖြစ်သည်။ သင်ယူရသော ဘသာရပ်များမှာ မယူမနေရ နှစ်ဘာသာနှင့် ရွေးချယ်စရာ လေးဘာသာ၊ စုစုပေါင်း ခြောက်ဘာသာဖြစ်သည်။ အနည်းဆုံး စာလုံး (၅၀၀၀) ရှိသော စာတမ်းငယ်တစ်စောင်ကိုလည်း စာသင်နှစ်၏ အဆုံး ဒီဇင်ဘာလတွင် အပြီးသတ် တင်သွင်းရမည်ဖြစ်သည်။ မိမိရေးမည့် စာတမ်း၏ ခေါင်းစဉ်နှင့် အခန်းခွဲများကို ဒုတိယ သင်တန်းကာလ ကတည်းက တင်ထားရမည်ဖြစ်သည်။ စာမေးပွဲကို နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပသည်။

စာသင်သားတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မယူမနေရနှစ်ဘာသာကိုယူ၍ ကျန်သောဘာသာရပ်များထဲမှ မိမိနှစ်သက်ရာ လေးဘာသာကို တက္ကသိုလ်က ချမှတ်ပေးထားသည့် ပုံစံအတိုင်း ရွေးချယ်ရမည်ဖြစ်သည်။ တစ်ပတ်လျှင် လေးရက်တက်ရောက်ရ၍ တစ်ရက်လျှင် မိမိရွေးချယ်ရာ ဘာသာရပ်အလိုက် နှစ်နာရီ မှ သုံးနာရီအထိ တက်ရောက်ရ၏။ ယေဘုယျအားဖြင့် ဘာသာရပ်တစ်ခုလျှင် ပို့ချချိန်သည် တစ်ပတ်လျှင် (၁) နာရီ ဖြစ်၏။ ဆွေးနွေးချက် ခေါင်းစဉ်တစ်ခုကို ပါမောက္ခမှ တင်ပြ၍ ဆရာနှင့် ကျောင်းသား အမေးအဖြေပုံစံဖြင့် ပို့ချခြင်းဖြစ်၏။ ကျေားသားများ၏တာဝန်မှာ မေးခွန်းမေးရန်နှင့် ပါမောက္ခ လက်ချာပို့ချနေစဉ်အတွင်း မှတ်သားဖွယ်ရာများကို မှတ်စုထုတ်ရန်ဖြစ်သည်။ ထို့နောက်မိမိထုတ်ထားသောမှတ်စုများနှင့် မှတ်စုထုတ်ထားသော ဘာသာရပ်၏ ရည်ညွန်းစာအုပ်များကို စာကြည့်တိုက်တွင် ရှာဖွေဖတ်ရှုမှတ်သား၍ ပါမောက္ခ ပို့ချလိုက်သော ဆွေးနွေးချက်ခေါင်းစဉ်တစ်ခု အတွက် အကောင်းဆုံးအဖြေတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။ ဘာသာရပ်တစ်ခုအတွက် ရည်ညွန်းစာအုပ်များမှာ ယေဘုယျအားဖြင့် အုပ် (၂၀) ခန့်ရှိလေသည်။ ထို့အပြင် ဗုဒ္ဓစာပေ၏ အရင်းအစ ဖြစ်သော ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကိုလည်း လွတ်ထား၍ မဖြစ်ပေ။ အားလုံးခြုံငုံတွက်ချက်ကြည့်လျှင် MA ကျောင်းသားတစ်ယောက်၏ တစ်နှစ်အတွင်းလုပ်ဆောင်ရမည့် အချက်များမှာ ဘာသာရပ်တစ်ခုလျှင် နာရီ (၃၀)၊ ခြောက်ခုအတွက် နာရီ (၁၈၀) စာ လက်ချာများကို တက်ရောက်နားထောင်၊ မှတ်စုထုတ်၊ ရည်ညွန်းစာအုပ် တစ်ဘာသာလျှင် (၂၀) ခြောက်ဘာသာအတွက် (၁၂၀) သော စာအုပ်များနှင့် တကွ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာများကို အကြေအလည် ဖတ်ရှုရမည့်အပြင် စာလုံး (၅၀၀၀) အနည်းဆုံးရှိသော စာတမ်းတစ်စောင်ကို လည်းတင်သွင်းရဦးမည်ဖြစ်သည်။

အထက်ပါအကြောင်းအရာတို့မှာ တက္ကသိုလ်ကချမှတ်ပေးသည့် သီအိုရီအတိုင်း လုပ်ဆောင်ရမည့် ကျောင်းသားတစ်ယောက်၏တာဝန်ဖြစ်သည်။ သီဟိုရောက်မြန်မာ ရဟန်းတော်တစ်ပါးအဖို့ မလွဲမသွေတွေ့ကြုံရမည်များမှာ နေထိုင်းစားသောက်ရေးနှင့် ပညာရေး အခက်အခဲတို့ဖြစ်သည်။ တက္ကသိုလ်နှင့်ပက်သက်လာလျှင်တော့ ပညာရေးအခက်အခဲပင် ဖြစ်ပေလိမ့်မည်။ ဤတွင် ပညာရေးအခက်အခဲနှင့် နေထိုင်စားသောက်ရေးအခက်အခဲတို့တွင် အရေးကြီးသည့် လားလားမတူညီချက်တစ်ချက်ရှိသည်။ နေထိုင်စားသောက်ရေးအခက်အခဲ များကိုမူ မလွဲမသွေ ရင်ဆိုင်တွေ့ကြုံဖြတ်ကျော်ရမည်ဖြစ်သည်။ ပညာရေးအခက်အခဲမှာတော့ ထိုသို့မဟုတ် ကျော်လွှားလိုက ကျော်လွှားနိုင်သည်၊ ရင်ဆိုင်ရုံသက်သက်ဖြင့်လည်းရသည်၊ ထိုင်ကြည့်နေ၍လည်းဖြစ်သည်။ အချိန်တန်လျှင် အရည်အချင်းကို အသာထား၍ MA ဘွဲ့ကိုတော့လွယ်လွယ်နှင့် ရရှိသွားနိုင်မည်ဖြစ်သည်။ ဤအဆိုကို ဆန့်ကျင်သောသူများ၊ ဘ၀င်မကျသူများ၊ မကျေနပ်သူများ မလွဲမသွေရှိနေပေလိမ့်မည်။ ကျွှန်ုပ်အနေဖြင့် လွတ်လပ်သည်ဟုဆိုထားသော UK-PGIPBS MA course နှင့်ပက်သက်၍ အလွယ်၊အခက်၊အလယ်လမ်းများကို သင့်တင့်မျှတအောင် တင်ပြသွားရန်တာဝန်ရှိပေသည်။

အထက်တွင်ဖော်ပြခဲ့သော တက္ကသိုလ်က ချမှတ်ပေးထားသည့် ကျောင်းသားတစ်ယောက် လုပ်ဆောင်ရမည့် သီအိုရီများမှာ နည်းလမ်းမှန်သည့်၊ မိမိအတွက်လည်းကျန်မည့် လုပ်ဆောင်ရန်ခက်ခဲသော စာပေလေ့လာလိုက်စားနည်း ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ရန်မတက်နိုင်သော ကျောင်းသားများအဖို့ ထွက်လမ်း (သို့) ရှောင်လမ်း (သို့) လွတ်လမ်း ရှိပါသေးသည်။ ထိုသို့မရှိပါဘဲ သီအိုရီများအတိုင်း မလွဲမသွေလုပ်ဆောင်ရမည်ဆိုလျှင် မြန်မာရဟန်းတော်များအနေဖြင့် ဤတက္ကသိုလ်ရှိ ဤ MA တန်းသို့ တက်ရောက်ရန် မ၀ံ့မရဲနှင့် စိတ်လွန်ဆွဲနေပေလိမ့်မည်။ အကျွှန်ုပ်အနေဖြင့်လည်း သီဟိုဠ်သို့ပညာသင်မလာရောက်ခင်က သီဟိုဠ်တက္ကသိုလ်လမ်းညွှန်စာအုပ်ကိုဖတ်ကာ သီဟိုဠ်သို့လာရောက်ရန် အလွန်အင်မတန် ရွံ့ကြောက်ခဲ့ဖူးသည်။ လမ်းညွှန်စာအုပ်ရေးသူ အရှင်မှာ တက္ကသိုလ်များ၏အကြောင်းကို စုံစုံစေ့စေ့ဖြင့် စေတနာပါပါတင်ပြထားသော်လည်း သီအိုရီများအတိုင်း မလွဲမသွေ ရေးသားညွှန်ပြထားခြင်းဖြစ်သဖြင့် လွတ်လမ်းမမြင်ရကား ပွဲမ၀င်ခင်ကပင် သီဟိုတက္ကသိုလ်များ၏ တိုက်စစ်မှာ ကြောက်ခမန်းလိလိပင်ဖြစ်၍ နေတော့သည်။ တကယ်တမ်းတွင် တက္ကသိုလ်များမှာ ကျောင်းသားများ၏ပြိုင်ဖက်မဟုတ်ဘဲ ကျောင်းသားများ၏အကျိုးကို မျော်ကိုးသော မှန်မှန်ကန်ကန် သက်သက်ညှာညှာ ဆုံးဖြတ်တတ်သည့် နည်းပြနှင့် ဒိုင်လူကြီးများသဖွယ် ဖြစ်ပေသည်။ ထို့ကြောင့် တက္ကသိုလ်တက်ဖို့အရေး အင်္ဂလိပ်စာအခြေခံနည်းသော ပုဂ္ဂိုလ်များလည်း ရွံ့ကြောက်စရာမလိုသလို၊ ဗုဒ္ဓစာပေအခြေမခိုင်သော ပုဂ္ဂိုလ်များလည်း စိုးရိမ်စရာမရှိပေ။

သို့ဆိုလျှင် ထိုအလွယ်လမ်းကို မည်သို့လိုက်မည်နည်း။ ပေါ့ပေါ့ပါးပါးနေခြင်းသည် အလွယ်လမ်းကို လိုက်ခြင်းပင်ဖြစ်သည်။ ခပ်ခပ်ဆတ်ဆတ်ပြောရလျှင် တက္ကသိုလ်ပညာရေးကို ခပ်ပေါ့ပေါ့တွေး၍ ခပ်ပေါ့ပေါ့လိုက်စားခြင်းသည် အလွယ်လမ်းလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် အလွယ်လမ်းသို့ လိုက်လိုသူအဖို့ အခက်အခဲများကျော်လွှားနေကြပုံကို ပွဲကြည့်ပရိတ်သတ် တစ်ယောက်ကဲ့သို့ ကြည့်နေရုံသာဖြစ်သည်။ သို့သော်ထိုလမ်းသည် လစ်မစ်ရှိသည်ကိုတော့ သတိအနည်းငယ်ထားရပေမည်။ အဆုံးအစွန် အလွယ်လမ်းလိုက်နိုင်ပုံကို ပြောရလျှင်ဖြင့်၊ တစ်နှစ်လုံးကျောင်းတက်စရာမလို၊ မှတ်စုထုတ်စရာ မလို၊ ရည်ညွှန်းစာအုပ်ဖတ်စရာမလို၊ စာတမ်းတိုကိုလည်း ဖြစ်ကာမျှ လုပ်လျှင်ရသည်။ သို့သော် စာမေးပွဲဖြေကာနီး နှစ်လခန့်စာကျက်ချိန်ပေးထားသည်တွင် တစ်ဘာသာလျှင် စာလုံး (၅၀၀) နှုံးရှိသော ပုဒ်စာလေးပုဒ် ခြောက်ဘာသာအတွက် (၂၄) ပုဒ်ကိုတော့ အဆုံးစွန်အနေဖြင့် ကျက်မှတ်ထားရန် လိုအပ်ပေသည်။ သို့ဆိုလျှင် အလွယ်လမ်းကို လိုက်သူများအတွက် သင်တန်းနှစ် တစ်နှစ်စာတာဝန်မှာ အနည်းဆုံးပုဒ်စာ (၂၄) ပုဒ်ကို ကျက်မှတ်ရန်နှင့် စာတန်းတို အဖြစ်တစ်စောင် ဖန်တီးရန်ဖြစ်သည်။ အလွယ်ဆုံးနည်းလမ်းဟု ဆိုသော်လည်း အင်္ဂလိပ်စာ အခြေခံနည်းသူများအဖို့ ခက်ခဲကောင်းခက်ခဲနေပေလိမ့်မည်။ သို့သော် ဤတက္ကသိုလ်အနေဖြင့် ထို့ထက်လွယ်ကူသက်သာသော နည်းလမ်းများကို ခွင့်ပြုလက်ခံနိုင်မည် မဟုတ်ပါ။ တနည်းဆိုရသော် ဤတက္ကသိုလ်မှ MA ဘွဲ့ကိုရရှိရန် ထို့ထက်လွယ်ကူသော နည်းလမ်းမရှိပါ။ မည်သည့်အတွက်ကြောင့် သို့ကလောက် လွယ်ကူနေရပါသနည်း။ တစ်နှစ်ပတ်လုံးကျောင်းမတက်ပါဘဲလျှက် မည်သည့်မှတ်စုဖြင့် စာမေးပွဲအတွက် စာကိုကြည့်မည်နည်း။ ရည်ညွှန်းစာအုပ်များကို မဖတ်ပါဘဲလျှက် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးချက် ခေါင်းစဉ်များ၏ အာဘော်ကို မည်သို့ရရှိနိုင်ပါအံ့နည်း။ အဖြစ်သာရေးထားသော စာတန်းကို တက္ကသိုလ်ကလက်ခံပါမည်လော။ စာမေးပွဲ ဖြေရန်နှစ်လအလိုတွင် ကျက်မှတ်ရမည့် ပုဒ်စာအဖြေများဆိုသည်မှာ အဘယ်နည်း။ တက္ကသိုလ်သီအိုရီမှ လွှဲဖောက်၍လိုက်ရသော အလွယ်လမ်းဖြစ်သောကြောင့် ဤမျှလောက်မေးခွန်းတသီကြီး ရှိနေမည်မှာ မဆန်းပေ။

နှစ်စဉ်နှစ်တိုင်း ကျောင်းဖွင့်စတွင် မကုဋရာမ မြန်မာကျောင်း၌ UK-PGIPBS MA course တွင် register လုပ်ထားသောကျောင်းသားများနှင့်တကွ ကျောင်းသာဟောင်းများ စုဝေး၍ ဘာသာရပ်ရွေးချယ်ခြင်းကိစ္စကို ဆွေးနွေးကြမြဲဖြစ်၏။ တက္ကသိုလ်က ပြဌာန်းထားသော ဘာသာရပ်များ၏ သဘောတရားများကို အတွေ့အကြုံရှိပြီး ကျောင်းသာဟောင်းများမှ ရှင်းလင်းတင်ပြ၍ တူညီသော ရွှေးချယ်စရာ လေးဘာသာကို တညီတညွတ်တည်း အတူတကွ ရွေးချယ်ကြမြဲဖြစ်၏။ ထို့နောက် အင်္ဂလိပ်စာအားနည်းသော ရဟန်းတော်အများအပြားပါဝင်သည်ကို သဘောပေါက်သည့်အလျောက် အတူတကွ ရွေးချယ်ထားသော ဘာသာရပ်လေးခုနှင့်တကွ မယူမနေရ နှစ်ဘာသာအတွက် ပို့ချချက်များကို တာဝန်ယူရေးသားကြမည့် စွမ်းနိုင်သည့် ရဟန်းတော်ခြောက်ပါးကို အကူနှစ်ပါးစီနှင့်တကွ ရွေးချယ်ကြ၏။ စည်းလုံးညီညွတ်ခြင်း၏ အကျိုးရလဒ်များသည် အလွယ်လမ်း သို့မဟုတ် မတက်သာ၍ လျှောက်ရသောလမ်းကို လိုက်သူများအပေါ်တွင် များစွာသက်ရောက်လျှက်ရှိပေသည်။ ဤသို့ဖြင့် တစ်နှစ်ပတ်လုံးကျောင်းမတက်ဘဲနေနိုင်ခြင်း ပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်သည်။ ဘာသာရပ်တိုင်းအတွက်ရေးထိုးရမည့် ကျောင်းတက်လက်မှတ်ကိုလည်း ကျောင်းပုံမှန်တက်သော သူငယ်ချင်းများကို အကူအညီတောင်း၍ ထိုးခိုင်းလျှင် ရနိုင်လေသည်။

မှတ်စုထုတ်ခြင်း၊ ရည်ညွှန်းစာအုပ်များကို ဖတ်ခြင်းကိစ္စသည်လည်း စွမ်းနိုင်သော ပုဂ္ဂိုများမှ တာဝန်ယူရေးသားမည့် ပို့ချချက်များထဲတွင် အကျုံးဝင်သွားမည်ဖြစ်သည်။ စာတန်းရေးသားရာ၌လည်း တချို့က မြန်မာပြည်မှာကတည်းက ကြံဖန်လာခဲ့ပြီးဖြစ်သည်၊ တချို့ကလည်း သီဟိုဠ်ရောက်မှ ဖြစ်သလိုဖန်တီးကြ၏။ စာတန်းကို ကိုယ်တိုင်ကိုယ်ကျ ကျကျနနရေးသားရန်မှာ အင်္ဂလိပ်လိုရေးသားရခြင်းဖြစ်သောကြောင့် လွယ်ကူသောအလုပ် မဟုတ်ပေ။ တက္ကသိုလ်ကလည်း ထိုစာတမ်းကို စစ်ဆေးအမှတ်ပေးသည့်တိုင်အောင် Mphil, PhD ကျမ်းများလောက်အလေးမထားပေ။ စာမေးပွဲနီးလျှင် ကျက်မှတ်ရမည့် စာလုံး (၅၀၀) ၀န်းကျင်ရှိ ပုဒ်စာတိုများမှာလည်း ဆိုင်ရာဘာသာရပ်၏ ပို့ချချက်များကို တာဝန်ယူရေးသားရသောပုဂ္ဂိုလ်များမှ ပို့ချချက်အရှည်များကို အဆင်သင့်ချုံးပေးထားမည် ဖြစ်သည်။ ဤသည်တို့မှာ တက္ကသိုလ်မှ ချမှတ်ပေးထားသော သီအိုရီအတိုင်းလိုက်နာဆောင်ရွက်ရန် မစွမ်းနိုင်သူများအဖို့ အလွယ်လမ်း သို့မဟုတ် အရှောင်လမ်းကို စိတ်ချလက်ချဖြင့် ပွဲကြည့်ပရိတ်သတ် တစ်ယောက်ကဲ့သို့ လိုက်နိုင်ရခြင်း၏ အကြောင်းအရင်းများဖြစ်တော့သည်။

ထိုထိုအကြောင်းအချက်များကြောင့် ဗုဒ္ဓစာပေနှင့် အင်္ဂလိပ်စာ ပိုင်နိုင်သူများအဖို့ ဤတက္ကသိုလ်တွင် အမ်အေဘွဲ့ရရှိရန် လွယ်ကူသည်ဟူ၍ အထင်အမြင်သေးစရာမလိုပေ။ ထိုပုဂ္ဂိုလ်များအတွက် တန်ဖိုးလည်းရှိသော အထင်အမြင်လည်းမသေးသင့်သည့် အလယ်လမ်းနှင့် အခက်လမ်းတို့ မားမားမတ်မတ် ရှိနေပေသေးသည်။ အလယ်လမ်းသို့လိုက်လိုသော ကျောင်းသားရဟန်းတော်များအဖို့ အခက်အခဲတချို့ကို ရင်ဆိုင်သင့်သလောက် ရင်ဆိုင်သင့်ပေသည်။ ဤနေရာတွင် တတ်စွမ်းသမျှ စိတ်ချလက်ချ ကြိုစားကြည့်ခြင်းကို အလယ်လမ်းဟုဆိုချင်ပေသည်။ တစ်ပတ်ကျောင်းတက်ရက်တွင် နေ့တိုင်းမဟုတ်လျှင်တောင် တစ်ရက်နှစ်ရက်ခန့်တော့ တက်သင့်ပေသည်။ ပါမောက္ခပို့ချသော လက်ချာများကိုလည်း နားလည်နိုင်သမျှနားလည်အောင် ကြိုစားနားထောင်၍ မှတ်စု မှတ်ရာများကိုလည်း ထုတ်တန်သလောက်ထုတ်ရပေမည်။ ရည်ညွှန်းစာအုပ်အချို့ကို မဖတ်သည့်တိုင် ပို့ချချက်များကို တာဝန်ယူရေးသားသည့် ရဟန်းတော်များမှ အပတ်စဉ် သို့မဟုတ် လစဉ် ထုတ်ဝေသော Topics အရှည်များကို ကြိုးစားဖတ်သင့်ပေသည်။ တက္ကသိုလ်စာကြည့်တိုက်သို့လည်း ၀င်ရောက်လေ့လာသင့်လှပေသည်။ စာတမ်းရေးခြင်းနှင့် ပက်သက်၍လည်း တစ်ကျမ်းလုံးကို ကိုယ်တိုင်မရေးသည့်တိုင် တချို့အပိုင်းများတွင် မိမိရှိသမျှ ဥာဏ်စွမ်းဥာဏ်စဖြင့် ထုတ်နုတ်၊ ဖြည့်စွက် သင့်သည်များကို လုပ်ဆောင်နိုင်ရပေမည်။ “တက်စွမ်းသမျှ စိတ်ချလက်ချ” ဟုဆိုရာ၌ မိမိ၏တက်စွမ်းသမျှသည် ဟိုမရောက်သည်မရောက်ဖြစ်နေလျှင် စာမေးပွဲတွင်ဒုက္ခတွေ့နိုင်သည်။ ထို့ကြောင့် မိမိတက်စွမ်းသမျှလေးကိုသာ အမှီပြု၍ စာမေးပွဲအတွက် အလုပ်မဖြစ်သည်တွင် စွမ်းနိုင်သော ပုဂ္ဂိုလ်များမှ စွမ်းဆောင်ထားသော စွမ်းဆောင်ရည်များပေါ်တွင် စိတ်ချလက်ချ မှီခိုနိုင်လေသည်။ ကြိုးစား၍ အမြင့်သို့ခုံကြည့်သူများအဖို့ အခန့်မသင့်၍ ပြန်ကျလာလျှင် အကျမနာစေရန် အဆိုပါစွမ်းဆောင်ရည်များက ပံ့ပိုးကူညီထားပေသည်။ ထို့ကြောင့်စမ်းတ၀ါးဝါးနှင့် ကြိုးစားကြည့်ခြင်းသည်လည်း အရှုံးမရှိပေ။ မိမိဥာဏ်မီသလောက် ကြိုးစားရခြင်းဖြစ်သဖြင့် ကျန်ရစ်သော အတွေ့အကြုံ၊ အရည်အချင်း နှင့် အတွေးအခေါ် တချို့သည် အမြတ်ပင်ဖြစ်ပေသည်။ ထို့ကြောင့် အလယ်လမ်းသို့လိုက်ခြင်းသည် ဘွဲ့ဟူသော အရေအတွက်သာမက ပညာဟူသော အရည်အချင်းအချို့ကိုလည်း ရရှိနိုင်သောကြောင့် တန်ဖိုးရှိသည်ဟုဆိုနိုင်ပေသည်။

တန်ဖိုးအရှိဆုံး အနှစ်အကျန်ဆုံးလမ်းကို လျှောက်လှမ်းလိုသော ကျောင်းသားရဟန်းတော်များအဖို့ ဤတက္ကသိုလ်၏ အခက်လမ်းကို ရွေးချယ်လျှောက်လှမ်းသင့်ပေသည်။ တက္ကသိုလ်က တရားဝင်ပြဌာန်းထားသောလမ်းမှာ ဤအခက်လမ်းပင်ဖြစ်ပေသည်။ အထက်တွင်ဖော်ပြခဲ့သော တက္ကသိုလ်က ချမှတ်ထားသည့် သီအိုရီများအတိုင်း အသွေမတိမ်းလိုက်နာ ဆောင်ရွက်ခြင်းသည် အခက်လမ်းနှင့် တန်ဖိုးအရှိဆုံးလမ်းကို လျှောက်လှမ်းခြင်းပင်ဖြစ်လေသည်။ ထိုအခက်လမ်းသို့ လိုက်နိုင်ရန်အတွက် အင်္ဂလိပ်စာနှင့် ဗုဒ္ဓစာပေနိုင်နင်းခြင်းဟူသော ရေခံမြေခံကောင်းများ လိုအပ်သကဲ့သို့ စိတ်ဓာတ်ခွန်အားများနှင့် ပညာရေးခံယူချက်များလည်း လေးနက်ပြတ်သားဖို့ လိုပေလိမ့်မည်။ ဘာသာရပ်ရွေးချယ်ရာတွင် မိမိအမှန်တကယ် စိတ်ပါဝင်စားသော ဘာသာများကိုသာ အများနှင့်တူတူ မတူတူ လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်စွမ်းရှိရမည်။ တစ်ပတ်လျှင် လေးရက် ရာသီဥတုပူပူနှင့် ဘက်(စ်)ကား တိုးစီးနိုင်ရမည်၊ ပို့ချသောလက်ချာများကို ကောင်းမွန်စွာနားလည်၍ မေးစရာရှိသည်များကိုလည်း ရဲရဲဝံ့ဝံ့မေးကာ ထိမိသောမှတ်စုတိုများကိုလည်း ထုတ်နိုင်ရမည် ဖြစ်သည်။ စာကြည့်တိုက်သို့သွား၍ ရည်ညွှန်းစာအုပ်များကိုလည်း ဂဃနဏ နားလည်အောင် ဖတ်ရှုနိုင်ရပေမည်။ တချို့စာအုပ်များမှာ ဒဿနိကဆိုင်ရာ၊ နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ စသော လေးနက်ထိမိသည့် အသုံးအနှုံး များစွာပါဝင်သောကြောင့် ထိထိရောက်ရောက်နားလည်ရန် ခက်ခဲလှပေသည်။ စာတမ်းပြုစုရာတွင်လည်း မိမိကိုယ်တိုင် သုတေသနဆန်ဆန်ရေးသားပြုစုနိုင်ရမည် ဖြစ်သည်။ စာမေးပွဲဖြေဆိုရာတွင်လည်း မေးခွန်းကိုကြည့်၍ ထိုမေးခွန်းအတွက် အသင့်လျော်အထိမိဆုံး အဖြေဖြစ်မည့် မိမိ၏ အတွေးအခေါ်၊အယူအဆများကို ကျမ်းဂန်အကိုးအကားများဖြင့် အင်္ဂလိပ်လို မြန်မြန်ကောက်ချက်ချ ရေးသားတင်ပြနိုင်ရပေမည်။ ဤသို့အခက်လမ်းကို ရွေးချယ်လိုက်စားနိုင်သဖြင့် ရရှိလာသော UK-PGIPBS ၏ MA ဘွဲ့သည် တန်ဖိုးရှိ၍ အရည်အသွေးပြည့်မီသော အဆင့်မြင့်မြင့်ဘွဲ့ ဖြစ်လာမည်မှာ မလွဲပေ။ ထို့အပြင် အခက်လမ်းတစ်ခုသာလျှင်ရှိသော ဤတက္ကသိုလ်၏ M.Phil, Ph.D studies များသို့ တက်လှမ်းရန်အတွက်လည်း ယုံကြည်မှုအပြည့်ရှိကာ အဆင်ပြေချောမွေ့သွားနိုင်မည် ဖြစ်သည်။

UK-PGIPBS ၏ကျောင်းသားတစ်ယောက်အနေဖြင့် မတက်သာကြောင့် အခက်အခဲများကို ထိုင်၍ကြည့်နေရသော အလွယ်လမ်း၊ အခက်အခဲများကိုတတ်နိုင်သမျှ ရင်ဆိုင်ကြိုးစားကြည့်ခြင်းဟူသော အလယ်လမ်းနှင့် အခက်အခဲအားလုံးကို ကျော်လွှားခြင်း သို့မဟုတ် တက္ကသိုလ်လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ခြင်းဟူသောအခက်လမ်း၊ ဤသုံးလမ်းတွင် မိမိနှင့် အသင့်လျော်ဆုံး ဖြစ်မည်ထင်သည့်လမ်းကို ကြိုက်သလို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်လေသည်။ ဤသို့ဖြင့် မိမိ၏ အတွေ့အကြုံနှင့် အတွေးအမြင်တို့ကို အခြေခံကာ နောင်လာနောက်သား သီဟိုဠ်ပညာသင် ရဟန်းတော်များ၏အကျိုးကို မျှော်ကိုးလျှက် လွတ်လပ်၍ တန်ဖိုးထားတတ်လျှင် တန်ဖိုးရှိသော UK-PGIPBS တက္ကသိုလ်မှတ်တမ်းကို တင်ပြလိုက်ရပေသည်။


(မှတ်ချက်။ ။ ဤဆောင်းပါးပါ အာဘော်များသည် အမှန်တရားနှင့် အတွေ့အကြုံပေါ်တွင် အခြေခံသော ဆောင်းပါးရှင်၏ အာဘော်များသာဖြစ်၍ UK တက္ကသိုလ်၏ အာဘော်မဟုတ်ကြောင်း သိစေအပ်ပါသည်။)

ဆက်ဖတ်မယ်

Sunday, May 24, 2009

စိတ္တဇကဗျာ



ငါ့မှာ...
ငါ့သွေးတွေပေနေတယ်
ငါ့အသားတွေနဲ့ရောလို့ပေါ့
ငါဆန်သွားတဲ့နေ့ရက်တွေ
ငါမမှတ်မိနိုင်လောက်အောင်ပဲ
တကယ်တော့…
ငါဟာ ငါပဲ
ငါသာလျှင် ငါဖြစ်တယ်
ငါ့စိတ်နဲ့ငါ့ကိုယ်ပဲ
ငါတစ်ယောက်ကို ဖြစ်စေတယ်။

ငါ့အမြင်အာရုံတွေ
ငါ့အကြားအာရုံတွေ
ငါ့အနံ့ခံအာရုံတွေ
ငါ့အရသာအာရုံတွေ
ငါ့အထိအတွေ့အာရုံတွေ
ငါ့ဝိညာဉ်တွေကပဲ
ငါ့ဘ၀ကို အဓိပ္ပာယ်ရှိစေတယ်။
ငါ့ ဘ၀၊ ငါ့ ကမ္ဘာ၊ ငါ ချစ်တာ
ငါတစ်ယောက်တည်းပဲ
ငါ့ခွန်အားတွေ
ငါ့မှာပဲ ရှိတယ်
ငါပဲ ရဲရင့်တယ်
ငါပဲ တည်ကြည်တယ်
ငါပဲ လွမ်းတတ်တယ်
ငါပဲ ခံစားတတ်တယ်
ငါ့သံသရာဇာတ်လမ်းမှာ
ငါသာ ဇာတ်ဆောင်
ငါသာ ဇာတ်ပို့
ငါမို့သာ ငါဖြစ်နိုင်တာ
ငါလိုလူ ငါပဲရှိတယ်
တစ်နေ့…
ငါပျောက်သွားတယ်
ငါကိုယ်တိုင်ရှာမရနိုင်အောင်ပဲ
တကယ်တော့…
ငါက ငါမှ မဟုတ်တော့ဘဲ။ ။

ဆက်ဖတ်မယ်

Friday, May 22, 2009

သွေး



ဇာမဏီပျို ခန္ဓာကိုယ်မှ
ရွှေညိုသွေးစက် လွန်မြင့်မြတ်ဟု
သတ်မှတ်ခေါ်ဝေါ် ရွှေကိုယ်တော်သည်
အကျော်ထွဋ်ထား မြတ်ဘုရား၏
သွေးသားအဆက် သာကီမြတ်ပင်
မဟုတ်စင်လည်း တို့ရင်ထဲတွင်
စွဲမြဲငြိကပ် တရားမြတ်ကြောင့်
ဆက်ဆက်သာသနာ တည်ခဲ့ရာဝယ်
ဘာသာတန်ဘိုး တို့မြတ်နိုးခဲ့။

ခိုင်ဖြိုးပြည်ထောင် မျိုးဂုဏ်ရောင်လည်း
တောက်ပြောင်ကြည်မြ လွန်ချစ်ကြ၍
မြင့်မြတ်စေရာ မျိုးဘာသာကို
ပညာကျင့်သုံး သဒ္ဓါဖုံးလျှက်
အဆုံးပန်းတိုင် လှမ်းကာကိုင်မည်
မြဲခိုင်သောလက် တူညီဆက်စို့
သွေးချင်းတို့။ ။

ဆက်ဖတ်မယ်

Wednesday, May 20, 2009

ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးများ


လွန်ခဲ့သော ၂၆ နာရီ ၂၀ မိနစ် ခန့်က ခင်မင်ရင်းနှီးရသော ဘလော့(ဂ်) မိတ်ဆွေ “The Essence”=အနှစ် က သူ့ဘလော့(ဂ်) တွင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးများအကြောင်းကို တင်ပြထားကြောင်း ကျွှန်ုပ်အား ပြောခဲ့၏။ ပုံတွေကောပါသလားဟုမေးသောအခါတွင်မူ ပုံမပါကြောင်း၊ ၄င်းတို့၏သမိုင်းကြောင်းများကိုသာလျှင် တင်ပြထားကြောင်း ဖြေကြားခဲ့၏။ သို့နှင့် ကျွှန်ုပ်လည်းသူ့ အိုင်ဒီယာကို ကော်ပီကူးကာ ပုံးများနှင့်တကွ နှမ်းဖြူးပေးရန် ထိုင်ရာမှမထ ကမ္ဘာပတ်၍ ခေါင်းလောင်းရှာပုံတော်ကို ဖွင့်လိုက်၏။

ကြီးမားသောသံစဉ်ထွက်ခေါင်းလောင်းကြီးများမှာ အမြင့် ၄ မီတာသာသာ၊ အလေးချိန် တန် ၂၀ ၀န်းကျင်ခန့်ရှိကြလေ၏။ ထိုခေါင်းလောင်းကြီးများမှာ ကြီးကျယ်လှပခြင်း ဟူသောအဓိပ္ပာယ်ကို ဖော်ဆောင်ကြလေသည်။ အောက်တွင် ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးများအကြောင်းကို သူငယ်ချင်းများနှင့်တကွ ဤဘလော့(ဂ်) သို့ မျက်စိလည်လမ်းမှား၍ ကံကောင်းထောက်မစွာရောက်ရှိလာသော ပုဂ္ဂိုလ်များ သုတပွားစေရန်အလို့ငှာ တင်ပြလိုက်ရပေသည်။

ထိုင်ရာမထ ကမ္ဘာကိုပတ်ရင်းကျွှန်ုပ်ပထမဆုံးရောက်ရှိသွားသော နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်၏။ တရုတ်ပြည်အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်းမြို့အရောက်တွင် မင် မင်းဆက် (၁၃၆၈-၁၆၄၄) လက်ထက် လွန်ခဲ့သောနှစ်ပေါင်း (၆၀၀) ခန့်က သွန်းလုပ်ခဲ့သော ရွန်ဂဲ(လ်) အမည်ရှိ ကြေးသွန်းခေါင်းလောင်းကြီးကို တွေ့ရ၏။ ထိုကြေးသွန်းခေါင်းလောင်းကြီးမှာ (၄၅) တန် အလေးချိန်ရှိ၍ (၆.၇၅) မီတာအမြင့်ရှိ၏။ (၃.၃) မီတာ အချင်းရှိ၍ (၀.၂၂) မီတာထူ၏။ ခေါင်းလောင်းကြီး၏ အတွင်းအပြင် မျက်နှာစာအပြည့်တွင် တရုတ်အက္ခရာ (၂၂၇, ၀၀၀) ဖြင့် ထွင်းဖော်ထားသော ဗုဒ္ဓကျမ်းဂန်လာ သုတ္တန်များကို ရင်သပ်ရှုမောဖွယ် တွေ့ရှိရလေသည်။



မြန်မာတို့၏ စိတ်မျက်လုံးထဲတွင် မီတာ၏အတိုင်းအရှည်မှာ ပေ၏ အတိုင်းအရှည်လောက်မရင်းနှီးသောကြောင့် မြင်ယောင်ကြည့်ရန် ခက်ခဲမည်အထင်ဖြင့် မီတာကို ပေဖွဲ့၍ ပြလိုက်ပေမည်။ (၆.၇၅) မီတာသည် (၂၂.၁၅) ပေ၊ (၃.၃) မီတာသည် (၁၀.၈၃) ပေ၊ (၀.၂၂) မီတာသည် (၀.၇၂)ပေ (သို့) (၈.၆၄) လက်မ ရှိလေသည်။ တန်ကို ပိဿာ ဖွဲ့ပုံကိုတော့ ကျောင်းမှာ မသင်ဘူးသောကြောင့်မသိဟု ၀န်ခံရပေမည်။ သို့သော် ကိစ္စမရှိ၊ အတိုင်းအရှည်ကို သိသောသူသည် ပညာရှိဖြစ်သည်ဟု အဆိုရှိသည် မဟုတ်ပေလော။

ထို့နောက် အမှတ်မထင် မြန်မာပြည်အလယ်ပိုင်းသို့ ရောက်သွားကာ တစ်ကြိမ်ရောက်ဖူးပြီးပြီ ဖြစ်သော မင်းကွန်းခေါင်းလောင်းကြီးဆီသို့ပြန်ရောက်လာလေသည်။ ကိုရင်ပေါက်စဘ၀က မန္တလေးမြို့အတွင်း ဘုံဆွမ်းလောင်းတိုးရင်း ဂေါဝိန်ဆိပ်သို့ရောက်သွားကာ သပိတ်ပါလျှင် ပိုက်ဆံမကုန်ဟုသိသောကြောင့် မင်းကွန်းခေါင်းလောင်းကြီးဆီသို့ ပထမဆုံးအကြိမ် ၀ံ့ဝံ့ကြွားကြွား သွားရောက်ခဲ့ဖူး၏။ အကျွှန်ုပ်မှာ အဆိုပါမင်းကွန်းခေါင်းလောင်းကြီး၏ပုံကို စတုတ္ထတန်း ဖတ်စာအုပ်ထဲတွင် တွေ့ကတည်းက မင်းကွန်းသို့သွားချင်လှသည်မှာ ခြေများပင်ယား၍နေခဲ့သည်။ ခြေယားသော်လည်း လက်မယားသောကြောင့်ထင်သည် ထိုအချိန်က ၀င်ငွေတပြားတစ်ချပ်မျှမရှိခဲ့။ မျှော်ကိုးစရာ အပေါက်အလမ်းလည်းမမြင်ခဲ့။ ထို့ကြောင့်ပင်လျှင် ကျွှန်ုပ်လည်းကြံရာမရသည့်အဆုံး အရှည်မမျှော် အတွေးချော်လျှက် အထက်ပါ မဟာဆုံးဖြတ်ချက်ကြီးကို ချမှတ်ကာ စာအုပ်ထဲကမင်းကွန်းခေါင်းလောင်း ကြီးဆီသို့ အရာက်လှမ်းခဲ့၏။ အသွားတွင် နိုင်ငံတော်မှဆက်ကပ်ထားသော အချိန်ပိုင်းဘွဲ့တံဆိပ်ကိုပိုက်၍ မင်းကွန်းခေါင်းလောင်းကြီးဆီသို့ တစ်ပြားတစ်ချပ်မှ မရင်းရဘဲ ရောက်ရှိသွားသော်လည်း မန္တလေးသို့ အပြန်တွင်မူ သွေးချွှေး တို့ကိုရင်းခဲ့ရ၏။ မှန်ပေ၏၊ ပိုက်ဆံကမပါ သပိတ်ကဗလာဖြင့် ရဲသွေးတို့ကိုတင်ကာ ဇောချွှေးတို့ဖြင့် ချေသုတ်ပုဆိုး မြွှေဆွယ်ကျိုးသို့ ရိုကျိုးလှစွာ မော်တော်ဆရာကို ပိုက်ဆံမပါသည့်အကြောင်း လက်ခမောင်းခတ်၍ တောင်းပန်ခဲ့ရ၏။ ယခု ပြန်စဉ်းစားနေရင်းပင် ရီရမလိုလို ငိုရမလိုလိုနှင့် လွန်စွာ ကဗျာမဆန်သော ဖြစ်ရပ်ပေတည်း။



မမေ့နိုင်ဖွယ်ရာမှတပါး လွမ်းမောတသစရာမရှိသော မင်းကွန်း ပထမခရီးစဉ်ကဲ့သို့ ယခုဒုတိယခရီးစဉ်သည်လည်း အသွားရော အပြန်ပါ တပြားတစ်ချပ်မျှ ကုန်ကျစရာမလို။ ထို့အပြင် သွေးချွှေးတို့လည်း ရင်းနှီးစရာမလို။ အစိုးရမှ ဆက်ကပ်ထားသော ဘွဲ့တံဆိပ် လည်းမလို။ ထို့ထက်ပိုသည်မှာ မင်းကွန်းခေါင်းလောင်းကြီးအကြောင်းကို လွယ်ကူချောမွေ့စွာ လေ့လာနိုင်ယုံမျှမက တခြားတခြားသော ကမ္ဘာကျော်ခေါင်းလောင်းကြီးများအကြောင်းကိုပင် လွယ်ကူချောမွေ့စွာ ထိုင်ရာမထ လေ့လာနိုင်ပေသည်။ အလွန်နှိပ်လေ၏။

မင်းကွန်းခေါင်းလောင်းကြီးအကြောင်းကို ခုတုံးလုပ်၍ ကျွှန်ုပ်၏ ငယ်ကျိုးငယ်နာများကို သွားရင်းဟန်လွဲ ကြွားလိုက်မိသဖြင့် စာဖတ်သူများကို တောင်းပန်အပ်ပါသည်။ (ဤကား စကားချပ်)။ မင်းကွန်းခေါင်းလောင်းကြီးအကြောင်းကို ဆက်ပါမည်။ မြန်မာများအဖို့တော့ မင်းကွန်းခေါင်းလောင်းကြီး၏ တည်နေရာသည် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မင်းကွန်းနယ်၊ မန္တလေးမြို့မှ (၇) မိုင်အကွာ၊ ဧရာဝတီမြစ်အနောက်ဖက်ကမ်း၊ မင်းဝံတောင်ခြေတွင်ဖြစ်သည်ဟူ၍ တိတိပပဖော်ပြနေရန် လိုမည်မထင်။ သို့သော် ခေါင်းလောင်းကြီး၏ အတိုင်းအတာ၊ အလေးအချိန်၊ သွင်းလုပ်ခဲ့သောခုနှစ်၊ သွင်းလုပ်ခဲ့သောမင်းစသည်တို့ကိုတော့ သိဖို့လိုအပ်မည်ထင်သည်။ (ဘာမှတော့မဟုတ် Mingun Bell ဟူ၍ search box ထဲတွင် ရိုက်လိုက်လျှင် ကစ္စအားလုံးပြီးပါသည်။) မင်းကွန်းခေါင်းလောင်းကြီးကို ကုန်းဘောင်ခေတ်၊ ဘိုးတော်ဘုရားလက်ထက် (အေဒီ/၁၇၈၂-၁၈၁၉) တွင် သွန်းလုပ်ခဲ့သည်။ (၁၈၀၈) တွင်စတင်သွန်းလုပ်၍ (၁၈၁၀) တွင်ပြီးသည်ဟု အင်တာနက်မှတ်တမ်းများအရသိရသည်။ တန် (၉၀) အလေးချိန်ရှိ၍ သံစဉ်ထွက် ခေါင်းလောင်းကြီးများတွင် ကမ္ဘာ့အကြီးဆုံးဖြစ်သည်။ အချင်း (၁၆) ပေ (၃) လက်မ၊ အပြင်အမြင့် (၁၂) ပေ၊ အတွင်းအမြင့် (၁၁.၅) ပေရှိ၍ အထူမှာ (၆) လက်မမှ (၁၂) လက်မ အထိရှိသည်၊ (တနေရာနှင့် တနေရာ အထူအပါးမညီ၍ ထင်သည်)။ ဤသည်မှာ မင်းကွန်းခေါင်းလောင်းကြီး၏ အခြေခံအကြောင်းအရာများဖြစ်သည်။ (အသေးစိတ်သိလိုက အသေးစိတ်လေ့လာပါ)။



ဤသို့ဖြင့် မပြောမဆို ဂျပန်သို့ရောက်သွားပြန်သည်။ ကျိုတိုမြို့ ချီယွန်အင် ကျောင်းတော်တွင် တည်ရှိသော ခေါင်းလောင်းကြီးမှာ (၁၆၃၃) ခုနှစ်တွင်သွင်းလုပ်၍ (၇၄) တန် အလေးချိန်ရှိ၏။ ဂျပန်တွင် အလေးချိန်အများဆုံး ခေါင်းလောင်းကြီးဖြစ်၏။ ၄င်းခေါင်းလောင်းကြီးကို ထိုးခတ်ရန် ရဟန်း (၁၇)ပါး လိုအပ်မည်ဖြစ်သည်။



ရုရှားနိုင်ငံ မော်စကိုမြို့အရောက်တွင်တော့ ဆာ-ကိုလိုကိုး ဟုအမည်တွင်သော ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီးကိုတွေ့ရလေသည်။ ထိုခေါင်းလောင်းကြီးကို လက်မှုပညာရှင် (၂၀၀) ကျော်ကျော်ဖြင့် သွင်းလုပ်ထားခြင်းဖြစ်သည်။ (၆.၁၄) မီတာ (သို့) (၂၀.၁၄) ပေမြင့်၍ (၆.၆) မီတာ (သို့) (၂၁.၆၅) ပေ အချင်းရှိ၏။ အကြင် ခေါင်းလောင်းကြီးမှာ တချိန်တခါက အရှင်းလင်း အကြည်မြဆုံးသော သံစဉ်ထွက် ခေါင်းလောင်းကြီးဖြစ်ခဲ့သည်။ ယခုအခါတွင်မူ ၁၇၃၃-၃၅ တွင် သွင်းလုပ်ခဲ့သော တန် (၁၈၀) အလေးချိန်ရှိ ထိုခေါင်းလောင်းကြီးမှာ ကွဲအက်ပျက်စီးနေပြီဖြစ်သောကြောင့် သံစဉ်တို့လည်း ကွဲအက်ကြမ်းရှနေပြီဖြစ်သည်။ ထို့ကြောင့် စွဲမက်ဖွယ်ရာ ထိုးခတ်သံတို့ဖြင့် တန်ဆာဆင်ထားသော ခေါင်းလောင်းတို့တွင် မင်းကွန်းခေါင်းလောင်းကြီးက ကမ္ဘာ့အကြီးဆုံး ဖြစ်၍နေရပေသည်။

(မှတ်ချက်။ ။ ယခုအင်တာနက်လောကတွင် google earth နှင့် google sky တို့မှာ အစဉ်အတိုင်းပေါ်ပြီး ဖြစ်သော်လည်း google water မပေါ်သေးသောကြောင့် သန်လျင်မြစ်ထဲတွင် နစ်မြှပ်နေသော အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သည့် တန်ချိန် ၂၉၀ ရှိ မွန်တို့၏လက်ရာ ဓမ္မစေတီခေါင်းလောင်းကြီး၏အကြောင်းကို မျက်ဝါးထင်ထင် တင်ပြခြင်းငှာ မစွမ်းနိုင်ပေ။)

(created from the back-bone of The carillon project's posting)

ဆက်ဖတ်မယ်

Friday, May 15, 2009

ကျိန်စာသင့် ပေးဆပ်ခြင်းများ


ကျွှန်တော်ဟာ ယိမ်းယိမ်းယဲ့ယဲ့
ခပ်နဲ့နဲ့ ဇရပ်တစ်ဆောင်ဖြစ်တယ်
ကျွှန်တော့်ဆီမှာ နားခို
မိုးပေါက်တို့ မစိုစေရဘူး။

ကျွှန်တော်ဟာ အထစ်စုံမဟုတ်တဲ့
ခပ်နုံနုံ လှေကားတစ်စင်းဖြစ်တယ်
ကျွှန်တော့်ပေါ်နင်းတတ်
အပေါ်ထပ်ရောက်အောင် သွားပါ။

ကျွှန်တော်ဟာ အေးဆေးမှုကိုပေးတဲ့
နွေးထွေးထွေး မွေ့ယာလေးတစ်ခင်းဖြစ်တယ်
ကျွှန်တော့်ပေါ် မှေးစက်
စိတ်ပျက်စရာအိပ်မက် မမက်စေရဘူး။


ကျွှန်တော်ဟာ ချောမွေ့ပြေဆင်းတဲ့
ပေတရာလမ်းကျဉ်းလေးဖြစ်တယ်
ကျွှန်တော့်ပေါ်ဖြတ်လျှောက်
ပန်းတိုင်ရောက်အောင်ကြိုးစားပါ။

ကျွှန်တော်ဟာ အကိုင်းကြိုးကြဲ
ပင်ရွက်ထူထဲထဲကို အံခဲထမ်းပိုးထားတဲ့
သစ်ပင် တစ်မျိုးဖြစ်တယ်
ကျွှန်တော့်အောက်မှာနားနေ
နေပူပူတွေ မလာစေရဘူး။

ကျွှန်တော်ဟာ မုန်တိုင်းကင်းမဲ့ဇုံက
တသုန်သုန်စီးဆင်းနေတဲ့ မြစ်တစ်စင်းဖြစ်တယ်
ကျွှန်တော့်ပေါ်ရွက်လွင့်
တောတောင်အဆင့်ဆင့်ကိုဖြတ်သန်းပါ။

ကျွှန်တော်ဟာ မာယာကြွယ်တဲ့
ငွေပင်လယ် တစ်စင်းဖြစ်တယ်
ဆိုတာကိုတော့ မစိုးရိမ်ပါနဲ့
ဒါပေမယ့် ကျွှန်တော်ဟာ
အဆုံးပိတ်နဲ့ အထွဋ်အထိပ်ကို
ရောက်ပြီးသားဆိုတာတော့သတိထားပါ။ ။

ဆက်ဖတ်မယ်

Tuesday, May 12, 2009

UK တက္ကသိုလ် ခရီးသွားမှတ်တမ်း (၁)


ဟားဗတ် တက္ကသိုလ်၊ အောက်(စ်)ဖို့ တက္ကသိုလ်၊ ကိန်းဘရစ်(ခ်ျ) တက္ကသိုလ် အစရှိသောတက္ကသိုလ် တို့သည် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များဖြစ်ကြသည်။ မသိသောကျောင်းသား မရှိသလို မတက်ချင်သသောကျောင်းသာလည်း မရှိသလောက်ပင်။ ယခုဖော်ပြလတ္တံ့သော ကျွှန်ုပ်တို့ တက်ရောက်သင်ကြားရာ UK တက္ကသိုလ်သည်လည်း ကမ္ဘာ့ ထေရ၀ါဒတက္ကသိုလ် လောကတွင် ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်ပေသည်။ ဟားဗတ်၊ အောက်(စ်)ဖို့ စသော နာမည်ကြီးတက္ကသိုလ် တို့သည် အနောက်ကမ္ဘာတွင် တည်ရှိ၏။ University of Kelaniya ၏အတိုကောက်ဖြစ်သော ကျွှန်ုပ်တို့၏ UK တက္ကသိုလ်မှာ အနောက်အာရှတွင် တည်ရှိကာ အထက်ပါကမ္ဘာကျော်တက္ကသိုလ်များနည်းတူ ကမ္ဘာ့အဆင့် မြင့်ပညာအချို့ကို တက်ရောက်သင်ကြားနိုင်ပေသည်။ အဆိုပါ UK တက္ကသိုလ်သည် လင်္ကာဒီပဟု ချစ်စနိုးနှင့် ခေါ်ဝေါ်သော သီရိလင်္ကာ ကျွှန်းနိုင်ငံတွင်တည်ရှိသည်။

အကျွှန်ုပ်သည် အဆိုပါ UK တက္ကသိုလ်၏ အခွဲဖြစ်သော Post graduate institute of Buddhist studies တွင် ဗုဒ္ဓအတွေးအခေါ်ပညာ၊ လူမှုရေးဆိုင်ရာ ဗုဒ္ဓဘာသာ၊ စီးပွားရေး အတွေးအခေါ်များကို ဗုဒ္ဓဘာသာ ရှုထောင့်မှ လေ့လာသောပညာ စသော ဗုဒ္ဓဘာသာ ဆိုင်ရာ ခေတ်မီအဆင့်မြင့် ပညာရပ်များကို သင်ယူဆည်းပူးနေသော ကျောင်းသားရဟန်းတော်တစ်ပါးဖြစ်ပေသည်။ ဤတက္ကသိုလ်သို့ တက်ရောက်ခွင့်ရရန် အကျွှန်ုပ်အိပ်မက်မျှပင် မမက်ဖူးပါ။ တိုက်အုပ်ဆရာတော် ဆရာသမားက မိမိတက္ကသိုလ် ပထမနှစ်လောက်ကတည်းက မင်းတက္ကသိုလ် ဘယ်နှစ်ရောက်ပြီလည်း တစ်နှစ်တစ်တန်း အောင်မြင်အောင်လုပ် မင်းဒီကဘွဲ့ရရင် နိုင်ငံခြားသွားပြီးပညာဆက်သင်ရမယ်ဟု မကြာခဏပြောလေ့ရှိခဲ့၏။ ကျွှန်ုပ်ပျော်ပါသည်၊ ဘွဲ့ရလျှင်နိုင်ငံခြားသွားရမည် ဟူသောအသိကြောင့် မဟုတ်၊ အလွန်တရာ အလုပ်ရှုပ်၍ ဂုဏ်ရှိလှသောတိုက်အုပ်ဆရာတော် တစ်ပါးက အကျွှန်ုပ်လို ငမျောက်ငချောက် စာသင်သားတစ်ယောက်ကို အဖက်လုပ်၍စကားပြောသောကြောင့်ဖြစ်ပါသည်။ လုပ်စရာသာများသော ဆရာတော်မှာ ကျွှန်ုပ်နှင့်တွေ့လျှင် ပြောစရာစကားမရှိသောကြောင့် ပြောမိပြောရာ ပြောလိုက်ခြင်းသာဖြစ်သည်ဟု စိတ်ထဲတွင်အောက်မေ့ထားခဲ့၏။ အကျွှန်ုပ်ကိုယ်တိုင်ကလည်း မိမိကိုယ်မိမိ နိုင်ငံခြားပညာတော်သင်ဟူသော စကားလုံးကို ကြားဖူးရုံလောက်သာ ထိုက်တန်သည်ဟု ခံယူထားခဲ့သည်။


ဤသို့ဖြင့် တတိယနှစ် စာမေးပွဲ ဖြေဆိုချိန်ထိအောင် တိုင်ခဲ့လေသည်။ စာမေးပွဲဖြေဆိုအပြီး အောင်စာရင်း မထွက်ခင်စပ်ကြား တစ်နေ့တွင် ဆရာသမားက မိမိအားခေါ်၍ မင်းတက္ကသိုလ်ဘယ်နှစ်ရောက်ပြီလဲ ဟုမေးပြန်လေသည်။ နောက်ဆုံးနှစ်ဖြေပြီးပါပြီဘုရား ဟု မိမိက ပြန်လည်လျှောက်ကြားသောအခါတွင် အော်… အေး ဟူသော မလေးနက်သည့် တုံ့ပြန်ချက်တစ်ခုသာ ရရှိခဲ့လေသည်။ မထင်မှတ်သော တစ်နေ့တွင်မူ မစားသဖူး ဆရာတော်နှင့်အတူ နေ့ဆွမ်းစားရင်း ဆရာတော်က နိုင်ငံကူးလက်မှတ်လုပ်ထားနှင့်ရန် မိမိအားမိန့်မှာလေ၏။ အိပ်မက်တွေတကယ်ဖြစ်လာပြီဟု မဆိုနိုင်သည့်တိုင် မက်ချင်ခဲ့သောအိပ်မက်များ မမက်ခင်ပင် တကယ်ဖြစ်လာပြီဟု ရေးရေးမျှဆိုနိုင်ပေမည်။ နိုင်ငံခြားပညာသင် သွားခြင်း၏ဒုက္ခအစ နိုင်ငံကူးလက်မှတ်လျောက်ခြင်းကဟု ဆိုလျှင် ရနိုင်လိမ့်မည်ထင်သည်။ မနလ ရုံးသည် ရန်ကုန်တွင် ရှိသည်ဟုသိသည့်တိုင် မည်သည့်မြို့နယ်တွင် ရှိသည်ဟုမသိ။ ထို့ပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားရန်အတွက် မည်သည့်စာရွက်စာတမ်းများလိုအပ်သည်၊ ရုံးသို့ မည်သို့မည်ပုံဝင်ရမည် စသည်တို့ကို မသိသည့်အတွက် နိုင်ငံကူးလက်မှတ်လျှောက်ဖို့အရေး စိတ်လေးနေရပြန်သည်။ ရုံးသို့ရောက်လျှင် လိုအပ်သည်များကို မေး၍လျှောက်လျှင် ရနိုင်သော်ငြားလည်း နိုင်ငံကူးလက်မှတ်နှင့် ပက်သက်၍ မိမိရရှိထားသော တစွန်းတစ ဗဟုသုတအရ ကိုယ်တိုင်ဝင်လျှောက်လျှင် ရနိုင်ရန်မလွယ်ကူဟု သိရှိထားလေသည်။ နောက်တွင်မှ မိမိရရှိထားသော ထိုတန်ဘိုးကြီးဗဟုသုတသည် မနလ ပွဲစားများထံမှ ပေါက်ဖွားလာသည်ကို သဘောပေါက်မိလေ၏။ ဟုတ်ပေသည်၊ မိမိကိုယ်တိုင်လုပ်လျှင် ကျပ်တစ်သောင်းခွဲခန့်သာ ကုန်ကျ၍ ပွဲစားများနှင့်လုပ်လျှင် တစ်သိန်းခန့်ကုန်ကျသောကြောင့် တန်ဖိုးကြီးလှပေ၏။ သို့နှင့် နိုင်ငံကူးလက်မှတ်ဖြည့်ရန် ပုံစံများကို ၀ယ်ယူ၍ ပုံစံပါလိုအပ်သော စာရွက်စာတန်းများကို ရရှိရန် ရက်ကွက်အဆင့်ရုံး၊ မြို့နယ်အဆင့်ရုံး၊ တိုင်းအဆင့်ရုံး၊ သာသနာရေးရုံး၊ ပညာရေးရုံး၊ ရဲစခန်း အစရှိသော ရုံးပေါင်းမြောက်များစွာကို သင်္ကန်းကြီး တရုံးရုံးနှင့် သွားရောက်ရသည်မှာ လွန်စွာမှပင်စိတ်ပျက်အားလျော့ဖွယ်ကောင်းလှသည်။ ရဟန်းဖြစ်သောကြာင့် ဦးစားပေးနေရာရ၍ တော်ပေသေးသည်။ ဤသည်မှာ မနလ လက်မှတ်လျှောက်ရန်အတွက်သာ သွားရသောရုံးများဖြစ်သည်။ နိုင်ငံခြားရှိ တက္ကသိုလ်တစ်ခုသို့ တက်ရောက်ပညာသင်ကြားရန်အတွက် သွားရသောရုံးများလည်း တစ်သီးတစ်ခြားနှင့် ၀င့်ဝင့်ကြွားကြွားရှိနေပေသေးသည်။ နိုင်ငံခြားပညာသင်သွားရခြင်း၏ ဒုက္ခများမှာ မထောင်းတာလှချေ။ ဤသို့ဖြင့် နောက်တစ်လခန့်အကြာတွင် မိမိတို့၏နိုင်ငံကူးလက် မှတ်များကျလာလေတော့သည်။ ပထမတစ်လှိုင်းမှ မငြိမ်သေး နောက်ထပ်တစ်လှိုင်း ထပ်ဆင့်လာသည်မှာ ဆိုင်ရာ (သီရိလင်္ကာ) နိုင်ငံမှ နိုင်ငံအတွင်းဝင်ရာက်ခွင့် ဗီဇာရရှိရေးပင်ဖြစ်သည်။ ထို့ကြောင့် ဒဂုံမြို့နယ်၊ တော်ဝင်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံးသို့ ဒုတိယရေလှိုင်းဟူသောအမှတ်ဖြင့် စက်ကုန်ဖွင့်၍လွှင့်ရပြန်သည်။ ဟိုစာရွက်စာတန်းလို၊ သည်စာရွက်စာတန်းလိုဖြင့် တစ်ပတ်ခန့်မျှချောင်းပေါက်အောင် သွားပြီးကာမှ ပြည်ဝင်ခွင့်ဗီဇာကို ပီဇာစားရသလို မြိန်မြိန်ကြီးရရှိလေ၏။ ဤသို့ မြန်မာနိုင်ငံရှိ ရုံးဌာနပေါင်း မြောက်များစွာကို သွားရောက်ပြီးကာမှ သီရလင်္ကာနိုင်ငံ UK တက္ကသိုလ် ပညာတော်သင် ခြေလှမ်းကို လွတ်လပ်ရင်ခုန်စွာ လှမ်းဖြစ်တော့သည်။

ကျွှန်ုပ်ကဲ့သို့သော ငတိတစ်ယောက်အဖို့ မြန်မာနိုင်ငံနှင့် သီရိလင်္ကာ နိုင်ငံအကြား နောက်ထပ်ရင်ခုန်စရာ အသစ်များကျန်နေသေးသည်ဟုဆိုလျှင် အံ့သြစရာကောင်းမည်မထင်။ မှန်ပေသည်၊ ကောင်းကင်ပေါ်တွင်သာ အမှန်တကယ်မြင်ဖူးသော လေယာဉ်ကို လက်တွေ့ကျကျစီးရတော့မည် ဖြစ်သောကြောင့် အသစ်အဆန်းဖြစ်သဖြင့် ရင်ခုန်နေမိပါသည်။ သိပ္ပံမောင်ဝ (ဦးစိန်တင်) အင်္ဂလန်နိုင်ငံ အောက်(စ်)ဖို့ တက္ကသိုလ်သို့ ပညာသင်သွားခဲ့စဉ်က ခရီးသည်တင်လေယာဉ်မပေါ်သေးသောကြောင့် မီးသင်္ဘောဖြင့်သွားရ၏။ သူ့ကြည့်ရသည်မှာ ကမ္ဘာကျော် အောက်(စ်)ဖို့တက္ကသိုလ်သို့ တက်ရမည့်အရေးအတွက်ရော မီးသင်္ဘောစီးရမည့်အတွက်ရော ရင်ခုန်နေဟန်မတူ။ ထိုစဉ်အခါက သူသည် မီးသင်္ဘောလည်းစီးဖူးသလို အောက်(စ်)ဖို့တက္ကသိုလ်အောက် များစွာမနိမ့်သောတက္ကသိုလ်သို့ တက်ဖူးသောကြောင့်လည်း ဖြစ်ပေလိမ့်မည်။ မြန်မာ့ပင်လယ်ဆိပ်ကမ်းမှခွာစဉ် သူ့တွင်ဖြစ်နေသောစိတ်အစဉ်မှာ သင်္ဘောဆိပ်သို့ ပို့ဆောင်နုတ်ဆက်သော ဆွေမျိုးမိတ်ဆွေများကို လွမ်းဆွတ်သတိရခြင်းနှင့် အမိမြန်မာမြေကို လွမ်းမောတသခြင်းစသော မျိုးချစ်စိတ်ကြောင့်ဖြစ်သည့် ပူဆွေးသောကများပင်ဖြစ်သည်။ ထိုသောကများကိုပင် အားကျမိတော့၏။ သူ အောက်(စ်)ဖို့သို့ သွားရောက်စဉ်က ကျောင်းသားအဖော် ရှစ်ယောက်မျှပါဝင်လေသည်။ သို့တိုင်သူ့တွင် ၀မ်းနည်းအားငယ်စိတ်များ ဖြစ်နေသေးသည်။ အကျွှန်ုပ်တွင်တော့ လိုက်ပါပို့ဆောင်သည့် ဆွေမျိုးမိတ်ဆွေများလည်းမရှိ ခရီးသွားဖော်လည်း တစ်ယောက်သာလျှင်ရှိသည့်တိုင် သူ့လို လွမ်းမောတသ စိတ်အားငယ်ရခြင်းများမဖြစ်ဘဲ ရင်ခုန်ကြည်နူးခြင်းစသော ကလေးကလားစိတ်များသာ ဖြစ်နေရလေသည်။ (သြော်… ဘ၀အခြေမှ မမြင့်ခဲ့ဘဲကိုး)။ လေယာဉ်ပေါ်တက်ခါနီး ထိုင်ခုံနံပါတ်များ ရသောအခါတွင်လည်း ခရီးသွားတိုင်းကျွှန်ုပ်က အမြဲဦးစားပေးသော သူယ်ချင်းကို ဒီတစ်ခါတော့ ငါလေယာဉ်ပြူတင်းပေါက်ဘေးကျလျှင် ဦးစားမပေးတော့ဟု တေးမှတ်မျှော်လင့်လျှက် သူငယ်ချင်းအား လေယာဉ်လက်မှတ်တွင်ပါသော ခုံနံပါတ်အတိုင်းသာထိုင်ရန် ကလေးကလားစကားကို အလေးထားပြောမိခဲ့သေး၏။ မျှော်လင့်ထားသည့်အတိုင်း လေယာဉ်ပြူတင်းပေါက်မှ မြေပြင်ရှုခင်းများကို တ၀ကြီးရှုစားခွင့်ရခဲ့၏။

မြန်မာပြည်မှ သီရိလင်္ကာနိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်း မရှိသောကြောင့် ထိုင်းမှတဆင့်သွားရ၏။ ရန်ကုန်မှ ဘန်ကောက်၊ ဘန်ကောက်မှ ကိုလံဘိုဖြစ်၏။ နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေယာဉ်စတင်ထွက်ခွာသည်။ ဘန်ကောက်မှ ကိုလံဘိုသို့ ည(၁၀)တွင်မှ လေယာဉ်ထွက် မည်ဖြစ်သည်။ ထိုကြောင့် ကျွှန်ုပ်တို့မှာ (၁၀) နာရီ ကျော်ကျော်ခန့် ဘန်ကောက်လေဆိပ်ထဲတွင် လှည့်ပတ်ကြည့်ရှုရန် အချိန်ရမည်ဖြစ်သည်။ နေ့ဆွမ်းကို လေယာဉ်ပေါ်တွင် လေယာဉ်မယ်များက တရိုတသေဆပ်ကပ်သည်။ ရင်ခုန်ကြည်နူးမှုများဖြင့် ပြည့်နှက်နေသောစိတ်ထဲတွင် စားချင်စိတ်အတွက် နေရာလွတ်မရှိတော့။ သို့သော်အစားအသောက်များမှာ အသစ်အဆန်းများဖြစ်သောကြောင့် အနည်းငယ်တော့ တို့ကြည့်မိသေး၏။ သို့နှင့် နံနက် ၁၁ နာရီခန့်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အာရှအကြီးဆုံးလေဆိပ်ကြီးဟုဆိုသော သုဝဏ္ဏဘူမိ လေဆိပ်ကြီးသို့ ရောက်ရှိလေ၏။ လေဆိပ်ကြီးပေါ်သို့ ခြေချမိသည်နှင့် မည်သည့် နေရာတွင် ခြေလှမ်းများ အဆုံးသတ်ရမည်ကိုမသိလောက်အောင် လေဆိပ်ကြီးမှာ အလွန်တရာကြီးမားခမ်းနား၍ သပ်ရပ်သန့်ရှင်းမှုရှိလှလေသည်။ လေဆိပ်ကြီး၏ မြေညီထပ်လား၊ ပထမထပ်လား၊ ဒုတိယထပ်လား မည်သည့်အထပ်မှန်း မသိသော ကျွှန်ုပ်တို့စတင်ခြေချရာ အထပ်တွင် လှည့်လည်ကြည့်ရှုကြပြီးနောက် ဒုတိယထပ်ဟု ကျွှန်ုပ်စိတ်ထဲတွင် သတ်မှတ်လိုက် သောအထပ်သို့ လှည့်ကြပြန်လေသည်။ အမှန်တကယ်တမ်းဝန်ခံရလျှင် အနှီလေဆိပ်ကြီး ဘယ်နှထပ်ရှိသည်ကို ကျွှန်ုပ်မသိပါ။ အဆိုပါ ဒုတိယထပ်တွင် စတိုးဆိုင်များ၊ စားသောက်ဆိုင်များ၊ အရောင်းပြခန်းများဖြင့် လူတော်တော်စည်ကားသည်ကို တွေ့ရသည်။ တချို့က အသစ်ဖွင့်လှစ်ထားသော အာရှအကြီးဆုံးလေဆိပ်ကြီးတွင် အမှတ်တရ ဓာတ်ပုံရိုက်နေကြသည်။ အချို့က တွန်းလှည်းပေါ်တွင် မိမိတို့၏ လက်ဆွဲအိတ်များကို တင်၍လှည့်လည် သွားလာနေကြသည်။ တချို့က အရောင်းပြခန်းများတွင်၊ တချို့က စားသောက်ဆိုင် အအေးဆိုင်များတွင် တချို့က…။ ငယ်စဉ်ကရရှိခဲ့သော အကင်းမသေသေးသည့် အထီးကျန်ဒဏ်ရာများကြောင့် မည်သူနှင့် ယှဉ်ယှဉ် ကိုယ့်ကိုယ်ကို အာဖရိကလူရိုင်းတစ်ယောက်ကဲ့သို့ အမြဲနှိမ့်ချသတ်မှတ်ထားသော ကျွှန်ုပ်အဖို့ ထိုလူများကို ကြည့်ကာ သြော်… သူတို့လည်း ငါလိုလူသားတွေပါပဲလားဟူ၍ အားတက်သရော တွေးမိလေ၏။ ထိုအတွေးမျိုး ကျွှန်ုပ်၏စိတ်နှလုံးဝယ် ထာဝရကိန်းအောင်းနေစေရန်လည်း အံခဲဆုတောင်းမိသေး၏။

ထူးခြားသောမြင်ကွင်းတစ်ခုအဖြစ် မွတ်စလင်များအတွက် ဘုရားဝတ်ပြုရာနေရာကို အခန်းတစ်ခုဖွဲ့၍ သတ်သတ်မှတ်မှတ် တည်ဆောက်ပေးထားသည်ကိုတွေ့ရ၏။ ရုတ်တရက်တွင် အဘယ့်ကြောင့်အခြားဘာသာဝင်များအတွက် ၀တ်ပြုရာနေရာကို ဤနိုင်ငံတကာလေဆိပ်ကြီးက သတ်မှတ်ပေးမထားသနည်း ဟု မှင်သတ်မိသေး၏။ ထို့နောက်တွင်မှ မွတ်စလင်များသည် တစ်နေ့လျှင် (၅) ကြိမ် မည်သည့် နေရာတွင်မဆို အချိန်မှန်ဘုရားဝတ်ပြုကြောင်းကို စဉ်းစားမိလေ၏။ ကျွှန်ုပ်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများတွင် `နှလုံးသားဝယ်ဘုရားတည်` ဟူသော စကားလုံးလှလှလေးတစ်လုံးရှိ၏။ အနှီ မွတ်စလင်ဘာသာ၌ ထိုစကားပုံလှလှ ရှိချင်မှရှိမည်ဖြစ်သော်လည်း လက်တွေ့အားဖြင့် သူတို့နှလုံးသားဝယ် သူတို့ဘုရားတည်နေသည်မှာ အတုယူဖွယ်ပင်ကောင်းလှတော့သည်။ သို့နှင့် ကျွှန်ုပ်တို့လည်း လေဆိပ်ကြီးပေါ်သို့ လျှောက်ပတ်သွားရသဖြင့် ခြေထောက်များညောင်းစပြုလာသောကြောင့် ခရီးသည်များနားခိုရန်နေရာကို လျှောက်ပတ်ရှာရပြန်သည်။ အတော်အတန်အချိန်ယူ၍ရှာမှ လေဆိပ်ကြီး၏ မည်သည့်အရပ်မှန်းမသိသော ချောင်တစ်နေရာတွင် သက်တောင့်သက်သာ နားနေရန်နေရာကို တွေ့လေသည်။ ချောင်ဟုဆိုသော်လည်း အပန်းဖြေစရာ အအေးဆိုင်များ၊ လူတစ်ရပ်စာခန့်ရှိ လေအေးပေးစက်ကြီးများ၊ အပျင်းဖြေစရာ ဗွီဒီယိုပြစက်ကြီးများဖြင့် အတော်ပင်ကျယ်ဝန်းလေသည်။ ထိုင်စရာထိုင်ခုံများမှာလည်း ပုစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးဖြင့်ရှိသော ဆိုဖာထိုင်ခုံများဖြစ်သည်။ လက်ကိုင်အိတ်တစ်လုံးကိုဆွဲ၍ လေဆိပ်အတွင်း လှည့်လည်သွားလာထားရသဖြင့် ကိုယ်၊လက်၊ခြေထောက်များ ညောင်းညာနေသောကြောင့် အဆိုပါ ဆိုဖာခုံများပေါ်သို့ ရုတ်တရက် ကိုယ်ကို ခြေပစ်လက်ပစ် ပစ်ချလိုက်မိ၏။ နောက်မှ ပတ်ဝန်းကျင်ကို ချက်ခြင်းသတိရ၍ ကိုယ်ကိုပြန်မတ်ကာ လက်ဆွဲအိတ်အတွင်းမှ အင်္ဂလိပ်မဂ္ဂဇင်းတစ်အုပ်ကိုထုတ်၍ အိနြေ္ဒရရဖတ်နေလိုက်၏။ (၁၀) မျက်နှာခန့် ခရီးပေါက်သောအခါ ပျင်းသလိုလိုရှိလာသည်နှင့် သင်္ကန်းဝတ်နှင့် သင့်လျော်မည့် အပျင်းဖြေစရာများကို ထိုင်ရာမှ မထလှည့်ပတ်ကြည့်ရှုမိ၏။ မတွေ့၊ အိနြေ္ဒရရနှင့် ထိုင်၍ကြည့် ရှုနိုင်မည့် LCD တီဗွီကြီးကလည်း အချိန်မကျသေး၍ထင်သည် အလုပ်မလုပ်သေး။ ခန္ဓာကိုယ် ပင်ပမ်းသည်ကတစ်ကြောင်း၊ ပျင်းပျင်းရှိသည်ကတစ်ကြောင်းကြောင့် အိပ်ချင်စပြုလာသည်။ ထို့ကြောင့်သင့်တော်သော ချောင်တစ်နေရာကို နှစ်ယောက်သားထပ်၍ရှာကြပြန်သည်။ သိပ်မကြာလိုက် သက်တောင့်သက်သာ အိပ်၍ရနိုင်သော ခုံရှည်ကြီးများရှိသည့် ချောင်တစ်နေရာကို ရှာဖွေတွေ့ရှိလိုက်ကြ၏။ ထိုနေရာတွင် နိုင်ငံခြားသားလူဖြူ တစ်ယောက်သာ ထိုင်နေသည်ကို တွေ့ရ၏။ ကျွှန်ုပ်လည်း အနှီပုဂ္ဂိုလ်ထိုင်နေသည့်ခုံ၏ စားပွဲတစ်လုံးခြားထားသော မျက်နှာချင်းဆိုင်ခုံရှည်တွင် ၀င်ထိုင်လိုက်၏။ ဤတွင် အဆိုပါလူဖြူမှ ကျွှန်ုပ်တို့အား မသင်္ကာသလိုလို၊ ထူဆန်းသလိုလို ဝေခွဲရခက်သော ပုံမှန်မဟုတ်သည့် အကြည့်ဖြင့် မသိမသာ စောင်းမြောင်းကြည့်လိုက်သည်ကို ကျွှန်ုပ်သတိထားမိလိုက်၏။ ကျွှန်ုပ်ထိုကဲ့သို့ သတိထားမိသည်ကို သူ သတိထားမိဟန်မတူ၊ မကြာမကြာကြည့်သော ထိုအကြည့်မျိုးကို သူထံမှ ခဏခဏတွေ့ရ၏။ ထို့နောက်တွင်မှ မိမိဝတ်ရုံလာသော သင်္ကန်း၏ ပေစုတ်စုတ်အနေအထားပြန်ကြည့်၍ မသင်္ကာသလို အကြည့်ဖြင့် ကြည့်ခြင်းဖြစ်သည်ကို သဘောပေါက်မိတော့၏။ ထိုသို့ဘောပေါက်မိသည့်အလျောက် ဘ၀င်ကျသည်နှင့် ဆိုဖာခုံရှည်ပေါ်သို့ စိတ်လွတ်ကိုယ်လွတ် အနားယူလိုက်လေတော့၏။

အိပ်ရာမှနိုးသောအခါ နည်းနည်းတောင်မှောင်ချင်နေပြီ။ စောစောက နိုင်ငံခြားသားလည်းမရှိတော့၊ သူငယ်ချင်းလည်းဘယ်ရောက်နေသည်မသိ၊ သူ့အိတ်ကိုတော့တွေ့ရ၏။ ခဏအကြာတွင် သူငယ်ချင်းပြန်ရောက်လာသည်၊ မိမိတို့ ထိုင်းရောက်နေပြီဆိုသည့်အကြောင်းကို ကိုလံဘိုရှိ မိမိတို့အားလာရောက်ကြိုကြမည့် ဦးသုဇယနှင့် ဦးသာသနတို့ထံ ဖုန်းဖြင့်အကြောင်းကြားနေသည်ဆို၏။ ထို့နောက် သူငယ်ချင်းက ဆက်၍ ဤနိုင်ငံမှာ သံဃာတစ်ပါးအနေဖြင့် ဈေးဝယ်ရသည်မှာ မြန်မာပြည်နှင့် မတူကြောင်း၊ သူ ဖုန်းကတ်ဝယ်ရာတွင် ပိုက်ဆံကို ထိုင်းအရောင်းဝန်ထမ်းမယ်များက သူ့လက်မှ တိုက်ရိုက်လက်မခံကြောင်း၊ တင်စရာတစ်ခုခုပေါ်တွင် တင်ထားခဲ့မှလက်ခံကြောင်းကို ရယ်ကျဲကျဲနှင့် ပြောပြလေ၏။ အကျွှန်ုပ်လည်း သံဃာတော်များအပေါ်တွင် ရိုသေသမှုဖြင့်ပြုသော ထိုဓလေ့ကို တွင်တွင်ကြီးသဘောကျမိနေ တော့၏။

စောလွန်းသေးသော်လည်း တစ်ခါမျှသွားဖူးသော ခရီးမဟုတ်သည့်အတွက် စိတ်ပူသောကြောင့် ည(၇) နာရီခန့်လောက်တွင် ကိုလံဘိုသို့သွားမည့် လေယာဉ်အတွက် ထိုင်ခုံနံပါတ်ဖြတ်ရန် လက်မှတ်ကောင်တာအရှာ ထွက်ခဲ့ကြသည်။ သိပ်မကြာမီ စာရေးမလေးများတန်းစီရပ်နေရာ လက်မှတ်ကောင်တာကို တွေ့ရလေသည်။ ထိုင်ခုံနံပါတ်ဖြတ်ရန် စာရေးမတစ်ယောက်ထံသို့ လေယာဉ်လက်မှတ်ကို ပေးလိုက်သောအခါ `အလွန်တရာစောသေးသည်`ဟူ၍ မျက်နှာမကြည်မသာနှင့် မဲ့ရွဲ့ကာ အော်လွှတ်လိုက်လေသည်။ `မြန်မာဖြစ်၍လား သို့မဟုတ် ကျွှန်ုပ်ဖြစ်၍လား` ဟူသော အားငယ်သော အတွေးများပြန်လည်ပေါက်ဖွားလာကာ စိတ်မသာမယာဖြင့် ကောင်တာမှ နှစ်ယောက်သား ပြန်လှည့်ထွက်လာကြလေတော့၏။ ကျွှန်ုပ်တို့နားခိုခဲ့ရာ ချောင်ကလေးသို့ပြန်အရောက်တွင် LCD ရုပ်မြင်သံကြားစက်မှာ အလုပ်လုပ်နေလေပြီ။ အပြင်းဖြေစရာတော့ တွေ့ပြီဟူ၍ ၀မ်းသာမိကြသည်။ သို့နှင့် မည်သည့်ခရီးသည်မျှကြည့်မနေသော အနှီ LCD တီဗွီပြားကြီးအား နှစ်ယောက်သား အားရပါးရ ရှေ့ဆုံးတန်းမှထိုင်၍ ကြည့်နေမိကြလေတော့၏။

(၉)နာရီထိုးသောအခါ သင့်တင့်လျောက်ပတ်သောအချိန် ဖြစ်တန်ကောင်းပါရဲ့ဟု တွေး၍ လက်မှတ်ကောင်တာထံသို့တစ်ကြော့ပြန် ထွက်ခဲ့ကြ၏။ ဤတစ်ခါတွင်တော့ ထိုင်ခုံနံပါတ်ကို လျောလျောရှုရှုရသဖြင့် အသက်ရှုချောင်ကာ နံရံပေါ်တွင် ကပ်ထားသည့် ဒစ်ဂျစ်တယ်(လ်) လမ်းညွှန်စက်များ၏အကူအညီဖြင့် ကိုလံဘိုသို့ (၁၀) နာရီတွင် ထွက်မည့်လေယာဉ်ရပ်နားရာ အပေါက်နံပါတ်(၁၇)သို့ သုတ်ခြေတင်ခဲ့ကြလေသည်။ ကျွှန်ုပ်တို့ရောက်သွားသောအခါ ခရီးသည်ခပ်ကျဲကျဲကိုသာ ပိတ်ထားသောအပေါက် (၁၇) အနီးရှိ ထိုင်ခုံများတွင် ထိုင်နေသည်ကိုတွေ့ရလေသည်။ ထို့နောက်တွင် အချိန်နှင့်အမျှ တဖွားဖွားရောက်ရှိလာသော ခရီးသည်များဖြင့် အပေါက် (၁၇) အနီးတွင် ကြိတ်ကြိတ်တိုး၍နေလေတော့၏။ အချိန်ကျသောအခါ တာဝန်ရှိသူများရောက်ရှိလာပြီး အပေါက် (၁၇) ကိုဖွင့်လိုက်သည်တွင် ခရီးသည်များမှာ အုတ်အုတ်ကြွကြွနှင့် ရွရွတတဖြစ်နေကြလေပြီ။ လေယာဉ်ပေါ်တက်မည့်ခရီးသည်များဖရိုဖရဲမဖြစ်စေရန် ၀န်ထမ်းများက လက်မှတ်အစဉ်အတိုင်းခေါ်၍ တစ်ယောက်ချင်းစီကိုသာလျှင် အပေါက်မှတဆင့် လေယာဉ်ပေါ်သို့တက်ခွင့်ပြုလေသည်။ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည့်အလျောက် ရဟန်းတော်များမှာ ဦးစားပေးနေရာရသဖြင့် ကျွှန်ုပ်တို့မှာ လက်မှတ်အစဉ်အတိုင်း စောင်းဆိုင်းနေစရာမလိုပဲ ဦးစွာပထမ ၀င်ခွင့်ရလေ၏။

လေယာဉ်ပေါ်ရောက်လျှင်ရောက်ခြင်း ဣနြေ္ဒရရ ထိုင်မိရက်သားဖြစ်နေစေရန် နောက်ကလူပုဂ္ဂိုလ်များရောက်မလာသေးခင် ထိုင်ခုံကို အမြန်ရှာ၏။ ဣနြေ္ဒမဖက် ပြာယာခတ်လျှက် ထိုင်ခုံရှာနေသော ကျွှန်ုပ်၏အဖြစ်ကိုရိပ်စားမိသော လေယာဉ်မယ်လေးတစ်ဦးက မိမိ၏ထိုင်ခုံလက်မှတ်ကိုကြည့်၍ မိမိထိုင်ရမည့်နေရာကို ညွှန်ပြလေသည်။ ထိုအခါတွင်မှ ကျွှန်ုပ်မှာ ဣနြေ္ဒရရနှင့် အထာကျလေတော့၏။ ပြူတင်းဘေး ထိုင်ခုံတွင်နေရာရသောကြောင့် ရှုခင်းများကို ကြည့်ရပေဦးမည်ဟု မဲတင်းထားသော်လည်း ညဖြစ်သောကြောင့် ဘမျှမမြင်ရ။ ကမ္ဘာ့မြေပြင်ကြီးတစ်ခုလုံးသည် အမှောင်အတိကျလျှက်ရှိသည်။ သို့နှင့် စိတ်ပျက်ပျက်ဖြင့် မိမိရှေ့တွင်ရှိသော လေယာဉ်ပိုင်စာအုပ်တစ်အုပ်ကို လှန်လှောကြည့်ရှုနေမိ၏။ ခဏအကြာတွင် လေယာဉ်မယ်များမှ ခရီးသည်များအား ညနေစာထမင်းဘူးများဝေငှနေသည်ကိုတွေ့ရ၏။ ထို့အပြင် ယမကာမျိုးစုံတင်ထားသော တွန်းလှည်းလေးကို တွန်းလျှက် လူကြီးမင်းများကြိုက်နှစ်သက်ရာ ယမကာများကို ငဲ့ပေးနေသည်ကိုလည်းတွေ့ရ၏။ အလိုက်သိသောလေယာဉ်မယ်များက ကျွှန်ုပ်တို့ရဟန်းတော်များထံသို့မည်သည့်အရာမျှ ယူဆောင်မလာ။ ကျွှန်ုပ်တို့ကလည်းဆာလောင်မွတ်သိပ်ခြင်း မရှိသောကြောင့် လူကြီးမင်းများကြားတွင် လွန်စွာဣနြေ္ဒရကာ ကိုယ့်ကိုယ်ကိုပင် ကြည်ညိုမိတော့၏။ ထမင်းဘူးဝေငှခြင်း၊ ယမကာငှဲ့ပေးခြင်းများ ပြီးဆုံး၍ အားလုံးရှင်းလင်းငြိမ်သက်သွားသော အချိန်တွင်မှ လေယာဉ်မယ်တစ်ဦးကကျွှန်ုပ်ထံလာ၍ (အချိုရည်စသော ဂိလာမ်ဘတ်ကို ရည်ညွှန်းကာ) မည်သည့်အရာများသုံးဆောင်ချင်ပါသလဲဘုရား ဟုလျောက်လေ၏။ ကျွှနု်ပ်လည်း ရေချမ်းချမ်းတစ်ခွက် သောက်လိုသောဆန္ဒရှိသဖြင့် ‘cool drink’ ဟူ၍ ဆန္ဒပြုလိုက်သောအခါတွင် လေယာဉ်မယ်လေးမှာ မျက်နှာပျက်လျှက် ရှက်ကိုးရှက်ကန်းဖြစ်သွားလေသည်။ ဤသည်ကို ရိပ်စားမိသောကျွှန်ုပ်လည်း မိမိစကားကို ပြန်လည်သုံးသပ်ကြည့်လိုက်သောအခါတွင် ‘cool drink’ ဆိုသည်မှာ ယမကာတစ်ခုခုကို ရည်ညွှန်းကြောင်းတွေ့ရလေ၏။ သူ ရှက်ကိုးရှက်ကန်းဖြစ်သွားသလို ကျွှန်ုပ်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွား၏။ ဤသည်ကို ရိပ်စားမိဟန်တူသော အနှီလေယာဉ်မယ်လေးက (‘you mean cold water?’) `ရေအေးကို ဆိုလိုတာလားဘုရား` ဟု လျှောက်တင်လိုက်မှ ကျွှန်ုပ်လည်း ရှက်လုံးကိုချကာ ခပ်ပြုံးပြုံးဖြင့် ‘yes’ ဟု ပြက်တက်တက် ထောက်ခံလိုက်ရလေတော့သည်။ ဟင်း… လူကြားသူကြားတွင် ခမ်းကြီးခမ်းနားဖြင့် နေထိုင်ရသည်မှာ အလွန်တရာစိတ်မွန်းကြပ်၍ မသက်သာလှဘိတောင်း ဟု တွေးလျှက် သက်ပြင်းကိုမှုတ်ကာ ပြူတင်းပေါက်ဘေးရှိ အမှောင်ထုအတွင်းသို့ အမြင်အာရုံကိုကော စိတ်အာရုံကိုပါ လွင့်ထားလိုက်တော့၏။ အင်း… ငြိမ်းချမ်းလှဘိတောင်း။

မှောင်နှင့်မဲမဲထဲတွင် ငြိမ်းချမ်းစွာတည်ရှိနေသည့် ကျွှန်ုပ်၏စိတ်အစဉ်ကိုဖျက်စီးမည့် မြင်ကွင်းတစ်ခု ကျွှန်ုပ်မျက်စိအာရုံထဲတွင် အရောင်စူးရဲစွာဖြင့် ထင်လာလေသည်။ ထိုအရာမှာ မြစ်တစ်စင်းဖြစ်လေသည်။ ညအမှောင်ထဲတွင် ထင်ထင်ရှားရှားမြင်ရလောက်အောင် ဤမြစ်ကြီးအတွင်းစီးဆင်းနေသောရေများမှာ အနုမြူရေများပင်ဖြစ်ရပေမည်ဟု မင်းသိင်္ခ၏ ဇာတ်ကောင်စတိုင်ဖြင့် စဉ်းစားဆင်ခြင်လိုက်မိသေး၏။ သဘာဝတရားတို့သည် ဆန်းကြယ်လှပေသည်ဟု တွေးကာ အဆိုပါအနုမြူမြစ်ကြီးကို ဥပေက္ခာပြု၍ စောစောက ဖတ်လက်စ စာအုပ်ကလေးကို ဆက်ဖတ်နေလိုက်၏။ နာရီဝက်ခန့်ဖတ်မိလျှင် ငြီးငွေ့လာသောကြောင့် ရှိသမျှအာရုံတို့ကို စာရွက်ပေါ်မှဖယ်၍ အမှောင်ထုကြီးထံတွင် နောက်ထက်တဖန် အပ်နှံထားလိုက်ပြန်သည်။ ခဏတဖြုတ်အတွင်း၌ပင် ကျွှန်ုပ်စိတ်များမှာ အင်တင်တင်နှင့် ဇဝေဇ၀ါဖြစ်နေမိပြန်တော့သည်။ အဘယ့်ကြောင့်ဆိုသော် လွန်ခဲ့သောနာရီဝက်ခန့်ကတွေ့ခဲ့သော မြစ်ကြီးမှာ နေရာမရွေ့သေးဘဲ ပုံစံတကျဆက်လက် တည်ရှိနေသေးသောကြောင့်ဖြစ်သည်။ သဘာဝတရား၏ ဆန်းကြယ်ခြင်းကို ကျွှန်ုပ်လက်ခံသော်လည်း သဘာဝကျကျ ဆန်းကြယ်ပါမှ သင့်လျော်လျောက်ပတ်ပေမည် ဟုတစ်ဖက်တစ်လမ်းမှ ခံယူမိသေး၏။ ထို့ကြောင့်ကျွှန်ုပ်လည်း မနေသာတော့ဘဲ သေချာသဲကွဲအောင် စုံစမ်းပါမှတော်ပေမည်ဟု ဆုံးဖြတ်ချက်ချလိုက်၏။ သို့နှင့် လေယာဉ်ပြူတင်းမှန်အနားသို့ နီးနိုင်သမျှအနီးဆုံးကပ်၍ကြည့်သည်တွင် လေယာဉ်ကိုယ်ထည်နှင့်ကပ်လျှက်ရှိသည့် အထက်ဖော်ပြပါမြစ်ကြီးနှင့် တစ်ဆက်တည်း နေရာတွင် လေယာဉ်ပန်ကာအိမ်ကြီးကို တွေ့လိုက်ရ၏။ ထိုအခါတွင်မှ ကျွှန်ုပ် မြစ်ဟုထင်ထားခဲ့သော အဖြူရောင်ရှည်မျောမျော အရာဝတ္ထုကြီးသည် လေယာဉ် တောင်ပံဖြစ်သည်ကို သိခဲ့ရလေသည်။ ကိုယ့်ကိုယ်ကိုလည်းမအံ့သြမိ၊ သဘာဝတရားကိုလည်း မအံ့သြမိ၊ အရှိတရားကိုလည်းမအံ့သြမိတော့။ ထိုတရားနှစ်ပါးနှင့်ကျွှန်ုပ် ခဏတဖြုတ်အထင်အမြင်လွဲမှားကြ၍ ညင်သာစွာပဋိပက္ခဖြစ်ပွားနေသည်ကိုကြည့်ကာ အံ့သြမိ သောပုဂ္ဂိုလ်များတော့ ရှိကောင်းရှိပေမည်။

သို့နှင့် ညတစ်နာရီမတိုင်မီ ကိုလံဘိုလေဆိပ်သို့ရောက်ခါနီးတွင် လေယာဉ်ဝန်ထမ်းများက အိပ်ပျော်နေသောခရီးသည်များကိုနှိုး၍ လေဆိပ်သို့ လေယာဉ်ဆိုက်ကပ်ပါတော့မည့်အကြောင်းကို သတိပေးကာ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရေးသွင်းရန်စာရွက်ကလေးတစ်ရွက်ကို ပေးလေသည်။ တစ်နာရီထိုးသဖြင့် လေဆိပ်သို့အရောက်တွင် လေဆိပ်အတွင်းရှိ လူဝင်မှုကြီးကြပ်ရေး ဌာနသို့ဝင်ကာ စောစောကဖြည့်ခဲ့သောစာရွက်ကလေးနှင့် ပက်(စ်)ပို့ကို ဆိုင်ရာတာဝန်ရှိသူကိုပေး၍ အ၀င်တံဆိပ်တုံးကို ယူခဲ့ရသေး၏။ မပြီးပြတ်နိုင်တော့သော စိတ်ပျက်ဖွယ်ရာ ရုံးကိစ္စများပေတည်း။ ထို့နောက် ဟန်းကယ်ရီခေါ်လက်ကိုင်အိတ် ကလေးကိုဆွဲ၍ လက်ကေ့(ခ်ျ) ခေါ် ခရီးဆောင်အိတ်ကြီးကိုယူရန် ၄င်းလက်ကေ့(ခ်ျ) ကြီးများထားရာနေရာသို့ နှစ်ယောက်သားမေးမြန်း၍ သွားကြလေသည်။ ကျွှန်ုပ်၏လက်ကေ့(ခ်ျ) ကလေးမှာ ကျိုးကြေနေသဖြင့် သက်တောင့်သက်သာဆွဲသွား၍ မရတော့၊ ဤလက်ကေ့(ခ်ျ)ကြီးကို ချီမ၍သယ်ယူရန်မှာလည်း မဖြစ်နိုင်။ သို့နှင့် ဘီးလုံးနှစ်လုံးခန့်ကောင်းသေးသဖြင့် ကိုယ်ကိုညွတ်ကာ လက်ကိုင်ကွင်းမှဆွဲ၍သွားရလေ၏။ ထန်းသီးရွဲ့များကို တုတ်တိုတိုနှင့် လှိမ့်ကစားနေသော ငယ်စဉ်ကအဖြစ်အပျက်ကိုပင် သတိရမိတော့၏။ နောက်မှ လေဆိပ်ဝန်ထမ်းတစ်ဦး၏အကူအညီဖြင့် တွန်းလှည်းတစ်စင်းကိုရကာ သက်တောင့်သက်သာ သယ်သွားနိုင်တော့သည်။ နိုင်ငံခြားသားများထွက်ရန်ဟု ရေးထားသောအပေါက်အတွင်းသို့ ၀င်၍ ငါမိနစ်ခန့်ခရီးပေါက်လျှင် မိမိတို့အားစောင့်ကြိုနေသော ဦသုဇယနှင့် ဦးသာသနဦးဆောင်သည့် မြန်မာရဟန်းတော်ငါးပါးခန့်ကို တွေ့ရသဖြင့် အလွန်ပင် အားတက်ပျော်ရွှင်မိလေသည်။ ထို့နောက် ဦးသုဇယထံမှ ´ကဲသီဟိုဠ်တော့ရောက်ပြီ ဒုက္ခတော့ခံကြဦးပေါ့ကွာ` ဟူသော အားတက်ဖွယ်နုတ်ခွန်းဆက်စကားကို ကြားရလေသည်။ သို့တိုင် ထိုစကားလုံးများသည် သီဟိုဠ်ရောက်သဖြင့် ကြည်လင်ပျော်ရွှင်နေသော ကျွှန်ုပ်၏စိတ်အစဉ်ကို လွမ်းမိုးခြင်းငှာ မစွမ်းနိုင်ပါချေ။

လေဆိပ်နှင့် မကုဋရာမခေါ် မြန်မာကျောင်းမှာ (၄၅) မိနစ်ခန့် ကွာဝေး၏။ ကားပေါ်တွင် ဦးသုဇယ၏ သီဟိုရောက်ဘ၀တက္ကသိုလ် သြ၀ါဒကိုကြားနာရသဖြင့် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များကို မှတ်သားခဲ့ရသေး၏။ မနက်ဘက် နှစ်နာရီမတ်တင်းခန့်တွင် မြန်မာကျောင်းတော်ကြီးသို့ ရောက်၏။ ကျွှန်ုပ်တို့ကို နေရာချထားပြီး၍ ဦးသုဇယတို့လည်း မြန်မာကျောင်းမှ (၁၅) မိနစ်ခန့်ဝေးသော မိမိတို့သီတင်းသုံးရာ နာလန္ဒာရာမယခေါ် ကုလားကျောင်းသို့ပြန်သွားကြလေ၏။ အားကိုးရာမရှိတော့ဟူသော အတွေးဖြင့် စိတ်ထဲတွင် ဟာ၍ကျန်ခဲ့၏။ မြန်မာပြည်သို့ ချက်ချင်းထပြန်ချင်စိတ်ပင် ပေါက်မိတော့၏။ ထို့အခါတွင်မှ သိပ္ပံမောင်ဝ၏ မြန်မာပြည်သို့ လွမ်းဆွတ်တသ သတိရစိတ်များကို ကိုယ်ချင်းစာနိုင်တော့လေသည်။ နောက်တစ်နေ့နံနက်တွင် သီရိလင်္ကာနိုင်ငံသို့ ၀င်ဝင်ခြင်းရရှိသည့် တစ်လဗီဇာကို တစ်နှစ်ဗီဇာသို့တိုးရန် အစိုးရရုံးများကို သွားရပြန်သေး၏။ ရုံး (၄) ခုသို့ နှစ်ရက်ခန့်သွားအပြီးတွင် ဗီဇာသက်တမ်းတိုးခြင်းကိစ္စ နိဋ္ဌိတံလေသည်။ တက္ကသိုလ်တက်ရန်အတွက် နောက်ထပ်နဋ္ဌိတံစရာ ကိစ္စများကျန်ပေသေးသည်ဟုတွေး၍ စိတ်လေးမိပြန်လေသည်။ ဘ၀မပြတ်သေးသ၍ အဆုံးသတ်စရာများကျန်နေဦးမည်မှာ ဓမ္မတာပင်ဖြစ်လေသည် ဟူ၍သာ မိမိစိတ်ကိုမိမိ ချွှေးသိပ်ထားရ၏။

အသစ်ရောက်ရှိသော ကျောင်းသားများအနေဖြင့် မြန်မာကျောင်းတွင် ယေဘုယျအားဖြင့် အနည်းဆုံးနှစ်လခန့်နေခွင့်ရ၍ ထိုနှစ်လအတွင်း အမြဲနေထိုင်မည့် ဒေသခံကုလားကျောင်းတစ်ကျောင်းကိုရှာရလေသည်။ တချို့ကုလားကျောင်းများမှာ စည်းကမ်းတင်းကျပ်၏။ တချို့ကျောင်းများမှာ လွတ်လပ်၏။ မချောင်မကျပ် အလယ်အလတ်သော ကျောင်းများလည်းရှိ၏။ မည်သည့်ကျောင်းသားသစ်မဆို အစပထမ နေထိုင်ရေးတွင် သိပ်အခက်အခဲမရှိလှသော်လည်း စားသောက်ရေးတွင်မူ အခက်အခဲများကိုတွေ့ရလေသည်။ ဟုတ်ပေ၏၊ သီဟိုဠ်ရိုးရာအစားအစာများသည် မြန်မာအစားအစာများနှင့် အလွန်ကွာခြားလေ၏။ သို့သော်သီဟိုဠ်ရိုးရာအစားအစာများမှာ ဆီ၊ဟင်းချိုမှုန့် စသည်တို့ကို အလွန်အသုံးနည်း သောကြောင့် ကျန်မာရေးနှင့် ညီညွတ်လေသည်။ ကျန်းမာရေးစာများသည် မြန်မာ့လျာနှင့် သဟဇာတမဖြစ်သည်မှာ သိပ်မဆန်းလှပေ။ သိပ္ပံမောင်ဝတို့ အင်္ဂလန်တွင် ပညာသင်စဉ်က ငပိကိုတောင့်တသကဲ့သို့ ကျွှန်ုပ်တို့လည်း ငပိကို တောင့်တမိပေသည်။ တခါတရံ မြန်မာပြည်မှ ပို့လိုက်သောငပိပုန်းကို သူငယ်ချင်းတစ်စု ပေါင်မုန့်နှင့် ညှပ်၍ (၃) ရက်အတွင်းကုန်စင်အောင် မြိန်မြိန်ရှက်ရှက် စားကြသည်ကို ထောက်ခြင်းအားဖြင့် သိပ္ပံမောင်ဝတို့ကဲ့သို့သော အင်္ဂလန်ပြည်သွား မြန်မာစာသင်သားတို့မှာ ကျွှန်ုပ်တို့ထက်ပင် အစားအသောက်ဆင်းရဲရှာသည် ဟုတွေးမိ၏။ ယခုအခါတွင်တော့ မြန်မာအစားအစာများနှင့် များစွာမခြားနားသောအစားအသောက်များ ရှိသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း စားသောက်ဆိုင်များ အောက်(စ်) ဖို့ဒ်တွင် တည်ရှိသောကြောင့် ထိုခေတ်ကလောက် အစားအသောက်ဆင်းရဲတော့မည်မထင်။ လန်ဒန်မြို့ စိန့်ဂျွန်ဝု(ဒ်)တွင် Mandalay Burmese Restaurant ဟူသော စားသောက်ဆိုင်ကိုပင်တွေ့ရှိနိုင်လေသည်။ ယခုခေတ် သီဟိုဠ်ပြည်တွင်လည်း မရနိုင်သောအစားအစာများမှာ မရှိ သလောက်ပင် ရှားပါးလေ၏။ သို့သော် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့် အလျောက် ဒကာ၊ ဒကာမများမှာ ရဟန်းသံဃာတော်များကို ကြည်ညိုလေးစားလှသောကြောင့် ရဟန်းတစ်ပါးအနေဖြင့် အစားအသောက်မျိုးစုံရနိုင်သော စားသောက်ဆိုင်များ၊ ဖု(ဒ်)စီးတီးများတွင် သွားရောက်ဝယ်ယူစားသောက်ရန်မှာ လွန်စွာမသင့်လျော်သော အခြေအနေတွင်ရှိလေ၏။ ထို့ကြောင့် မိမိတို့ရှိသမျှဖြင့် ရောင့်ရဲတင်းတိမ်လျှက် အသွားအလာအနေအထိုင်ကို တက်နိုင်သမျှထိမ်းသိမ်း၍ သီဟိုဠ်ပညာသင်ခရီးလမ်းကို လျှောက်လှမ်းကြရမည်မှာ အားလုံးသော သီဟိုဠ်ရောက် စာသင်သား ရဟန်းတော်များ၏တာဝန်ပင်ဖြစ်ပေသည်။

ဤသည်တို့မှာ သီဟိုဠ်ပြည် ပညာတော်သင် မြန်မာတက္ကသိုလ်ကျောင်းသား ရဟန်းတော်များအတွက် ရှေးဦးမစွ တွေ့ကြုံဖြတ်ကျော်ရမည့် သွားရေးလာရေး၊ နေထိုင်ရေးနှင့် စားသောက်ရေးအခက်အခဲ တချို့ဖြစ်ပေသည်။

ဆက်ဖတ်မယ်

Monday, May 11, 2009

သားတစ်ကောင်ရဲ့ခွန်အား


အနှစ်အသားဗလာ ပါးလွှာလွှာလေးပါပဲ
ဒါပေမယ့်…
ကြိုးမွှာပေါင်း မြောက်များစွာနဲ့
ခိုင်ခန့်ရှုပ်ထွေးစွာ ယက်လုပ်ထားတယ်
ဒါ့ကြောင့်… ငါ့မှာ…
ကျော်လွှားလွန်မြောက် ထိုးဖောက်ဖို့
စွမ်းလောက်စရာခွန်အား မရှိခဲ့သေးဘူး
ဒီတော့…
အနှစ်အသား ထူထဲသိပ်သည်းတဲ့
ဖြစ်တည်မှု တစ်ခုကို
ငါဘယ်လို မေးခွန်းထုတ်ခံနိုင်တော့မှာလဲ
သြော်…
ငါဟာ ပိုးဖလံမျိုးပဲ
ငါဟာ ယင်တစ်ကောင်ထက်လည်း မပိုပါဘူး
ငါဟာ ဆားငန်ရေနောက်
တွေ့တိုင်းသောက်သူလို့လည်း ဆိုနိုင်တယ်
ငါဟာ အဆုံးအစမဲ့ စက်ဝိုင်းတစ်ခုပေါ်မှာ
အနှေးရော အမြန်ရော အသည်းအသန်ပါ
အပြန်အလှန် သွားနေသူလို့လည်း ပြောလို့ရတယ်
ငါဟာ အမေဇုန် တောနက်မည်းထဲက
အရောင်စုံသားရဲတစ်ကောင်ဆိုရင်လည်း မမှားဘူး
ပြီးတော့…
ငါဟာ အတ္တမုဆိုး ဖြစ်သလို
ဒုက္ခသားကောင်လည်း ဖြစ်တယ်။


မေတ္တာရေခွံခြုံပတ်ထားတဲ့ ရေပွက်လေးရေ
မင်းလို ဒုတိယမဟာသစ္စာကို
ငါဘယ်လို ကျော်လွှားရပါ့
ကူညီလမ်းပြ ကြပေမယ့်
နည်းလမ်းတွေလည်း ဆွံ့အကုန်ပြီ
ဒီတော့ ချိုရှရှ အကျိုးအပြစ်တွေကို
ငါဘယ်လို မြင်နိုင်တော့မှာလဲ။

အင်း…
ဥာဏ်စဉ်တွေ လွင့်ပါး
အာရုံတွေ ခြောက်ခြား
စိတ်တွေ ကစဥ့်ကလျားဖြစ်အောင်
ဆွဲကိုင် လှုပ်ကစားနိုင်တာ
မင်းရဲ့စွမ်းအားပဲရှိသေးတယ်။ ။

ဆက်ဖတ်မယ်

Saturday, May 9, 2009

မြတ်ဗုဒ္ဓသို့…


နှလုံးသားအာဟာရအတွက်
ဓမ္မဆေးကို တိုက်ကျွှေးတော်မူသော
အရှင်ဘုရားအား
ဝိသာခါနက္ခတ် ယှဉ်စပ်သော
ဤနေ့မြတ်၌
ရင်ထဲတွင် အစဉ်အမြဲဖြစ်ပေါ်နေသော
အသင်္ခါရိက သမာဆန္ဒတို့ဖြင့်
ရိုသေတုပ်ဝပ် ရှိခိုးအပ်ပါသည်ဘုရား

အရှင်ဟာ…
ကျွှန်ုပ်တို့ နှလုံးသားကို
နူးညံ့၊ဖြူစင်၊ရဲဝံ့စေတယ်
ချစ်ခြင်း၊မုန်းခြင်းဆိုတဲ့ စစ်ခင်းမှုကြားကို
တိုးဝင်ရှင်သန်စေတယ်
အမှန်တရားအတွက် ဆင်နွှဲရတဲ့
နှလုံးသားတိုက်ပွဲမှာ
ခွန်အားတွေကို တိုးပွားစေတယ်
သွေး၊ချွေးတို့ ကျရှုံးသည့်တိုင်
အောင်ပွဲကို ဆင်နိုင်စေတယ်
စိတ်ဓာတ်အားအင်တွေကုန်ခမ်း
မောဟိုက်ပင်ပမ်းတဲ့အခါ
ညှိုးနွမ်းအားငယ်နေတဲ့ နှလုံးသားအား
ညအမှောင်ပန်းကို လရောင်ဆမ်းသလို
ပွင့်လန်း မွေးပျံ့စေတယ်
အရှင်သည်
ကျွှန်ုပ်တို့အတွက် ဘ၀တန်ဆောင်
အလင်းရောင် ဖြစ်ပေသည်တကား။ ။


မျိုးချစ်သွေး

ဆက်ဖတ်မယ်

Thursday, May 7, 2009

Me and Ocean


I am in a solitary island
Besieged by the giant ocean
Threatened by her sound of moan

Blue water is around me in every side
Before, behind and left and right
One day, she gives me a piece of advices

“Life is like a book
Each day, a new page with
Adventures to experience,
Lessons to learn,
And good deeds to replicate,
Have a colorful page today
Keep smiling”.

Then I reply her that
"Life is full of ups and downs
Also my one may change then or now
But it relies on my rights and wrongs
Will you create my life to be high or ground?

I hope I will be as your pray
But it is really far away
Because I am, in this world, simply a lay
And I meet difficulties everyday
I try to change inferiority complex anyway
Into indomitable spirit what you say".


by Myochitthway

ဆက်ဖတ်မယ်

Monday, May 4, 2009

How to compose a poem


According to the Myanmar tradition the poem can be created only by the wise. But we don’t know to what extent of knowledge is called for to become a wise for a person. That means we cannot identify the specific norms or ideals of a wise person. So, in my humble opinion the wise person is nothing to do with composing a poem. Then anyone is allowed to load a poem regardless of his intelligence level. Until the needlessness of becoming a wisdom holder to load a poem, some ideals are still necessary to do the like. These ideals are recommended for both of composing English and Myanmar poem. Those are…

1. You have to know the synonym of a word (in English or Myanmar)
2. A verse should be cohesive and rhythmic.
3. If a verse is appeared to be profundity cohesive and rhythmic entities are not necessary. (Especially in Modern poem)
4. Last but not the least is to install a mood in your heart.
If you have the above mentioned qualities it won’t be the hard work for you to load a poem and it make sure your magnum opus of poem is able to shoot the heart of the others.

ဆက်ဖတ်မယ်

Sunday, May 3, 2009

ဧရာဝတီမှ နာဂစ်သို့

အဲဒီနေ့ကပေါ့…
နာဂစ်က ငါချစ်တဲ့သူတွေကို
ဆင်ရိုင်းတစ်ကောင်ရဲ့ အဟုန်မျိုးနဲ့
ရက်ရက်စက်စက် တိုးဝင်နင်းသတ်ခဲ့တယ်
ဟိုမှာ… ကြည့်ပါဦး
အတုံးအရုံးနဲ့ ဆုံးရှုံးခဲ့တဲ့ အိုးအိမ်တွေ
ထိပ်ထိပ်ပြာပြာနဲ့ စိတ်စိတ်မွှာမွှာ
ကွဲနေတဲ့ ဆန်အိုးကြီးတွေ
ဖရိုဖရဲနဲ့သေပွဲဝင်နေတဲ့
ဝိညာဉ်မဲ့ခန္ဓာကိုယ်တွေ
ပြီးတော့…
အာရုံတွေဖောက်ပြားလို့
စိတ်တွေခြောက်ခြားနေတဲ့
ကျန်ရစ်သူတွေ


နု၊ရင့်၊ပျို၊အို စိုစိုပြေပြေရှိခဲ့ကြတဲ့သူတို့ဘဝ
နိုးနိုးကြားကြားနဲ့ ရိုးသားခဲ့ကြတဲ့သူတို့ဘဝ
ဤမျှအချိုးကျ သာယာလှတဲ့ သူတို့ကမ္ဘာကို
ဘယ်လိုရန်ငြိုးအမုန်းတွေကြောင့်
ပျက်သုဉ်းဆုံးရှုံးစေခဲ့တာလဲ

ရက်စက်မှုတွေ အားရကျေနပ်ခြင်းဆိုတဲ့
ပြဒါးတိုင်အမှတ်ရောက်တဲ့အခါ
သုဿန်တစပြင်ကြီးပေါ်မှာ
လေနုထွေးထွေးလေးကိုဝှေ့ယမ်း
မိုးစက်အေးအေးလေးကိုပက်ဖြန်းလို့
အယောင်ဆောင်ကရုဏာ အနမ်းတွေကို
သွေးအေးအေးနဲ့ ပေးခဲ့သေးရဲ့
နာဂစ်ရေ…
မင်းကတော့ ညိုမဲမဲသိန်းငှက်တစ်ကောင်လို
ခပ်ယဲ့ယဲ့သစ်ကိုင်းလေးပေါ်မှာတတ်နား
မင်းပြန်သွားတဲ့အခါ သစ်ကိုင်းလေးခမျာ
ယိမ်းထိုးလှုပ်ခတ် ဘ၀ကိုပျက်လို့။ ။

ဆက်ဖတ်မယ်

Saturday, May 2, 2009

The Stairway


ကျွှန်ုပ်၏ ဘ၀ခံစားချက်အခြေပြု အင်္ဂလိပ်ကဗျာလေးပါ။ ရိုးရှင်းပြီး ကာရန်မိတဲ့အတွက် သဘောတွေ့မယ်ထင်ပါတယ်။

When I was a little child
Other took me out of line.
Nobody treated me sincerely
It tortured my heart severely.
When I am becoming the age
I summon my courage to be brave.

Among the forest of the tiger
I am performing as if a deer.
But I am always not a pity cat,
Avoid playing and pat with leg.
Sometime, I will act like a slave,
Don’t be pleasant with being crave.


Sacrificing is an act of noble
Such thing seldom be found in global
I am a stairway for your aim
Just step on and try to gain
I know the end already
It may be for you a comedy

Patronizing pervade among the people
That is a mere nature of the real
It may be for you a great poison
That is simply my deep caution
But, dog-flea can’t make the dust arise
Although he jump spending his all might

I build my life with tolerance
That is not a kind of pleasant
Just as effected pill, it is rather bitter
It may come out a sweet fruit later
He who has a sensible mind
To the other, he shows his kind

If you are a considerate man
I will try to be that sort of one
My memory does not go far
To pay back my great favor
If you are a man of moral
You’ll have the life of noble.

ဆက်ဖတ်မယ်

Wednesday, April 29, 2009

မျိုးချစ်သွေး

ဟုတ်တယ်
ဇာမရီတစ်ကောင်ရဲ့
ညိုရွှေရောင်သွေးတစ်စက်ဟာ
ငါပေါ့
ဘာမထီပေမယ့်
သာကီမျိုးတော့ မဟုတ်ဘူး။


သွေးစက်တို့ရဲ့
ရဲရဲနီလျှက် ကျစ်လျစ်စည်းကပ်ခြင်းကို
ခါးခါးသီးသီး ချစ်တယ်
လရောင်တို့ရဲ့
ရွှန်းလဲ့တောက်ပ အေးမြခြင်းကို
ပင်ပင်ပမ်းပမ်း မြတ်နိုးတယ်
ကမ္ဘာအိုရဲ့
မှိန်တိန်ဖျော့တော့ ခပ်လျော့လျော့သစ်လွင်ခြင်းကို
ရဲရဲဝံ့ဝံ့ ရှုးသွပ်တယ်။

အဖြူနဲ့အမည်း ထိပ်တိုက်နွှဲကြမယ့်
စစ်မြေပြင်ရဲ့ ငြိမ်းချမ်းရေးသခင်ဟာ
ဂျိုးဖြူငှက်တစ်ကောင်ပဲ
အို…… ကံကြမ္မာ
လရောင်ပေါ်ကို သွေးစက်တို့နဲ့ခြယ်မှုန်း
ကမ္ဘာအိုဆုံးသည့်တိုင်
ချစ်ခင်မြတ်နိုးရူးသွပ်ရခြင်း ဒဏ်ရာတွေကိုငဲ့
တစ်ဖက်လှည့်နဲ့ဖြစ်ဖြစ် ဒီဒုက္ခစစ်စစ်တွေကို
ဟန်ချက်ညီညီ ထမ်းချည်ခွင့်ပေးပါ။ ။

ဆက်ဖတ်မယ်

Tuesday, April 28, 2009

ဖန်ဆင်းရှင်

ဆွဲလှည့်ပစ်လိုက်စမ်းပါ အချစ်ရယ်*
မင်းလက်ချောင်းတွေရဲ့စွမ်းအင်ကို
ယုံတယ်
ကမ္ဘာမြေကြီး ရပ်တန့်တော့မယ်
ရော်ရွက်တွေရဲ့ခေါင်းလောင်းသံ
မချိုဘူး


ဟုတ်တယ်…..
အဲဒီမျက်စောင်းဟာ စနေဂြိုဟ်ပဲ
မာရ်နတ်ကိုဖိတ်စာမကမ်းလိုက်နဲ့
ညီညွှတ်ခြင်းရဲ့အခြားတစ်ဖက်မှာ
နယ်ခြားမျဉ်းပါးပါးတစ်ခု ရှိတယ်
သတိထား
ဝေးလွင့်ခြင်းကို သူပိုင်တယ်

မိုးစက်တွေ မြေပေါ်ခုန်ဆင်းကြ
ကျေးငှက်တွေ အော်ဟစ်မြူးလွင့်ကြ
မြက်ရိုင်းတွေ နှင်းရေချိုးနေကြ
လရောင်မယ်လေးတွေ
ပင်လယ်ရေ ငုံ့သောက်နေကြ
ခပ်မြင့်မြင့် တောင်းကုန်းကြီးတွေ
နေလုံးအထွက်အ၀င်ကိုထိုင်ကြည့်နေကြ
လှလိုက်တာ အချစ်ရယ်*
မသွားပါနဲ့
ကမ္ဘာကြီးကို သနားပါ
သူ့ခမျာ
မင်းအမိန့်တွေကိုစောင့်မျော်နေရဲ့။ ။
(သြဂတ်မင်းသိဟ်)

ဆက်ဖတ်မယ်

ဘ၀ကိုခံစားနားလည်၍ အောင်မြင်မှုကို ရယူခြင်း


ဘ၀တွင် ဘ၀ထက် အရေးကြီးသောအရာဟူ၍မရှိပါ။ ဘ၀သည်သာ ဘ၀၌အခရာ ဖြစ်၏။ ဘ၀သည် ထိုမျှအဓိကကျလျှင် ဘ၀ကို ကျွှန်ုပ်တို့ တန်ဖိုးထားမြတ်နိုးထိုက်သည် မဟုတ်ပါလော။ သို့ဆိုလျှင် ကျွှန်ုပ်တို့ မြတ်နိုးတန်ဖိုးထားသောဘ၀ အထက်တန်းကျဖို့ ဘ၀တတ်လမ်းအတွက် တမင်သက်သက်ဖြင့် သဘာဝကျစွာ ရှိနေရသော အခက်အခဲအတားအဆီးဟူသမျှကို ကျော်လွှားနိုင်ရန် ကျွှန်ုပ်တို့ ကြိုးစားရပေမည်။ အလွန်တရာ အရေးကြီးလှပါသည်ဆိုသော ကျွှန်ုပ်တို့၏ဘ၀ အဆင့်အတန်းမြင့်မားစေရန် ကျွှန်ုပ်တို့ဘ၀ကို ကျွှန်ုပ်တို့ကိုယ်တိုင် ယထာဘူတကျကျ ခံစားနားလည်တတ်ဖို့မှာလည်း ဘ၀တမျှအရေးကြီးလှ ပြန်ပါသည်။ ဘ၀ကို လက်တွေ့ကျကျ ခံစားနားလည်သည်ဆိုရာ၌ ဘ၀ကို မခံစားတတ်သေးလျှင် ဘ၀ကို နားလည်နိုင်ဦးမည် မဟုတ်ပါ။ ထို့အတူ ဘ၀ကိုနားမလည်သေးလျှင်လည်း ဘ၀ကို ခံစားနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့်ခွဲခြား၍မရစကောင်းသော ခံစားနားလည်ခြင်းများဖြင့်သာ ဘ၀၏အခက်အခဲ အကြပ်အတည်း၊ အချိုးအကွေ့ အတတ်အဆင်း ဟူသော လောကဓံတို့ကို ကြံ့ကြံ့ခံကျော်လွှား၍ ဘ၀အဆင့်ကို မြှင့်သင့်ပေ၏။

သို့ဆိုလျှင် ဘ၀ကိုမည်သည့်အရာတို့ဖြင့်ခံစား နားလည်နိုင်ပါမည်နည်း။ ထိုသို့ မေးခဲ့သည်ရှိသော် အကျွှန်ုပ်ကျေနပ် နားလည်ထားသည့်အတိုင်း ဖြေနိုင်စရာရှိသည်မှာ သဒ္ဓါဖြင့်ခံစား၍ ပညာဖြင့် နားလည်ပါဟူ၍ ဖြစ်သည်။ ထို သဒ္ဓါ ပညာဟူသော တရားနှစ်ပါးသည်လည်း ခံစားခြင်းနှင့် နားလည်ခြင်းကဲ့သို့ ခွဲခြား၍ မရစကောင်းပေ။ သဒ္ဓါတရားရှိသူတို့အတွက် ဘ၀ပန်းတိုင်သို့သွားရာ လမ်းကြောင်းရှိ အတားအဆီးဟူသော တံခါးကြီးကို ငါဖွင့်ပေးထားတော်မူပြီဟု ဟုဗုဒ္ဓရှင်တော် မြွှက်ဖော်ခဲ့၏။ တဖန် ဘ၀တွင် ပညာသည်အမြတ်ဆုံးဖြစ်သည်ဟု မိန့်ဆိုပြန်သေးသည်။ ထို့ကြောင့် ဘ၀ကို ခံစားနားလည်ဖို့ သဒ္ဓါနှင့်ပညာကို ပေါင်းစပ်မှ ဖြစ်ပေတော့မည်။ မှန်၏၊ သဒ္ဓါတရားချည်းသက်သက်ဖြင့် ဘ၀ကိုခံစားရာ၌ မိမိသည်ခံစားလွယ်သူဖြစ်လျှင် လူမသမာ ပညာရှိတို့၏ ချိုသာသောလှိမ့်လုံးများကြားတွင် ယစ်မူးမျောလွင့် နေပေလိမ့်မည်။ မိမိ၏ခံစားတတ်သော သဒ္ဓါနှလုံးသားကို အသုံးချမခံရစေရန် စဉ်းစားတတ်သော ပညာဦးနှောက်ဖြင့် ထိမ်းချုပ်ရပေလိမ့်မည်။ ထို့ကြောင့်သဒ္ဓါတစ်ခုတည်းကို လွှတ်ထား၍မဖြစ်ပေ။ ထိုမှတဖန် အရာရာတိုင်းကို တွေးတောဆင်ခြင် နေပြန်လျှင်လည်း ဦးခေါင်းထူ၍ ဆံပင်သာဖြူသွားမည် ဘ၀၏ အလှတရားကို ခံစားနိုင်မည် မဟုတ်ချေ။ ထို့ကြောင့်ဗုဒ္ဓက ငါအသိအမှတ်ပြုထားသောဘ၀ပန်းတိုင်ကို စဉ်းစားတွေးတောနေရုံမျှဖြင့် မရောက်နိုင်ဟု မိန့်ဆိုတော်မူ၏။ မှန်၏၊ လိုလျှင်ကြံဆ နည်းလမ်းရဟူသော အဆိုတစ်ခု မြန်မာစကားပုံတွင်ရှိ၏။ “where there is a will there is a way” ဟူသော အင်္ဂလိပ်စကားပုံနှင့် သဘောချင်းကိုက်ညီ၏။ သို့အတွက်ကြောင့် ဘ၀ပန်းတိုင်ကိုအလိုရှိလျှင် ကြံဆတွေးတောနေရုံမျှဖြင့် မရနိုင်ပေ။ ကြံဆတွေးတော၍ရရှိလာသော လမ်းကြာင်းပေါ်တွင် ကိုယ်တိုင်ကိုယ်ကျဆင်းလျှောက်ပါမှ ဘ၀ပန်းတိုင်ကို လှမ်းကိုင်နိုင်မည် ဖြစ်သည်။ သို့တိုင် မိမိရှေ့မှပညာရှင်များ ခင်းပေးထားသောလမ်းကြောင်း သို့မဟုတ် မိမိကိုယ်တိုင်ခင်းထားသော လမ်းကြောင်းပေါ်လျှောက်လှမ်းရာတွင် ယုံကြည်မှုဟူသောသဒ္ဓါတရား ကင်းမဲ့၍ မချင့်မရဲဖြစ်နေလျှင် သို့မဟုတ် သံသယဟူသောအမိုက်တိုက်များ ရှိနေသေးလျှင် သာယာကြည်နူးဖွယ်မရှိသောဘ၀ခရီးလမ်းကို လျှောက်လှမ်းနေသည်နှင့် တူသောကြောင့် ပန်းတိုင်သို့ရောက်ဖို့အရေး နှောင့်နှေးနေမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုကြောင့်ခံစားတတ်သော သဒ္ဓါသည် စဉ်စားတွေးတောတတ်သော ဉာဏ်ပညာနှင့် အစဉ်အမြဲ ပူးတွဲပါဝင်နေသင့်ပေသည်။

ဤနေရာတွင် ပညာကိုအဘယ့်ကြောင့် ခံစားခြင်းစာရင်း၌ မသွင်းဘဲ သဒ္ဓါကိုသာ သွင်းထားရပါသနည်းဟု မေးစရာရှိ၏။ ရှင်းအံ့၊ ပညာသည် လေးနက်တည်ကြည်ခြင်း၊ တည်ငြိမ်ရင့်ကျက်ခြင်းသဘော ရှိ၏။ အရာရာကို အလွယ်တကူဖြင့် ခံစားတတ်သော သဘောမရှိခြေ။ အတော်အတန် ၀မ်းမြောက်ဖွယ်ရာ ကိစ္စရပ်များနှင့်ကြုံတွေ့လျှင်ပင် အသည်းလှိုက် အူလှိုက်ဖြစ်၍မနေတတ်။ ထို့အတူ ၀မ်းနည်းစိတ်ပျက်ဖွယ်ရာများနှင့် တွေ့ကြုံလျှင်လည်း တုန်လှုပ်ခြောက်ခြားတတ်သော သဘောမရှိချေ။ ထို့ကြောင့် အဘိဓမ္မာသဘောအရ ပညာသည် ဥပေက္ခာနှင့် ယှဉ်စပ်၍နေရလေသည်။ ဤသို့ ပျော်ရွှင်ဖွယ်ရာ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တို့ကို တွေ့ကြုံနေရပါလျှက် မတုန်လှုပ်တတ်သောသူကို ဗုဒ္ဓက ပညာရှိဟူ၍ ချီးမွှမ်းတော်မူ၏။

အထက်ပါအကြောင်းအချက်များကို ထောက်တွက်ကြည့်လျှင် တည်ငြိမ်ရင့်ကျက်သော ပညာနှင့် ခံစားတတ်သောသဒ္ဓါတို့သည် ထိပ်တိုက်ဆန့်ကျင်နေသယောင်ရှိ၏။ ဤတွင် ခံစားတတ်သော သဒ္ဓါဟုဆိုရာ၌ အပြုသဘောသာပါသော ခံစားမှုဖြစ်သည်ကို သတိချပ်သင့်ပေသည်။ ဥပမာအားဖြင့် သင်သည် စစ်မှန်သောသဒ္ဓါတရားဖြင့် ဗုဒ္ဓဘုရားကို ယုံကြည်ကိုးကွယ်ဆည်းကပ်သည် ဆိုကြပါစို့၊ သင်၏စိတ်အစဉ်၌ ကြည်နူးဖွယ်ရာ ပီတိသောမနဿတို့ဖြင့် ရွှမ်းဝေနေမည်မှာ မလွဲပေ။ ထို့ကြောင့်သဒ္ဓါတရားစစ်စစ်တွင် ၀မ်းသာကြည်နူးမှုများကို ဆောင်ကြဉ်းပေးသော အပြုသဘောဆောင်သည့် ခံစားမှုများသာ ပါဝင်နေရပေ၏။ ဗုဒ္ဓသတ်မှတ်ထားသော ဘ၀၏ပန်းတိုင်သို့သွားရာ လမ်းတစ်လျှောက်တွင် မဖြစ်မနေဆောင်ထားရမည့် (၃၇)ပါးသော ဗောဒိပက္ခိယတရားတို့တွင် ၀မ်းသာကြည်နူးခြင်း ပီတိသည် တစ်ပါးအပါအ၀င်ဖြစ်သည်ကို ကျွှန်ုပ်တို့ သတိထားရ ပေမည်။ ဤဆိုအပ်ခဲ့ပြီးသော ဘ၀အတွက် ဗုဒ္ဓ၏လမ်းညွှန်ချက်သည် အသိဉာဏ်ရှိသော (ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မရည်ညွှန်းသော) လူသားထုတစ်ရပ်လုံးအဖို့ ခြုံငုံမိသော ဘုံလမ်းညွှန်ချက်ပင်ဖြစ်တော့၏။

သို့သော် လူသားတစ်ဦးချင်းစီ၏ ဘ၀သည် တစ်ခုနှင့် တစ်ခု တူညီမှုမရှိကြပါ။ ယေဘုယျအားဖြင့် တူညီသော ဘ၀ဇာတ်ကြောင်းများ ရှိပင်ရှိငြားသော်လည်း သေးစိတ်အချက်အလက်၊ တစ်ဦးချင်း၏ခံယူချက် နှင့် စိတ်နေမြတ်မမြတ် တို့သည် တူညီချင်မှ တူညီပေလိမ့်မည်။ ကံကြမ္မာဒါရိုက်တာ၏အောက်တွင် မင်းသားဘ၀ဖြစ်သည့်အခါဖြစ်၊ လူကြမ်းဘ၀ဖြစ်သည့်အခါဖြစ်၊ ဇာတ်ပို့ဘ၀ ရောက်သည့်အခါရောက်နှင့် တစ်ခါတစ်ရံ ဟာသမင်းသားများလည်း ဖြစ်တတ်ကြပေသည်။ မည်သူမဆိုနီးပါး ဇာတ်ဆောင်ဖြစ်အောင် မကြိုးစားချင် (သို့) မကြိုစားနိုင် သည့်တိုင် မင်းသားတော့ဖြစ်ချင်ကြသည်။ မင်းသားဖြစ်အောင် ကြိုးစားစေကာမူ ဒါရိုက်တာ၏အလိုကျ မိမိစရိုက်နှင့် အံဝင်ခွင်ကျသော အခန်းကဏ္ဍတွင်သာ ကြိတ်မှိတ်ပါဝင်နေကြရသည်များလည်း ရှိသည်။ သို့သော် ရှားပင်ရှားငြားသော်လည်း ကျရာနေရာ၊ ရရာဥစ္စာဖြင့် ကျေနပ်ပျော်ရွှင်စွာ ရောင့်ရဲတင်းတိမ်နိုင်သူများလည်း ရှိပေသေးသည်။ ထိုပုဂ္ဂိုလ်များသည် ဥပေက္ခာသမားများ ဖြစ်ကြသော်လည်း ဗုဒ္ဓအလိုအရ အထွဋ်အထိပ် ရောက်သူများမဟုတ်ကြပါ။ အဘယ့်ကြောင့်နည်း၊ လူ့လောက လူ့ဘ၀တွင် လူလေးမျိုးလေးစားရှိကြောင်း ဗုဒ္ဓကိုယ်တော်တိုင် မဇ္ဈိမနိကာယ်တွင် စေ့စေ့စပ်စပ်ခြုံငုံတင်ပြ ထားသည်ကိုတွေ့နိုင်ပေသည်။ ထိုပုဂ္ဂိုလ်များမှာ (၁) မကောင်းမှုအကုသိုလ်တို့ကို ကျေနပ်ပျော်ရွှင်စွာ လုပ်ဆောင်သူ (၂) မကောင်းမှုဒုစရိုက်များကို မလုပ်ချင်လုပ်ချင် ကြိတ်မှိတ်၍ လုပ်ဆောင်သူ (၃) ကောင်းမှုကုသိုလ်တို့ကို မလုပ်ချင်လုပ်ချင် ကြိတ်မှိတ်၍လုပ်ဆောင်သူ နှင့် (၄) ကောင်းမှုကုသိုလ်များကို ကျေနပ်ပျော်ရွှင်စွာ လုပ်ဆောင်သူ ဟူ၍ဖြစ်သည်။ ဤလေးမျိုးဖြင့်ချိန်ထိုး၍ အထက်ပါဥပေက္ခာသမားများသည် အဘယ့်ကြောင့် ဗုဒ္ဓအလိုအရ အထွဋ်အထိပ် ရောက်သူများမဟုတ်ကြသနည်း၊ မည်သို့သောပုဂ္ဂိုလ်မျိုးသည် အထွဋ်အထိပ် ရောက်သူများ ဖြစ်ကြသနည်း ဆိုသည်ကို သိပ်မနက်နဲလှသောဉာဏ်ဖြင့်စဉ်းစား၍ သိရှိနိုင်ကြပေလိမ့်မည်။

အကျွှန်ုပ်သည်လည်း အထွဋ်အထိပ်သို့ ရောက်ချင်သူများတွင် တစ်ယောက် အပါအ၀င်ဖြစ်သည်။ (ခေါင်းဆောင်နေရာနှင့် အထွဋ်အထိပ်သည် ထပ်တူညီမှုမရှိသည်ကို သတိပြုပါ၊)။ မည်သူ့အတွက်မဆို အထွဋ်အထိပ်သို့ သွားရာလမ်းသည် ချောမွေ့ဖြောင့်တန်းနေသည်တော့ မဖြစ်တန်ရာ။ အတက်အဆင်း အကွေ့အကောက်နှင့် အသူရာချောက်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။ အထွဋ်အထိပ်ဟူသောပန်းတိုင်ကို ဥပေက္ခာပြု၍ ငါတော့ ဒီခက်ခဲကြမ်းတမ်းတဲ့လမ်းတွေ မည်းနက်ထူပြောတဲ့ တောတောင်တွေကို မဖြတ်လိုဟု ကျေကျေနပ်နပ် စိတ်ပိုင်းဖြတ်ထားသူများ ရှိနိုင်သည်။ အောင်မြင်မှုပန်းတိုင်ကိုလှမ်းကိုင်လိုလျှက် ဒီခရီးကြမ်းကို ငါမဖြတ်သန်းလို ဟူ၍ အောင်မြင်မှုအတွက် ဖွင့်ပေးထားသောလမ်းကြောင်းကို ဥပေက္ခာပြုထားသော ကြောင်ကြောင်တောင်တောင် အချောင်သမားများလည်း ရှိပေသေးသည်။ ခက်ခဲပင်ပန်းမှု ပြင်းရှခါးသီးမှု ငြူစူငြီးငွေ့မှု တို့ကို ကြိတ်မှိတ်မြိုသိပ်လျက် စိတ်၏မကောင်းမှုသို့ ညွတ်တတ်သောသဘောကို ဆန့်ကျင်၍ အောင်မြင်မှုတစ်ခုအတွက် ခရီးကြမ်းကို အံခဲဖြတ်သန်း နေသူများလည်းရှိသည်။ တစ်တောင်တက်တစ်တောင်ဆင်း တစ်တောဝင်တစ်တောထွက် ခရီးကြမ်းများကို မိတ်ဆွေဖွဲ့လျှက် အခက်အခဲများကို ချမ်းမြေ့ပေါ့ပါးစွာ စိတ်မပင်မပန်း ဖြတ်သန်းနေသူများလည်း အနည်းအားဖြင့် ရှိကြလေသည်။

ဘုရားလောင်းသုမေဓာရှင်ရသေ့သည် ထို အနည်းအားဖြင့်သာ ရှိသော ပုဂ္ဂိုလ်များထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည်။ ဒီပင်္ကရာ မြတ်စွာဘုရားရှင်၏ အထံတော်မှ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းလွန်လျှင် ဘုရားစင်စစ် ဧကန်ဖြစ်မည်ဟူသော နိယတဗျာဒိတ်ကို လက်ခံရယူသောအခါဝယ် သုမေဓာရှင်ရသေ့၏စိတ်ထဲတွင် မနက်ဖြန်သည်ပင် ငါ၏ဘုရားဖြစ်သောနေ့ ဟုခံစားရကြောင်း အဆိုရှိ၏။ ဆိုလိုသည်မှာ ဤမျှရှည်လျား ကြာညောင်းသော အချိန်ကာလအတွင်း၌ လက်ခတ်မလွဲတွေ့ရမည့် ခက်ခက်ခဲခဲဟူသမျှကို ကြည်မြရွှင်လန်းသော စိတ်ဓာတ်အဟုန်တို့ဖြင့် မတုန်မလှုပ် ခဏတဖြုတ် အတွင်း၌ပင် ကျော်လွှား လွန်မြောက်နိုင်မည်ဟု ဘုရားအလောင်းတော် မိမိကိုယ်ကိုမိမိ ယုံကြည်ခံစား နေရခြင်းပင်ဖြစ်သည်။ အမှန်တကယ်လက်တွေ့ တွင်လည်း မရေမတွက်နိုင်သော ဘ၀ပေါင်းများစွာကို သူခံစားသည့်အတိုင်း ကျော်ဖြတ်နိုင်ခဲ့သည်ကို ဇာတ်နိပါတ်တော်များကို လေ့လာခြင်းအားဖြင့် သိရှိနိုင်ပေသည်။ အမှန်တကယ်တမ်းတွင် လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းဟူသော အတိုင်းအတာကာလကို အလွန်တရာ မြန်လှပါသည် ဆိုသောစိတ်ဖြင့် ဖြတ်သန်းကြည့်လျှင်ပင် တဖုတ်လှိုက်လှိုက်နှင့် လွန်စွာပင်မောဟိုက်ရပါသည်။ အဋ္ဌကထာ အဖွင့် ကျမ်းများ၏အလိုအရ တစ်ကမ္ဘာ၏ကြာချိန်သည်ပင် စိတ်မှန်းဖြင့်တွက်ချက်ရ အလွန်ခက်ခဲသည်ကို တွေ့နိုင်သည်။ စပါးကျီတိုက်ကြီးတစ်ခုထဲတွင် မုန်ညှင်းစေ့များကို အပြည့်ထည့်၍ နှစ်ပေါင်း တစ်ရာတစ်ရာကြာလျှင် တစ်စေ့တစ်စေ့ထုတ်ကြည့်ပါ။ စပါးကျီအတွင်းရှိ မုန်ညှင်းစေ့များသာကုန်သွားမည် ကမ္ဘာတစ်ခု၏သက်တမ်းသည် ကုန်ဆုံးဦးမည် မဟုတ်ဟု ဆို၏။ တဖန် ဆင်ပြောင်တမျှကြီးမားကျစ်လျစ်သော ကျောက်တုန်းကြီးကို အလွန်တရာ နူးညံ့သိမ်မွေ့သော ၀ါဂွမ်းစကလေးဖြင့် ပွတ်ပါ ကျောက်တုံးကြီးသာ လုံးပါးပါး၍ ပျောက်ဆုံးသွားမည် ကမ္ဘာကြီးသည်ပျက်စီးဦးမည်မဟုတ်ဟု ဆိုပြန်သည်။

ခေတ်သစ်သိပ္ပံပညာရှင်များ၏ အဆိုအရ ယခုကျွှန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးသည် နောင်နှစ်ပေါင်း သန်းငါးထောင်ကြာလျှင် ပျက်စီးလိမ့်မည်ဖြစ်သည်။ ယခုကမ္ဘာကြီးသည် အိုမင်းရင့်ရော်နေပြီဟု အနှီသိပ္ပံပညာရှင်များကပင်ဆို၏။ သိပ္ပံပညာရှင်တို့အဆိုနှင့် ဗုဒ္ဓကျမ်းဂန် အလိုတို့ကို ချိန်ညှိတွက်ချက်ကြည့်လျှင် ယေဘုယျတူညီချက်များကို အံ့ဩဖွယ်ရာ တွေ့ရှိနိုင်ပေသည်။ ဤဘဒ္ဒကမ္ဘာတွင် ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဟူသော ဘုရားလေးဆူ ပွင့်ပေါ်တော်မူပြီးပြီဟု ဗုဒ္ဓကျမ်းဂန်များက ဆို၏။ တဖန်ဤကမ္ဘာ၏ နောက်ဆုံးဘုရားတစ်ဆူအနေဖြင့် အရိမေတ္တေယျမည်သော ဘုရားတစ်ဆူ ပွင့်ပေါ်တော်မူလိမ့်ဦးမည်ဟုဆိုပြန်၏။ ဘုရားငါးဆူ ပွင့်ရန်ရှိသော ဤကမ္ဘာမြေကြီးသည် လေးဆူပွင့်ပေါ်တော်မူပြီးပြီဆိုလျှင် အိုနေပြီဆိုသည်ကို ခန့်မှန်း၍ရနိုင်သည်။ သို့ဆိုလျှင် ယခုနှစ်မှစ၍ရေတွက်သော် နောင်နှစ်ပေါင်း သန်း (၅၀၀၀) အတွင်း၌ အရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူမည် ဟုဆိုနိုင်ပေသည်။ ထိုမှ တဖန် နှစ်ပေါင်းသန်း (၅၀၀၀) ကြာပြီးနောက် ကမ္ဘာမြေကြီးပျက်စီးမည်ဆိုလျှင် လူအများ အဘယ်နေရာကို အဘယ်ပုံစံဖြင့် နေထိုင်ရှင်သန် ကြမည်နည်း။ ဤအတွက် သိပ္ပံပညာကတိကျသော အဖြေကိုမပေးနိုင်သည့်တိုင် ဗုဒ္ဓကျမ်းဂန်များက ရှင်းလင်းသောအဖြေကို တိတိပပဖော်ပြထားလေ၏။ ဗုဒ္ဓကျမ်းဂန်များ၏ အလိုအရ ကမ္ဘာကြီးပျက်သုံးသည့်အခါ သံသရာတွင် ကြင်လည်ရဦးမည့်သတ္တ၀ါများတွင် မေတ္တာအစရှိသော ဗြဟ္မစိုရ်တရားတို့ကို အားထုတ် ပွှားများသော နတ်လူတို့သည် အထက်ဗြဟ္မပြည်သို့လားရောက်၍ ကျန်သော သတ္တ၀ါတို့၏ ဘ၀သည် မိမိတို့ဆိုင်ရာဘုံဌာနနှင့်တကွ ပျက်စီးခြင်းသို့ရောက်ကြရမည် ဖြစ်သည်။ နှစ်ပရိစ္ဆေဒကြာမြင့်ပြီဖြစ်သော ရှေးဟောင်းကျမ်းဂန်များဖြစ်သည့် အတွက် ဒဏ္ဍာရီဆန်သည်ဟုဆိုလျှင် အပြစ်မဆိုသာပါ။ သို့တိုင် ယခုမျက်မှောက်ကမ္ဘာကြီး၏ အဖြစ်အပျက်တို့သည်သာလျှင် ထိုထိုရှေးလူကြီးများ အတွက် ပို၍ပင်ဒဏ္ဍာရီဆန်နေပေလိမ့်မည်မှာ လွဲအံ့မထင်။ ရာစုနှစ်ကိုမဆိုထားနှင့် ဆယ်စုနှစ်ပိုင်းအတွင်း၌ပင် စိတ်ကူးဖြင့်သော်မှ မမှန်းဆနိုင်သော အဖြစ်အပျက်ဆန်းများ အဆက်မပျက်ဖြစ်ပျက်နေသည်မှာ ကျွှန်ုပ်တို့ ကိုယ်တွေ့ပင် ဖြစ်သည်။ တချို့ဆန်းကြယ်သော အဖြစ်အပျက်တို့ကို သဘာဝကဖန်တီး၍ တချို့ကိုမူ လူတို့ကိုယ်တိုင်ဖန်တီးကြ၏။ ဖြစ်နိုင်အံ့မထင်ဟုပင် လူတို့မထင်ထားသော သိပ္ပံစာတန်းများ၊ ဇာတ်လမ်းများ နှင့် ၀တ္ထုများကို အနှီသိပ္ပံပညာရှင်များ ဖန်တီးထားကြောင်း ကျွှန်ုပ်တို့တွေ့နိုင်ပေသည်။ ဒဏ္ဍာရီကိုပင် အနာဂါတ်ဖြစ်အောင် တီထွင်ထားသော ဤသိပ္ပံခေတ်ကြီးတွင် သမိုင်းကိုဒဏ္ဍာရီဟုဆိုကာ ပစ်ပယ်သော ပုဂ္ဂိုလ်များသည် ဖွင့်ထားသော နှလုံးသားမရှိသည့် အပေါ်ယံသမားများပင် ဖြစ်ပေလိမ့်မည်။ ထိုသူတို့၏နှလုံးသားသည် အရာရာတိုင်းကိုလက်မခံနိုင်သောကြောင့် ဖွင့်ထားသောနှလုံးသားမရှိရကား အပေါ်ယံ သမားများပီပီ ဘ၀၏အနှစ်သာရကို နှလုံးသားဖြင့်ခံစားနားလည်နိုင်ဦးမည်မဟုတ်ချေ။ ဤကမ္ဘာမြေကြီးကို လူတို့၏ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်တို့ဖြင့် တွေ့ထိခံစားနားလည်းခြင်း သည်ပင် ဘ၀ဖြစ်သည်ဟု ဗုဒ္ဓအဘိဓမ္မာကဆို၏။ လူတို့ပိုင်ဆိုင်သည့် ထိုခြောက်ပါးသော အစိတ်အပိုင်းများ၌လည်း စိတ်သည်သာလျှင် ပဓာနအချုပ်ဟုဆို ပြန်၏။ အဘိဓမ္မာအလိုအရ ထိုစိတ်၏မှီရာသည် နှလုံးသားဖြစ်၏။ သို့ဆိုလျှင် လူသားတို့၏နှလုံးသားနှင့် ကမ္ဘာမြေကြီး၏သဘာဝတို့သည် အဆက်အသွယ် ရှိနေကြသည်ဟု ဆိုနိုင်ပေသည်။ သည့်အတွက်ကြောင့် ကမ္ဘာမြေကြီးကိုနားလည်ဖို့ ကျွှန်ုပ်တို့၏ဘ၀ကို ကျွှန်ုပ်တို့ကိုယ်တိုင် နားလည်ဖို့ ဦးစွာပထမ ကြိုစားရပေဦးမည်။ ဘ၀ကိုနားလည်ခြင်းဟူသည် အမှန်မြင်ဝါဒဟုဆိုအပ်သော ယောနိသောမနသိကာရဖြင့် မိမိဖြစ်ရာဘ၀ကို နားလည်းပေးခြင်းပင်ဖြစ်၏။

ဤသို့ဤနှယ် ဘ၀ကိုနားလည်သွားပြီဆိုလျှင် ကမ္ဘာကြီးကိုသာမက စကြ၀ဠာတစ်ခုလုံးကိုပါ နားလည်ရန် မခက်ခဲတော့ပေ။ ယခုဆိုလျှင်သိပ္ပံပညာရှင်များသည် စကြ၀ဠာအတွင်းရှိ ဂြိုလ်ကမ္ဘာများကိုနားလည်ရန် အာကာသအတွင်းသို့ ဂြိုလ်တုများလွှတ်တင်၍ စမ်းသပ်မှုများ ပြုလုပ်လျှက်ရှိကြသည်။ ယခုအချိန်အထိတိုင် လကမ္ဘာနှင့်အင်္ဂါဂြိုလ်အကြောင်းကိုသာလျှင် အနည်းငယ်မျှနားလည်ထားကြလေသည်။ ဤတွင်သိပ္ပံပညာရှင်များ အကြံဖြစ်မိသည်မှာ အိုမင်းရင့်ရော်လာနေမှုကြောင့် ကမ္ဘာမြေကြီးပျက်စီးသွားပြီဆိုလျှင် အင်္ဂါဂြိုလ်ပေါ်သို့လူသတ္တ၀ါ များပြောင်းရွှေ့နေထိုင်ရန်ဖြစ်သည်။ အင်္ဂါဂြိုလ်ပေါ်တွင် ရေရှိသည်၊ သက်ရှိများ နေထိုင်ရှင်သန်ခဲ့ဖူးသည်ဟုယူဆရသည်၊ ၄င်း၏တည်နေပုံသည် ကမ္ဘာမြေကြီးနှင့် ဆင်တူသည်ဟုဆိုကာ ကမ္ဘာမြေကြီးပျက်စီးလျှင် အဆိုပါဂြိုလ်ပေါ်၌နေထိုင်ရန်အကြံဖြစ်မိ ကြခြင်းဖြစ်သည်။ သို့သော်ဂြိုလ်ကမ္ဘာပေါင်း ကုဋေသိန်းသောင်းမကရှိသော နဂါးငွေ့တန်း ဂလက်ဆီထဲတွင် ကမ္ဘာမြေနှင့် အနေအထားလုံးဝချွှတ်စွပ်တူသော ဂြိုလ်ကမ္ဘာရှိနေလျှင် လူသားများအတွက် အင်္ဂါဂြိုဟ်ထက်ပို၍သင့်တော်ပေလိမ့်မည်။ ဤသည်ကိုတွက်ချက်မိသော သိပ္ပံပညာရှင်တို့သည် ထိုကဲ့သို့သော လူသားများအတွက် အဆင်ပြေမည့် ဂြိုဟ်မျိုးကို ရှာဖွေရန်ဆွေးနွေးကြပြန်သည်။ အထက်တွင်ပြဆိုခဲ့သည့်အတိုင်း လူသားတို့နေထိုင်ရာ ကမ္ဘာဂြိုဟ်ပါဝင်သော နေအဖွဲ့အစည်း (solar system) မှ အပ နဂါးငွေ့တန်း ဂလက်ဆီထဲတွင် ဂြိုဟ်ပေါင်းမရေမတွက်နိုင်အောင်ရှိ၏။ ထိုဂြိုဟ်ကမ္ဘာများသို့ ရောက်အောင်သွားရန်မှာလည်း ကမ္ဘာ့အမြန်ဆုံး အကာသလွန်းပြန်ယာဉ်ဖြင့် သွားလျှင်ပင် နှစ်ပေါင်းနှစ်သောင်းခန့် ကြာမည်ဖြစ်သည်။ ဤတွင် လက်ရှိကမ္ဘာမြေကြီးပျက်စီးသွားလျှင် လူသားများနေထိုင်ရန် အာကာသအတွင်း ကမ္ဘာသစ်ရှာဖွေရေးစီမံကိန်းမှာ မှေးမှိန်သွားတော့၏။ နောက်ဆုံးတွင် ကမ္ဘာသစ်ရှာဖွေရေးတွင် ပါဝင်သူ သိပ္ပံပညာရှင်များကိုယ်တိုင်က တကယ်တမ်းတွင် ကျွှန်ုပ်တို့သည် ကျွှန်ုပ်တို့နေထိုင်ရာ မိခင်ကမ္ဘာမြေကြီးကိုပင် အပြည့်အ၀နားမလည်သေးပါ။ ထို့ကြောင့် ကမ္ဘာမြေကြီးပြင်ပရှိ အခြားအခြားသော ဂြိုဟ်ကမ္ဘာများကို မစုံစမ်းမီ ဤကမ္ဘာမြေကြီးကိုပင် လုံးလုံးလျားလျားနားလည် အောင်ဦးစွာပထမ ကြိုးစားရပါဦးမည်ဟု ၀န်ခံသွားရှာလေသည်။

ဘ၀ကိုနားလည်လျှင် ကမ္ဘာကြီးကိုသာမက စကြ၀ဠာတစ်ခုလုံးကိုပင် နားလည်နိုင်သည်ဟု အထက်တွင်ဆိုခဲ့ပြီ။ ထို့ကြောင့် နောင်တစ်ချိန်ချိန်တွင် အနှီသိပ္ပံပညာရှင်များကပင် ကမ္ဘာကြီးကိုနားလည်ဖို့ ကျွှန်ုပ်တို့ကိုယ်ကို ကျွှန်ုပ်တို့နားလည်အောင် အလျင် ကြိုးစားရပါဦးမည်ဟု ၀န်ခံရလိမ့်ဦးမည်ကို မြင်ယောင်နေမိပါသည်။ ဤအဖြစ်အပျက်သည် သံယုတ္တနိကာယ် ရောဟိတဿသုတ် တွင်ဖော်ပြထားသော ရောဟိတဿရဟန်း၏ အဖြစ်အပျက်နှင့် ဆင်တူလှပေသည်။ မြတ်စွာဘုရားရှင် လက်ထက်တော်က ရောဟိတဿအမည်ရှိသော ရဟန်းတစ်ပါးသည် စကြ၀ဠာ၏အဆုံးကို သိရှိလိုသောအာသီသ လွန်စွာပြင်းပြလာရကား မိမိ၏ဈာန် အဘိညာဉ် ကိုအသုံးပြု၍ တစ်စက္ကန့်လျှင် ဂြိုဟ်ကမ္ဘာအလုံးငါးဆယ် နှုံးဖြင့် အချိန်အတန်ကြာ အလွန်လျင်မြန်စွာ လှည့်လည်ဖြတ်သန်းသွားလာပါသော်လည်း စကြ၀ဠာ၏အဆုံးကို မရောက်နိုင်ရှိလေ၏။ စကြ၀ဠာအဆုံးကို ရှာခြင်းငှာ မတတ်နိုင်သည့် အဆုံးတွင် ကမ္ဘာဂြိုဟ်ပေါ်ရှိ ပညာရှိဟုနာမည်ကျော်ကြားသော ဗုဒ္ဓ အထံတွင် စကြ၀ဠာ၏ အဆုံးကို မေးလျှောက်လေ၏။ ဤတွင် ရောဟိတဿရသေ့အား ဗုဒ္ဓရှင်တော်မှ ဥပမာပေးဆုံးမပုံမှာ အလွန်သဘောကျ နှစ်ခြိုက်ဖွယ်ရာကောင်းလှ ပေသည်။ စကြ၀ဠာ၏အဆုံးကို မပြောမီ ဗုဒ္ဓက ရောဟိတဿ ရသေ့အား ဥပမာပေးပုံမှာ “လှေသင်္ဘောတို့ဖြင့် သမုဒ္ဒရာအပြင်၌ ကုန်သွယ်မှုကိုပြုလုပ်ကြသော ရောင်းဝယ်ရေးသမားတို့သည် သမုဒ္ဒရာအတွင်း၌ လမ်းပျောက်သော အခါဝယ် ခိုငှက်တို့ကိုအသုံးပြု၍ နားခိုမှီတွယ်ရာကျွှန်းကို ရှာဖွေသော ဓလေ့ထုံးစံရှိကြ၏။ လှေသင်္ဘောမှ စေလွှတ်လိုက်သော ခိုငှက်တို့သည် နားခိုစရာကျွှန်းကို မတွေ့လျှင် စေလွှတ်လိုက်သော သင်္ဘောပေါ်ရှိသခင့်ထံသို့ ပြန်၍လာရမြဲဖြစ်၏။ ဤအတူပင် သင်ရသေ့သည်လည်း အာကာသအတွင်း၌ လှည့်လည်၍ စကြာဝဠာ၏အဆုံးကိုရှာမရသည်တွင် ဤကမ္ဘာဂြိုဟ်ပေါ်သို့သာ တဖန်ပြန်၍လာရသည် မဟုတ်ပေတကား“ ဟု ဆိုဆုံးမလေ၏။ ထို့နောက် စကြ၀ဠာ၏အဆုံးကိုဆက်၍ ဟောကြားသည်မှာ “ချစ်သား ရောဟိတဿ လောကီဈာန်အဘိညာဉ်ကို အသုံးပြု၍ အာကာသအတွင်း လှည့်လည်ကာမျှဖြင့် စကြ၀ဠာ၏အဆုံးကို မရောက်နိုင်။ အမှန်အားဖြင့် သင်သည် စကြ၀ဠာ၏အဆုံးကို တွေ့လိုလျှင် သင်၏တစ်လံမျှသာရှိသော ခန္ဓာကိုယ်အတွင်း၌သာ ရှာရမည်“ ဟု မိန့်ဆိုလေ၏။ ဤသည်မှာ ဘ၀ကိုနားလည်လျှင် ကမ္ဘာကြီးကိုသာမက စကြ၀ဠာတစ်ခုလုံး ကိုပါနားလည်နိုင်သည်ဟူသော အဆိုအတွက် ခိုင်လုံသော အထောက်အထားဖြစ်တော့၏။

ဤသို့ဖြင့် သိပ္ပံကိုသာလျှင် တစ်ခုတည်းသော ဘ၀အကျိုးပြုကိရိယာအဖြစ် အထင်ကြီးအားထားသော၊ ဗုဒ္ဓအဆုံးအမ ဘ၀လမ်းပြစာပေတို့မှ ဝေးကွာနေသော ခေတ်လူငယ်တို့အတွက် ဗုဒ္ဓ၏ ဘ၀အောင်မြင်ရေး လမ်းညွှန်ချက်ကို သိပ္ပံ၏တွေ့ရှိချက်တို့နှင့် နှိုင်းယှဉ်၍ အကျိုးမြင်မည်ထင်သောကြောင့် သဘာဝကျကျ တင်ပြလိုက်ရပေသည်။ မှန်ပေသည်၊ ခေတ်လူငယ်တို့သည် ဘ၀နှင့်ပက်သက်လာလျှင် ခံစားချက်မလေးနက်ဘဲ သိပ္ပံပညာသာလျှင် ဘ၀၏ပြဿနာ အဖြာဖြာကို လက်တွေ့ကျကျ ဖြေရှင်းပြနိုင်သည်ထင်ကြသည်။ သိပ္ပံပညာဖြင့် ပြဿနာတစ်ခုဖြေရှင်းပြီးတိုင်း ပထမရေလှိုင်းပင် ကမ်းစပ်မရောက်သေးခင် နောက်တစ်လှိုင်း ထပ်ဆင့် ဆိုသကဲ့သို့ မီးခိုးကြွက်လျှောက်ပြဿနာများ တစ်လွှားလွှားပေါ်ပေါက် ချုပ်ပျောက်နေသည်ကို အများသိရှိကြပြီးဖြစ်သည်။ အသစ်အသစ်ရောက်ရှိလာသော ဘ၀ပြဿနာများသည် အဆင့်မြင့်မြင့်ပြဿနာများ ဖြစ်ကြသည်ကိုလည်း သတိထားမိကြမည်ထင်သည်။ ထို့ကြောင့် သိပ္ပံပညာက မဖြေရှင်းနိုင်သော ပြဿနာအများအပြား မရေမတွက်နိုင်အောင် ရှိခဲ့ကြလိမ့်ဦးမည်ဖြစ်သည်။ စိန်ခေါ်မှုအသစ်အသစ်တို့သည် ဖြေရှင်း၍မဖြစ်နိုင်သည့် အခြေအနေသို့ပင် ရောက်ရှိလာတော့မည်ဖြစ်သည်။ ကမ္ဘာကြီးပျက်သုဉ်းပြာကျမည့်အနာဂါတ် ကာလသည် ထိုအချိန်အခါကို စောင့်ကြို၍နေလေသည်။ ABC news, FOX news ကဲ့သို့သော တစ်ချို့သော သီတင်းဌာနများက လာမည့် 2012 တွင်ပင် ကမ္ဘာကြီးဆုံးခန်းတိုင်တော့မည်ဟု ဟောကိန်းထုတ်နေကြလေပြီ။ ဤသို့ဆိုခြင်းအားဖြင့် ဗုဒ္ဓ၏လမ်းညွှန်ချက်များသာလျှင် ကမ္ဘာလောကကြီးတစ်ခုလုံးရှိ လူသားအားလုံးတို့၏ ဘ၀ပြဿနာအားလုံးကို ချွှင်းချက်မရှိ ဖြေရှင်းနိုင်ဘိ၏ ဟု မဆိုလို။ ဘ၀ရှင်တစ်ဦးစီ၏ အကျင့်စရိုက်ကိုလိုက်၍သာလျှင် ဖြေရှင်းနိုင်မရှင်းနိုင် ဆုံးဖြတ်နိုင်မည်ဖြစ်သည်၊ မှန်၏။ ဗုဒ္ဓ၏ဘ၀လမ်းညွှန်ချက်များကို ယုံကြည်ခံစားလိုသော သဒ္ဓါစရိုက်မရှိလျှင် ထိုလမ်းညွှန်ချက် များသည် ထိုသူ့အတွက် အချည်းအနှီးသက်သက်ပင် ဖြစ်ပေလိမ့်မည်။ မည့်သို့ဆိုစေ သူ့ဘ၀ပြဿနာကို သူကိုယ်တိုင် နည်းလမ်းမှန်မှန်ဖြင့် ဖြည့်ကျင့်၍ ဖြေရှင်းနိုင်လျှင် သူ့ကုသိုလ်အလျောက် သူ့ကမ္ဘာသည်လည်း ငြိမ်းချမ်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘ၀အတွက် သံသယတို့ဖြင့် ပညာကိုအသုံးမချမီ သဒ္ဓါတရားကို ဦးစွာပွားများစေချင်သည်။ ဗုဒ္ဓ၏ကိုယ်ကျင့်တရားနှင့် သူ၏တရားစကားများသည် အစ၊အလယ်၊အဆုံး သုံးပါးလုံး၏ ကောင်းခြင်းနှင့် ပြည့်စုံ၍ ယုံကြည်မှုသဒ္ဓါတရား တိုးပွာစေနိုင်လောက်အောင်လည်း အဆင့်အတန်းရှိလှပေသည်။ ဤသို့ဖြင့် ခံစားတတ်သော သဒ္ဓါနှလုံးသားကို တည်ကြည်လေးနက်သောပညာတရားဖြင့် ထိန်းကျောင်းနိုင်သော ပုဂ္ဂိုလ်တို့သည် ဗုဒ္ဓအလိုတော်အရ လက်တွေ့ကျကျသာမက သိပ္ပံနည်းအလွန်ပါ ဘ၀ကို ကိုယ်စီကိုယ်ငှ ခံစား နားလည်နိုင်ကြ၍ အောင်မြင်မှု ပန်းတိုင် ကို လှမ်းကိုင်နိုင်မည်ဖြစ်တော့သည်။

ဆက်ဖတ်မယ်

Blogger template 'CoolingFall' by Ourblogtemplates.com 2008